ပြည်သူ့နှလုံးနဲ့ ဒရုန်းကြောင့် ရှုံးနေတဲ့ စစ်ကောင်စီ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
5 December 2023 – Kachinwaves
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက စခန်းတွေကို လက်လွတ်လိုက်ရတာဟာ ရန်သူ့ဘက်က နည်းပညာသာလွန်မြင့်မားတဲ့ Drop Bomb နဲ့ ရှော့တိုက်ဒုံးတွေ အသုံးပြုမှုကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ရန်သူဘက်က စစ်သုံးဒရုန်းတွေ အသုံးပြုပြီး Drop Bomb အလုံး နှစ်သောင်းခွဲခန့်နဲ့ လျှော့တိုက်ဒုန်းအလုံး ၁၂၀ နဲ့ ပစ်ခတ်ခြင်း၊ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်ခြင်းတွေကြောင့် စစ်ကောင်စီမိသားစုဝင်တွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအရ စခန်းတွေကို လက်လွတ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲ့ဒီနေ့တစ်ရက်ထဲမှာပဲ ကိုးကန့်ဒေသ၊ ကုန်းကြမ်းအခြေစိုက် အမှတ် (၁၂၅) ခြေလျင်တပ်ရင်းတစ်ခုလုံးဟာ တော်လှန်ရေးအဖွဲ့တွေထံ အလံဖြူထောင် လက်နက်ချခဲ့ပါတယ်။ အလံဖြူထောင်ခဲ့တဲ့စခန်းမှာ ဂျမ်ပါ (ခေါ်) ဒရုန်းပျံသန်းမှုကို ကြားဖြတ်ပေးတဲ့စနစ်တွေ အခိုင်အမာတပ်ဆင်ထားပြီး ရဟတ်ယာဉ်ကွင်းပါ တည်ဆောက်ထားတာကို လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်မှာ တွေ့ရှိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးကြပြီး စခန်းတွေလက်လွတ်ခဲ့ကြရတဲ့ အကြောင်းအရင်းက ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စခန်းကုန်းတစ်ခုကိုတိုက်ဖို့ ဒရုန်းအစင်းရေ ၃၀ နဲ့ ၄၀ ကြား အသုံးပြုပြီး၊ ဒရုန်းစစ်ဆင်ရေးတစ်ခုမှာ ဗုံးသီးရာဂဏန်းလောက်အထိ ကြဲချခဲ့တာကြောင့်လို့ ရှမ်းမြောက်စစ်မျက်နှာပြင်ကို ကွပ်ကဲတဲ့ အရာရှိတစ်ဦးဖြေကြားချက်ကို နိုဝင်ဘာ ၁၅ မှာ ထုတ်လွှင့်ခဲ့တဲ့ BBC ရဲ့၁၀၂၇ စစ်ဆင်ရေးမှာ ဒရုန်းနဲ့ ဘယ်လို တိုက်ခိုက်ခဲ့လဲ ဆိုတဲ့ဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ တပ်မမှူးအဆင့် တိုက်ခိုက်ရေးအရာရှိအယောက် (၃၀) ထဲက အမှတ် (၉၉) မုံးကိုးတပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင် သေဆုံးရတဲ့ အကြောင်းအရင်းကလည်း ဒရုန်းနဲ့လက်စွမ်းပြမှုကြောင့်ဖြစ်တယ်လို့ MNDAA က ထုတ်ပြန်ထားပါသေးတယ်။
လောလောလတ်လတ် ဒီဇင်ဘာ ၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက ရွှေငြိမ်းချမ်းစစ်ကောင်စီစခန်းကို နာရီဝက်အတွင်း သိမ်းပိုက်နိုင်တာကလည်း ဒရုန်းစစ်ဆင်ရေးကို တွဲဖက်အသုံးပြုနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ဒီဒရုန်းကလည်းဝဲ၊ အကိုတို့ကလည်းအောက်ကနေ ပိတ်ပစ်နှိပ်ပစ်ဆိုတော့၊ အကိုတို့ကလည်း ပစ်အားကောင်းကောင်း၊ ဒရုန်းကလည်းဝဲဆိုတော့ ဒီကောင်တွေကြောက်ပြီးမှ ခဏလေးခံပစ်ပြီး ပြေးသွားတာ”
နေရာအနှံ့က လက်လွတ်လိုက်ရတဲ့ စခန်းတွေရရှိဖို့ တန်ပြန်ထိုးစစ်ဆင်ရေး ဖော်ဆောင်နိုင်စွမ်းမရှိတော့တဲ့ စစ်ကောင်စီ အသုံးပြုနိုင်တဲ့ တစ်ခုတည်းသော ခုခံစစ်က လေကြောင်းအသုံးပြု တိုက်ခိုက်မှု ဖြစ်ပါတယ်။ လေကြောင်းသတိပေး တယ်လီဂရန်ချန်နယ်မှ အချက်အလက်တွေအရ ဒီဇင်ဘာ ၄ ရက်နေ့ တစ်ရက်တည်းမှာတောင် စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေရဲ့ ဝေဟင်လှုပ်ရှားမှုဟာ အကြိမ် ၁၅၀ ကျော်ရှိခဲ့ပါတယ်။
စစ်တပ်က အခုချိန် လေကြောင်းနဲ့ ဖိနှိပ်မှု လုပ်နိုင်ပေမယ့် တော်လှန်ရေးအဖွဲ့တွေ အသုံးပြုနေတဲ့ ဒရုန်းတွေဟာလည်း နည်းပညာပိုင်းမှာ တဖြည်းဖြည်း ပိုမိုအဆင့်မြင့်လာတဲ့အတွက် စစ်တပ်ရဲ့လေယာဉ်နဲ့အလားတူ ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေထိ ရောက်နိုင်လိမ့်မယ်လို့ မြို့လှ PDF က ဆိုပါတယ်။
“PDF တွေရဲ့ ဒရုန်းနဲ့ တပ်ကလေယာဉ်တွေနဲ့ ယှဉ်ရင်တော့ စစ်တပ်ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်ဖြစ်တယ်လေ။ အင်အားတော့ပိုသာတာပေါ့။ ဒါပေမဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ဒရုန်းနည်းပညာပိုင်းမှာ တော်တော်လေး အားကောင်းလာတဲ့ အနေအထားတစ်ခုတွေ့ရတယ်။ အချိန်ကြာလာတာနဲ့အမျှ စစ်တပ်က လေယာဉ်နဲ့ဒရုန်းနဲ့ ယှဉ်ချနိုင်လာမှာပါ။ အခုတော့ စစ်တပ်ရဲ့ လေယာဉ်ကို မသာသေးပါဘူး။ ဒါပေမဲ့ မကြာတော့ပါဘူး။ သူတို့လေယာဉ်နဲ့ တော်လှန်ရေးအင်အားက ဒရုန်းနဲ့ ယှဉ်ချနိုင်လာမှာပါ”
ဒါပေမဲ့ စစ်ကောင်စီဘက်က စစ်ရှုံးရတာဟာ သာလွန်အင်အားနဲ့ လက်နက်တွေကြောင့် မဟုတ်ဘဲ တော်လှန်ရေးက ပြည်သူလူထုကို ဗဟိုပြုတဲ့အချက်ဟာ အဓိကဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဒါ့အပြင် CDM စစ်သားတွေကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မတိုက်နိုင်လောက်တဲ့အထိ စိတ်ဓာတ်အင်အား ပျက်ပြားနေတာကြောင့် စစ်ပွဲတွေမှာ ရှုံးနှိမ်နေရတယ်လို့ သုံးသပ်ကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလ စတင်ပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်း၊ ကရင်နဲ့ ချင်းပြည်နယ်များမှ တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ လက်နက်ချပြီး ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနဲ့ ပြည်သူ့စစ် ၃၀၀ ကျော်ရှိနေပြီး စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီစစ်သားတွေလည်း ရှိနေတာဖြစ်ပါတယ်။
တပ်စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီ ရှုံးနှိမ်နေရတဲ့ အကြောင်းအရင်းက စစ်ခေါင်းဆောင်ပြောသလို တော်လှန်ရေးတပ်ဖွဲ့တွေမှာ သာလွန်လက်နက်ရှိနေခြင်းကြောင့် မဟုတ်ဘဲ၊ တော်လှန်စိတ်ဓါတ်၊ နည်းပညာနဲ့ ပေါင်းစပ် တီထွင်ကြံဆမှု ဉာဏ်အားသာတဲ့အချက်တွေနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမှုရရှိတဲ့ တော်လှန်တိုက်ပွဲဖြစ်နေခြင်းက အဓိက ဖြစ်ပါတယ်။
ဒါကို တစ်ချိန်က စံကိုက်တပ်မတော် (Standard Army) ဆိုပြီး ကြွားလုံးထုတ်ခဲ့တဲ့ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သာလွန်လက်နက်အင်အားကြောင့် စခန်းတွေ လက်လွတ်ခဲ့ရတယ်လို့ ဆင်ခြေပေးနေခြင်းဟာ ကိုယ်ကျိုးရှာခြစားနေပြီး အရှုံးကိုဝန်မခံဘဲ လှည့်ဖျားချင်တဲ့ စစ်တပ်ခေါင်းဆောင်ရဲ့ သုံးသပ်ချက် ပရိယယ်မျှသာ ဖြစ်ပါတယ်။