မြစ်ကြီးနားမြို့တွင် ကုန်စျေးနှုန်းေတွ မသိမသာ ကျဆင်းလာပေမယ့် အရင်ဈေးနှုန်းပြန်မရောက်နိုင်တော့
1 December 2023 – Kachinwaves
နိုဝင်ဘာလ ၁၆ ရက်နေ့ကစတင်ပြီး စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ရေးအခြေအနေတွေအရ မြစ်ကြီးနား – မန္တလေး – ရန်ကုန်သွားလမ်းဖြစ်တဲ့ ပြည်ထောင်စုကားလမ်းမကြီးပေါ် သွားလာဖို့ ယာယီပိတ်ပင်ခဲ့တဲ့နောက် ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ ရက်ပိုင်းအတွင်းကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုဂယက် ကြုံခဲ့ရပါတယ်။
ကားလမ်းပိတ်တယ်ဆိုတဲ့ သတင်းကြောင့် မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ဈေးတက်သွားတာကို တွေ့ရပါတယ်။ မြစ်ကြီးနားဥဆိုပြီး ရောင်းနေကြတဲ့ ကြက်ဥတွေကအစ ကုန်ကားတွေမရောက်လို့ပါဆိုတဲ့ခေါင်းစဥ်နဲ့ ဒိုင်တွေကတဆင့်ခွဲတမ်းချပေးပြီး အဆမတန်စျေးတင်ရောင်းခဲ့ကြပါတယ်။ လက်လှမ်းမီသလောက် ရရှိတဲ့ အချက်အလက်တွေအရ ကားလမ်းစပိတ်ပြီး ၃ ရက်မြောက် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကုန်စျေးနှုန်းတွေ စတင်ထိုးတက်ခဲ့တာကိုတွေ့ရပါတယ်။
ခရမ်းချဥ်သီးတစ်ပိဿာ ၅၀၀၀ ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၄၀၀ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ ခရမ်းချဥ်သီးတစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာ ၃၀၀၀၀ ကျပ်နှင့် ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်အထိ ရက်ပိုင်းအတွင်းမှာပဲ ကုန်စျေးနှုန်းတွေ တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ပါတယ်။
အခြေခံစားသောက်ကုန်တွေအပြင် စက်သုံးဆီစျေးနှုန်းတွေဟာလည်း အချိန်ကိုက် လိုက်တက်ခဲ့ပါတယ်။ ဆီပြတ်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စျေးတင်ရောင်းကြပြီး လိုသလောက်မရောင်းပေးတာ ခွဲတမ်းချရောင်းပေးတဲ့အပြင် အချို့ဆီဆိုင်တွေဆိုရင် ယာယီပိတ်ပြခဲ့ပါသေးတယ်။
ကုန်စျေးနှုန်းမြင့်တက်မှုရဲ့ဂယက်ဟာ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအပြင် တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေရဲ့လုပ်ငန်းပေါ် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အဲ့လိုထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်လာစေတဲ့အပေါ် တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ကိုင်နေတဲ့အမျိုးသားတစ်ဦးက ယခုလိုပြောပြပါတယ်။
”ကျနော် အခုဈေးရောင်းနေတာ ဈေးတွေက ပိုပိုတက်လာတာပေါ့နော်။ အဲဒါကြောင့် ဈေးရောင်းရတာလည်း အဆင်မပြေပါဘူး။ ညဆိုရင်လည်း အကင်တွေဘာတွေရောင်းတယ်။ အခုဆိုရင် ကျနော့် မိန်းမ ကလေးမွေးထားတယ်။ စီးပွားရေးက မကောင်း၊ ဝယ်စားတဲ့လူဆိုရင် အရင်တုန်းက သုံးပုံကနေ တစ်ပုံလောက်ပဲအခုက ရောင်းရတယ်။ အရင်တုန်းက ဟင်းထုပ်တစ်ထုပ်ကို တစ်ထောင်ရောင်းတယ်။ အခု နှစ်ထောင်ရောင်းနေရတယ်ဆိုတော့ ဝယ်စားတဲ့သူလည်း ပါးလာပြီလေနော်။ ဟိုတစ်ရက်ကနေဆိုရင်တော့ အခုငါးပြတ်တာ သုံးရက်လောက်ရှိနေပြီ။ ငါးဒိုင်ဆီမှာ ငါးလေးသွားရှာလာခဲ့တာ ငါးလည်း မရလာခဲ့ဘူး။ ငရုပ်သီးဆိုရင်လည်း ဈေးကြီးတယ်။ ခရမ်းချဉ်သီးဆိုရင်လည်း ဒီမနက်သွားဝယ်ကြည့်တာ တစ်ပိဿာတစ်သောင်းတဲ့၊ အဲဒါကြောင့် ဒီအဆာပလာဖိုးတွေနဲ့တောင်မှ အရမ်းဟိုဟာဖြစ်နေပြီလေ။ အဲဒါကြောင့် အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့။”
စစ်ကိုင်း – ကချင် ပြည်ထောင်စုလမ်းမကြီးကို ယာယီပိတ်ထားခဲ့ပေမဲ့ နိုဝင်ဘာလ၂၃ ရက်နေ့မှာပဲ လမ်းမကြီးကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ ကုန်တင်ကားတွေအပြင် ခရီးသည်တင်ကားတွေပါ ပြန်လည်ပြေးဆွဲနေပြီဖြစ်ပေမဲ့ တက်ပြီးသားကုန်စျေးနှုန်းတွေကတော့ ကျဆင်းမလာခဲ့သေးပါဘူး။
ကုန်တင်ကားတွေ ရောက်လာပေမဲ့ ကုန်စျေးနှုန်းတွေ မကျဆင်းနိုင်သေးတဲ့အကြောင်းရင်းကို လက်ရှိစျေးရောင်းနေတဲ့ စျေးသည်တစ်ဦးကိုမေးမြန်းခဲ့ရာမှာတော့ ကုန်ကားတွေဟာ လမ်းခရီးကြန့်ကြာမှုကြောင့် မြို့ပေါ်ရောက်ရှိလာချိန်မှာ ကုန်စိမ်းတွေ ပုပ်သိုးပျက်စီးခဲ့ရတာကြောင့်လို့ ဆိုပါတယ်။
ပွင့်လင်းရာသီဖြစ်လာတဲ့အပြင် ကုန်ကားတွေပါပြန်လည်ပြေးဆွဲနေပီဖြစ်တဲ့နောက်မှာတော့ မြစ်ကြီးနားမြို့ရဲ့ကုန်စျေးနှုန်းတွေဟာ မသိမသာလေးပြန်လည်ကျဆင်းစပြုလာပါတယ်။
သို့ပေမဲ့ လက်ရှိကုန်စျေးနှုန်းတွေထက် မူလကုန်စျေးနှုန်းထိကျဆင်းစေဖို့ ဒေသခံလူထုကလိုလားနေကြပါတယ်။