ဗဟိုကိုကာပြီး စစ်ရေးလည်မျို ညှစ်နေတဲ့ KIA ရဲ့ စစ်ဆင်ရေး
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
19 March 2024 – Kachinwaves
KIA အရှိန်မြင့်လိုက်တဲ့ စစ်ဆင်ရေးကြီးဟာ အခုဆိုရင် ဆယ့်သုံးရက်ရှိလာပြီဖြစ်ပြီး ဒီအတောအတွင်းမှာ KIA၊ KPDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ရဲ့ စခန်းအကြီးအသေး ၃၀ ကျော်ကို သိမ်းယူထားနိုင်ပြီ ဖြစ်ပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြစ်ကြီးနား – ဗန်းမော်ကားလမ်းကြောတစ်လျှောက်က တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဒီစစ်ဆင်ရေးအတွင်းမှာ ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန်စစ်တုန်းက လက်လွတ်လိုက်ရတဲ့ KIA ရဲ့ စစ်စခန်းတွေအပါအဝင် နှစ်ပေါင်းဆယ်နဲ့ချီ စစ်တပ်ထိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းတွေပါ ရရှိထားတာပဲ ဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့က စစ်ဆင်ရေးမျက်နှာစာ တပြိုင်နက်တည်း ဖွင့်ခဲ့တဲ့ တောင်ကုန်းစခန်းတွေဟာ KIO ဌာနချုပ်၊ လိုင်ဇာမြို့ကနေ ငါးမိုင်နဲ့ ဆယ်မိုင်ကြားမှာသာတည်ရှိပြီး ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန်စစ် မတိုင်ခင်ကာလက KIA အထိုင်ချခဲ့တဲ့ စစ်ရေးဗျူဟာမြောက် အရေးကြီးတဲ့တောင်ကုန်းစခန်းတွေ ဖြစ်ပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်အတွင်း စစ်တပ်ဘက်က လေကြောင်းအပြင် လူလှိုင်းစစ်ဆင်ရေးတွေအသုံးပြုပြီး လနဲ့ချီအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် လက်လွတ်ခဲ့ရတဲ့ စခန်းကုန်းတွေဖြစ်တဲ့ ခယာတောင် (Hka Ya Bum)၊ ဘွမ်ရဲတောင် (Bum Re Bum)၊ ဖွန်းပျဲန်တောင် (Hpun Pyen Bum)၊ အင်တပ်တောင် (Ntap Bum) စတဲ့စခန်းကုန်းကြီးတွေနဲ့ ကာကင်းစခန်းတွေကို KIA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ယူခဲ့တာ ဖြစ်ပါတယ်။
အဆိုပါစခန်းကုန်းတွေဟာ ယခင်အစိုးရစစ်တပ်၊ လက်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေဖြစ်တဲ့ စကခ ၇၊ စကခ ၂၁ နဲ့ တပ်မ ၆၆ တို့ရဲ့ လက်အောက်ခံ တပ်ရင်းတွေက စစ်သည်အင်အား၊ လက်နက်အင်အား အလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် လက်လွတ်ခဲ့ရတဲ့ စခန်းတွေဖြစ်ပါတယ်။ အဲဒီစခန်းတွေကို ယခု ၂၀၂၄ ခုနှစ် နွေဦးတော်လှန်ရေး သုံးနှစ်ကျော်လာတဲ့ အခါမှာတော့ အဆိုပါစခန်းကုန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တစ်ပတ်ကျော်အတွင်းမှာ ပြန်လည်ရရှိလိုက်တာ ဖြစ်ပါတယ်။
စစ်ဆင်ရေးစတင်ပြီး ဒုတိယမြောက်နေ့မှာတော့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်က ဒေါ့ဖုန်းယန်မြို့ အခြေအစိုက် ခလရ ၁၄၂ တပ်ရင်း လက်နက်ချခဲ့ပါတယ်။ မြို့ကိုထိန်းချုပ်ထားတဲ့ တပ်ရင်းက လက်နက်ချခဲ့တာကြောင့် ဒေါ့ဖုန်းယန်မြို့ဟာ KIA ရဲ့ ထိန်းချုပ်ဧရိယာထဲ ပါဝင်သွားပြီ ဖြစ်ပါတယ်။
မတ်လ ၁၄ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမောက်မြို့နယ်၊ ဒါဆိုင်းကျေးရွာမှာရှိတဲ့ ဒါဆိုင်းစစ်စခန်းကလည်း ဗျူဟာကျတဲ့စခန်းကုန်းဖြစ်ပြီး စခန်းရဲ့တည်နေရာ အနေအထားဟာ တောင်ကုန်းထူထပ်တဲ့နေရာမှာ တည်ရှိပါတယ်။
မတ်လ ၁၇ ရက်နေ့ကလည်း မိုးမောက်မြို့နယ်အတွင်း ကျရောက်တဲ့ ဒေသအခေါ် ဂေါ်ရီကရုံ (Gauri Krung) ဒေသရှိ စစ်ကောင်စီရဲ့ တပ်စခန်းကြီးစခန်းငယ် စုစုပေါင်း (၇) ခုကို တစ်ရက်တည်းမှာပဲ သိမ်းပိုက်ရရှိခဲ့ပါတယ်။ အဆိုပါ တပ်စခန်းတွေကတော့ ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန်စစ်ရဲ့ စနက်တံ စဖွင့်ခဲ့တဲ့ တာပိန်ရေအားလျှပ်စစ် စက်ရုံအနီးမှာရှိတဲ့ ဆန်ဂန် (Sang Gang) တပ်စခန်းအပါအဝင် ဖကောန် (Hpakawn)၊ မန်ဒါ (Man Da)၊ အိုခရိန်ဘွမ် (U Hkring Bum)၊ ဘွမ်ကပေါ်ဘွမ် (Bum Kapaw Bum)၊ ဘွမ်ဆဲန်ဘွမ် (Bum Sen Bum)၊ ခလုံကရုံ (Hka Lung Krung) စတဲ့စခန်းတွေပါ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စခန်းတွေဟာ KIA တပ်မဟာ (၃) နယ်မြေအတွင်းက တပ်စခန်းတွေဖြစ်ပြီး ကချင်တကျော့ပြန်စစ်မှာ လက်လွတ်ခဲ့ရတဲ့ KIA ရဲ့ တပ်စခန်းတွေ ဖြစ်ကြောင်း သိရပါတယ်။ မတ် ၁၉ ရက်နေ့မှာလည်း မိုးမောက်မြို့နယ်အတွင်းက တပ်စခန်းတွေဖြစ်တဲ့ ကိုင်ထွမ်ဘွမ် (Kai Htum Bum)၊ နမ်ဂင်ရီဘွမ် (Nam Gin Ri Bum) နဲ့ ဘွမ်နွယ်ဘွမ် စတဲ့စခန်းတွေကို KIA က ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။
အဆိုပါအနေအထားဟာ မိုးမောက်မြို့ကနေထွက်လာရင် မိုးမောက်နဲ့ လွယ်ဂျယ်ကားလမ်းရဲ့ ဘယ်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA က ဆက်တိုက် သိမ်းယူခဲ့တာကို တွေ့ရပါတယ်။
ဒီစစ်ဆင်ရေးအတွင်းမှာ မြစ်ကြီးနား – ဗန်းမော်လမ်းကြောပေါ်က စခန်းတွေသာမက ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်က စခန်းကြီးတွေကိုပါ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသက ဗျူဟာကျတဲ့စခန်းတွေထဲက တစ်ခုဖြစ်တဲ့ တာမခံဗျူဟာကုန်းကို မတ်လ ၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး တစ်ဆက်တည်းမှာပဲ တာမခံနဲ့ ဖားကန့်လမ်းကြောက ကသိုဏ်းတောင်စခန်းကိုပါ ထပ်မံသိမ်းပိုက်လိုက် ပါတယ်။ ဖားကန့်ဒေသကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ခုအနက် နောက်ဆုံးလမ်းကြောင်းကိုပါ KIA က ထိန်းချုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဖားကန့်ဒေသရဲ့ ဝင်လမ်းထွက်လမ်းကို KIA က ပိတ်ဆို့ပြီး ထိန်းချုပ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးပြုလုပ်နေတဲ့ ဒေသဟာ KIA တပ်မဟာ (၁) နယ်မြေ၊ ကချင်ပြည်နယ်ရဲ့ မြောက်ဖျားပိုင်းအတွက် အရေးပါတဲ့ ကားလမ်းကြီးပေါ်ရှိ ဆွမ်ပရာဘွမ်မြို့နယ်မှာ ဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်မြို့ ရဲစခန်းနဲ့ မြို့ကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကိုလည်း KIA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ဆွမ်ပရာဘွမ် စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ဒီနေ့အထိ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ မြစ်ကြီးနားနဲ့ ပူတာအို ကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ကားလမ်းမကြီးပေါ်မှာ တည်ရှိတာကြောင့် စစ်ကောင်စီဟာ ဆွမ်ပရာဘွမ် ဗျူဟာကုန်း လက်မလွတ်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန်အသုံးပြုပြီး ဗုံးရာနဲ့ချီ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် မနေ့ကနေစပြီး KIA တပ်မဟာ (၂) တနိုင်းမြို့နယ်အတွင်းမှာလည်း စခန်းသိမ်းတိုက်ပွဲတွေစလာတာကို တွေ့ရပါတယ်။ လက်ရှိကာလမှာ ကချင်ပြည်နယ်နေရာအနှံ့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်ပြီး ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ပေါ်က ပြည်သူတွေပါ တိုက်ပွဲရဲ့ အငွေ့အသက်တွေကြောင့် ထိတ်လန့်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ လက်ရှိစစ်ဆင်ရေးအပါအဝင် ၂၀၂၄ နှစ်စကတည်းက KIA ဖော်ဆောင်နေတဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေရဲ့ ရလဒ်အနေနဲ့ မြင်တွေ့ရတာကတော့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှာ KIA ရဲ့ ထိန်းချုပ်ဧရိယာတွေ တဖြည်းဖြည်းကျယ်ပြန့်လာပြီး စစ်ကောင်စီရဲ့ ကုန်းလမ်းထောက်ပို့ရေး လမ်းကြောင်းတွေလည်း နည်းတစ်ထက်နည်းလာတာကို တွေ့ရပါတယ်။ လတ်တလော စစ်ဆင်ရေးကို ခြုံကြည့်လိုက်ရင် ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန်စစ်ကြောင့် လက်လွတ်ခဲ့ရတဲ့ တောင်ကုန်းစခန်းတွေကို KIA က တစ်စတစ်စ ပြန်လည်တိုက်ယူနေပြီး စစ်ရေးအရ အရေးပါတဲ့ အခြားလမ်းကြောင်းတွေကို ဖြတ်တောက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကို တွေ့မြင်နေရပါတယ်။