ပြဿနာကိုမီးမွေးပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို ပုံဖျက်ကာ အသက်ရှူပေါက်ဖန်တီးချင်တဲ့ စစ်ကောင်စီရဲ့ ပရိယာယ်ကို သတိထားဖို့ အရေးကြီးလာ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
28 November 2023 – Kachinwaves
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တပ်စခန်း ၂၀၀ ကျော် လက်လွတ်လိုက်ရပြီး မြို့သိမ်းတိုက်ပွဲတွေနဲ့ လုံးပမ်းလာရတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ စစ်အာဏာရှင်တော်လှန်ရေးကို ပြည်ပစွက်ဖက်မှုလို့ စွပ်စွဲတဲ့အပြင် တိုင်းရင်းသား လူမျိုးတွေအချင်းချင်းကြားမှာလည်း လူမျိုးရေး ခွဲခြားသပ်သျှိူတဲ့ စကားလုံးတွေနဲ့ ထိုးနှက် ပြောဆိုလာတာကို တွေ့လာရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကြောင့် စစ်ရေးအခြေအနေမှာ အလူးအလဲခံနေရတဲ့ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံရှမ်းတိုင်းရင်းသားလူထုတွေနဲ့ TNLA နဲ့ ကိုးကန့် MNDAA အဖွဲ့တို့ကြား လူမျိုးရေးဆန်တဲ့ သွေးထိုးလှုံ့ဆော် ပြောဆိုမှုတွေကို သတင်းထုတ်ပြန်ရေး ခေါင်းဆောင်ကိုယ်တိုင် နိုဝင်ဘာ ၂၁ ရက်နေ့က ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
“အခုဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း) အချို့ နယ်မြေတွေက ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ TNLA၊ MNDAA အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ မြို့ရွာတွေကို တိုက်ခိုက်တယ်။ မြို့ရွာအနီးအနားမှာရှိတဲ့ စခန်းတွေကိုတိုက်ခိုက်တယ်။ ပြီးရင် အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ရှမ်းလူမျိုးတွေပိုင်ဆိုင်တဲ့ အိမ်တွေ၊ နေရာတွေမှာ ဝင်ရောက် နေရာယူတယ်။ အဲဒီအထဲကနေ တပ်စခန်းတွေကို တိုက်ခိုက်တာမျိုးတွေ တွေ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရှမ်းလူမျိုးတွေအနေနဲ့လည်း ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေနှုတ်ဆိတ်နေတာကို စတင်ပြီး ကန့်ကွက်တာတွေ၊ သဘောထား ထုတ်ဖော်ပြောကြားလာတာတွေကို တွေ့ရပါတယ်။ ဒါတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်တာဖြစ်ပါတယ်။”
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ရှမ်းလူထုကြား သွေးထိုးလှုံ့ဆော်တဲ့ စကားမပြောခင် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကို ကျူးကျော်စစ်လို့ စွပ်စွဲမှုတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြောခဲ့ပါတယ်။
“တပ်မတော်အနေနဲ့ ကျူးကျော်သူတွေရဲ့ ကျူးကျော်စစ်ကို တန်ပြန်ချေမှုန်း နေတာဘဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသများလုံခြုံရေး တို့အတွက် အစဉ်တစိုက်ဆောင်ရွက်ခဲ့ပါတယ်။”
ဒါ့အပြင် စစ်ကောင်စီကို ထောက်ခံသူတွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ တရုတ်ဆန့်ကျင်ရေး ပိုစတာတွေကိုင်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့ မြင်ကွင်းတွေကိုလည်း ဝေဝေဆာဆာ မြင်တွေ့လာရပါတယ်။
စစ်ကောင်စီအနေနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ရှမ်းလူထုအကြား သွေးထိုးလှုံ့ဆော်ပေးနေရခြင်းမှာ စစ်ဆင်ရေးတွေ မပါဝင်ဘဲ ငြိမ်သက်နေတဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ SSPP၊ RCSS တို့နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကို ထိတွေ့တိုက်ပွဲတွေဖြစ်လာစေလိုတဲ့ တဖက်လှည့် ပရိယာယ်ဆင်ခြင်းမျိုးလည်း ဖြစ်နိုင်တာကို တွေ့မြင်နေရပါတယ်။
SSPP အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ကန့်ကွက်တာ မကန့်ကွက်တာ၊ အားပေးတာ အားမပေးတာမျိုး မဟုတ်ဘဲ နှစ်ဖက်အဖွဲ့တွေအနေနဲ့ ပြည်လူထုကို ထိခိုက်စေမယ့် စစ်ရေးလှုပ်ရှားမှုများကို သတိထားကြရန် ပြောကြားလိုခြင်းဖြစ်တယ်လို့ SSPP ရဲ့ ဗိုလ်မှူးကြီးစိုင်းဆုက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဖြေရှင်းထားတာကို တွေ့ရပါတယ်။
“ကျနော်တို့က ဒီသုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို ကန့်ကွက်တာလည်း မဟုတ်ဘူး။ အကောင်းမမြင်တာလည်း မဟုတ်ဘူး။ နှစ်ဖက်စလုံးက ပစ်ခတ်မှု စစ်ဆင်ရေးတွေလုပ်နေတာ အဓိကက ဒီပြည်သူလူထုတွေကို ရမ်းပြီးတော့ ပစ်တာမျိုးကို ကန့်ကွက်တယ်။”
ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်တပ်မတော် SSPP နှင့် TNLA တို့ကြား ပွတ်တိုက်မှုအနည်းငယ် ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း – မူဆယ်လမ်းပေါ်တွင် SSPP ရဲ့ တိုက်နယ်မှူးက TNLA တပ်စွဲထားတဲ့နေရာကို ဓာတ်ပုံသွားရိုက်တဲ့ကိစ္စကြောင့် နှစ်ဖက် အခြေအတင်ဖြစ်ခဲ့ပြီး ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ စစ်ဆင်ရေးမစတင်မီ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အင်အားကြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ RCSS အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ မတူတဲ့ နိုင်ငံရေးချဉ်းကပ်မှုကို အခွင့်ကောင်းယူပြီး အဖွဲ့အချင်းချင်းနဲ့ လူထုကြားမှာပါ ပြဿနာကို မီးဆွပေးတဲ့ သဘောတွေ ပြောဆိုလာခြင်း ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ပက်သက်ပြီး ရှမ်းအရပ်ဘက်လူထု အဖွဲ့အစည်းနှင့် ပြည်တွင်းပြည်ပက ရဟန်း၊ သံဃာတော်များကလည်း လူထုလုံခြုံရေးကိုသာဦးတည်ပြီး ပြည်နယ်တွင်းနေထိုင်တဲ့ လူမျိုးစုတွေ အချင်းချင်းကြား ပဋိပက္ခဖြစ်စေတဲ့ ကိစ္စရပ်တွေကို ရှောင်တိမ်းကြဖို့နဲ့ တိုက်ပွဲဝင်တပ်ဖွဲ့တွေအနေနဲ့ စစ်ပွဲဆိုင်ရာဥပဒေကို အထူးအလေးထားလိုက်နာကြဖို့ ထုတ်ပြန်ထားတာကလွဲရင် လူမျိုးရေးပြဿနာအဖြစ် ဇောင်းပေးတဲ့ ထုတ်ပြန်ချက်တွေ မတွေ့ရှိရပါဘူး။
စစ်အာဏာရှင်ကြောင့် ဆယ်စုနှစ်များစွာကြာမြင့်လာတဲ့ ပြည်တွင်းစစ်ရဲ့ အမွေဆိုးအဖြစ် တိုင်းရင်းသားတွေ အချင်းချင်းကြား မပြေလည်မှုတချို့ရှိတာကို အခွင့်ကောင်းယူ ပြဿနာကိုမီးမွေးပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို ပုံဖျက်ကာ အသက်ရှူပေါက်ဖန်တီးချင်တဲ့ စစ်ကောင်စီရဲ့ ပရိယာယ်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက သတိထားဖို့ အရေးကြီးနေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။