အနန့်ပါ (A Nang Pa) သို့မဟုတ် ပြည်သူ့ သွေးစွန်းခဲ့တဲ့ နေရာ
(အနန့်ပါ ဗုံးကြဲခံရမှု တစ်နှစ်ပြည့်နေ့အတွက် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။)
ဖားကန့်မြို့နယ်အတွင်းရှိ အနန့်ပါကျေးရွာရဲ့ ရာသီဥတုဟာ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာတော့ သာသာယာယာရှိခဲ့တဲ့ ဆောင်းဦးရာသီရဲ့ ညနေပိုင်း ဖြစ်ခဲ့ပါတယ်။ အဲဒီညမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အကြိုတေးဂီတဖျော်ဖြေပွဲကို KIO အမှုထမ်းတွေဟာ အရပ်သား ပြည်သူတွေ၊ အနုပညာရှင်တွေနဲ့ လုပ်ငန်းရှင်တစ်ချို့နဲ့အတူ ကျင်းပနေကြတာ ဖြစ်ပါတယ်။
ကချင်ပရိသတ်တွေကြားမှာ နာမည်ကျော်လူကြိုက်များတဲ့ ရော့ခ်အဆိုတော် အော်ရာလီ စင်ပေါ်မှာ သီချင်းဆိုနေတဲ့အချိန် ပရိသတ်တွေကလည်း အော်ရာလီရဲ့ “Sak Jaw Salum” (ပေးဆပ်တဲ့ နှလုံးသား) သီချင်းတီဆိုမှုမှာ လိုက်ပါစီးမျော နေကြပါတယ်။ အဲဒီအချိန်မှာပဲ ရုတ်တရက် ဝုန်းခနဲ ဝုန်းခနဲ မြည်ဟိန်း ကျယ်လောင်သွားတဲ့ အသံတွေနဲ့အတူ အဆိုတော် အော်ရာလီနဲ့ ပရိသတ်တွေဟာ ဖရိုဖရဲ လွင့်စင်သွားခဲ့ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ တေးဂီတဖျော်ဖြေပွဲဟာ ငိုကြွေးဝမ်းနည်းဖြစ်ရတဲ့ အနိဋာရုံမြင်ကွင်းသို့ ချက်ချင်း ပြောင်းလဲ သွားပါတယ်။ ကီးဘုတ်တီးခတ်သူ Ko King (ဇခုန်ဇော်မွန်း)လည်း သေဆုံးသွားခဲ့ရပါတယ်။
အခုဖြစ်စဉ်ကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲသွားခဲ့တဲ့အချိန် အသက်ဘေးမှ လွတ်သွားခဲ့သူ မျက်မြင်တစ်ဦးက သူမြင်တွေ့ခဲ့တဲ့ မြင်ကွင်းတွေကို ပြန်ပြောင်းပြောပြတာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲစင်ဟာ ပရိသတ်တွေရဲ့ ပြတ်ထွက်သွားတဲ့ ကိုယ်ခန္ဓာအပိုင်းအစတွေေ၊ သွေးအိုင်သွေးကွက်တွေ၊ လွင့်စင်သွားတဲ့ အသားအစအနတွေ ပြန့်ကြဲသွားတဲ့ အနိဋာရုံတလင်းပြင် ဖြစ်သွားရပါတယ်။
စစ်စခန်း မဟုတ်တဲ့ အနန့်ပါ (A Nang Pa) ကျေးရွာ
အနန့်ပါကျေးရွာဟာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ တပ်မဟာ (၉) နယ်မြေဖြစ်ပေမဲ့ စစ်ကောင်စီတပ်စခန်းနဲ့ KIA တပ်စခန်းတွေကြားက အရပ်သားပြည်သူတွေ နေထိုင်တဲ့ကျေးရွာ ဖြစ်တဲ့ အပြင် အကြောင်းအမျိုးမျိုးနဲ့ သွားလာနေရတဲ့ ခရီးသွားသူတွေ ခရီးတထောက်နားကြလေ့ရှိတဲ့ ကျေးရွာ နေရာလည်း ဖြစ်ပါတယ်။
အနန့်ပါလို့ (A Nang Pa) လို့ အမည်ပေးထားတဲ့ရွာဟာ ဥရုချောင်းဖျားနဲ့ အနန့်ချောင်းဆုံက မြေပြန့်နေရာ ဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာ စိမ်းစိုနေတဲ့တောင်တွေရှိတဲ့ နေရာဖြစ်လို့ တိုက်ပွဲတွေ မဖြစ်ပွားတဲ့အချိန်မှာ တော့ အခုထက် လူနေအိမ်ခြေများခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။
ကချင်ဒေသ တကျော့ပြန်စစ်ပွဲ ပြင်းထန်လာမှုကြောင့် ၂၀၁၃ ခုနှစ်လောက်ကနေ အနန့်ပါရွာသားတွေ တော်တော်များများ ဖားကန့်မြို့နယ် ကံဆီးကျေးရွာဘက်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြပေမဲ့လည်း အိမ်ခြေ ၃၀ လောက်က တောင်ယာလုပ် စျေးရောင်းရင်း နေထိုင်နေတဲ့ ကျေးရွာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အထိတော့ ရွာကနေ တစ်နာရီလောက်သွားရတဲ့နေရာမှာ KIA တပ်ရင်း ၆ ရဲ့ စစ်သင်တန်းပေးတဲ့ နေရာရှိခဲ့ပေမဲ့ နောက်ပိုင်းတော့ ၎င်း KIA စစ်သင်တန်းကျောင်းလည်း ပြောင်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
“အနန့်ပါဆိုတာက လမာဘွမ်သား (လမာဘွမ်ဒေသခံ) တွေပေါ့။ အဲကိုဆင်းခဲ့ပြီး အဲမှာတောင်ယာတွေ လုပ်စားပြီး နေခဲ့တဲ့နေရာပေါ့။ မြေပြန့်ဖြစ်နေလို့ ၈၇ (၁၉၈၇ ခုနှစ်) ကျော်လောက်ကနေ ရွာတည်ပြီး နေခဲ့တာပေါ့။ ရွာကနေ တစ်နာရီလောက်သွားရင် KIA စစ်သင်တန်းလုပ်တဲ့ နေရာရှိခဲ့တယ်။
အခုနောက်ပိုင်းက တိုက်ပွဲတွေဖြစ်လာတော့ ရွာကလူတွေကလည်း ကံဆီးမှာ ပြောင်းနေကြတယ်။ အရင်ကတော့ရွာကြီးပေါ့။ အခုက ရွာပြန်တည်လာတာပေါ့။ အိမ်ခြေ ၃၀ ကျော်လောက်ရှိတယ်။”ဟု အနန့်ပါ ဒေသခံတစ်ဦးက ပြောပါတယ်။
အနန့်ပါကျေးရွာကနေ KIA တပ်မဟာ (၉) ရောက်ဖို့ ၂ နာရီလောက် လမ်းလျှောက် သွားရတာဖြစ်ပြီး အနန့်ပါရွာနေရာဟာ ဗဟိုဆုံမှတ်နေရာလိုဖြစ်လို့ ဒေသခံပြည်သူလူထုတွေက စျေးရောင်း၊ တောင်ယာ လုပ်ရင်း လူနေအိမ်ခြေ ပြန်များလာတဲ့ ရွာဖြစ်တယ်လို့ ဆိုပါတယ်။
(၂၀၂၂ ခုနှစ်) အောက်တိုဘာ ၂၃ ရက်နေ့ညမှာတော့ အနန့်ပါကျေးရွာ ဟောခန်းမဆောင်မှာ KIO တည်ထောင် ခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား အကြိုတေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေတဲ့အချိန် စစ်ကောင်စီ က ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲခဲ့တဲ့အတွက် KIA တပ်မဟာ (၉)ရဲ့ ထိပ်တန်းအရာရှိတွေ အပါအဝင် ကျောက်စိမ်း လောပန်းတွေ၊ ပွဲလာကြည့်တဲ့ပြည်သူတွေ၊ ကချင်အနုပညာရှင်တွေ စုစုပေါင်း အယောက် (၇၀) လောက်သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဒဏ်ရာပြင်းထန်သူတွေ ထပ်မံသေဆုံးသူတွေလည်း ရှိနေသလို အလောင်းရှာမတွေ့လို့ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့သူတွေထဲမှာ ရခိုင်လောပန်းတွေလည်း ပါတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက အနန့်ပါဗုံးကြဲမှုနဲ့ပတ်သက်လို့ (၂၀၂၂ ခုနှစ်) အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါတယ်။
“ဖားကန့်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ထိတွေ့ တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်း ဆောင်ရွက်”ခဲ့ခြင်းဖြစ်ကြောင်းနဲ့ “KIA တပ်မဟာ(၉) နယ်မြေအား လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။”လို့ ထုတ်ပြန်ပြီး သေဆုံးသူတွေဟာ KIA အဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
KIO ကတော့ (၂၀၂၂ ခုနှစ်) အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ရာ၊ အနန့်ပါဟာ တပ်စခန်းနေရာ မဟုတ်ဘဲ ခရီးသွားတွေ ခေတ္တခဏအနားယူကြနဲ့ ဈေးဆိုင်တန်း စခန်းငယ်သာဖြစ်တာကို စစ်ကောင်စီ တပ်က သိရှိထားပေမဲ့ အစုလိုက်အပြုံလိုက် သေကြေရန် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဗုံးကြဲခံရတဲ့ညက ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့တဲ့ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကတော့ သေဆုံး သူတွေဟာ အရပ်သားပြည်သူတွေ အများပိုင်းဖြစ်ပြီး သေဆုံးသူတွေမှာ ၁၈ နှစ် မပြည့်သေးတဲ့ ၁၀ နှစ် ကျော် ကလေးငယ်တွေလည်း ပါတယ်လို့ ပြောပါတယ်။
“အဖေအမေတွေနဲ့အတူ ပါလာတဲ့ကလေးတွေ၊ ဆယ်ကျော်သက်ကလေးတွေ အယောက် ၁၀ ကျော် လောက်လည်း ပါသွားတယ်။ အဲမှာပွဲလုပ်မယ်ဆိုတော့ တချို့တွေက ခေါ်လာတာကိုး၊ အဲမှာပါသွားတာ။ အဲမှာ ကလေးရော၊ လူကြီးတွေရော၊ လူလတ်ပိုင်းတွေရော၊ တော်တော်များများ ပါသွားတယ်။ ကိုယ်ခန္ဓာတွေ တစ်စစီ ပေတစ်ရာကျော်လောက်ကို လွင့်သွားပြီးမှ သေသွားတဲ့သူတွေက နည်းနည်း များတယ်။ အသားစတွေ ကြေမွပြီး ပေတစ်ရာလောက်ထိ အသားစ အပိုင်းပိုင်းတွေ လွင့်သွားတာတောင်ရှိ တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် အခုချိန်ထိလည်း သေဆုံးသူတွေကို ကောင်းမွန်စွာ သင်္ဂြိုလ်ခွင့် မရသလို ဒဏ်ရာရရှိတဲ့သူတွေလည်း ကောင်းမွန်စွာ ဆေးကုသခွင့် မရကြတဲ့အပြင် ဆေးဝါးကုသပေးတဲ့ လူမှုကူညီရေး ပြုလုပ်ပေးသူတွေကိုလည်း စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေ ၁၇/၁ နဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတာ ဖြစ်ပါတယ်။
“အလောင်းရှာလို့ မရလို့ မိသားစုတွေငိုပြီး ပြန်သွားတဲ့သူတွေတောင် ရှိတယ်။ ကျနော်တို့ရွာက တစ်ယောက်လည်း အလောင်း လုံးဝ မတွေ့ခဲ့ရဘူး။ ဒဏ်ရာပြင်းထန်တဲ့သူတွေ အသက်ရှင်ဖို့ ရာခိုင်းနှုန်း နည်းတယ်။ အသက်ရှင်ရင်တောင် ဒုက္ခိတဘဝနဲ့ နေသွားရမှာပေါ့။ လက်ကျိုးတာ၊ ပေါင်းကျိုးတာ၊ ခြေကျိုးတာ များတယ်။ သေသွားတဲ့သူတွေလည်း နာရေးတောင် ခိုးပြီးလုပ်နေရတယ်။”လို့ ကူညီ ကယ်ဆယ် ရေး လုပ်နေတဲ့သူတစ်ဦးက ပြောပါတယ်။
(၂၀၂၂ ခုနှစ်) အောက်တိုဘာ ၂၅ ရက်နေ့ရရှိထားတဲ့ စာရင်းအရ အနန့်ပါ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၆၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၆၁ ဦးရှိတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြော ပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်နေတဲ့သူတွေရဲ့ ပြောကြားချက်အရ (၂၀၂၂ ခုနှစ်) အောက်တိုဘာ ၂၆ ရက်နေ့က လည်း ၃ ဦးထပ်သေဆုံးတဲ့အတွက် သေဆုံးသူ ၆၆ ယောက်ရှိပြီဖြစ်သလို ဒဏ်ရာပြင်းထန်ပြီး ထပ်မံသေ ဆုံး နိုင်သူတွေလည်း ရှိသေးတယ်လို့ ပြောပါတယ်။
မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သေဆုံးသူတွေဟာ အနည်းဆုံး ၇၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ပရိသတ်အကြိုက်များတဲ့ အဆိုတော်တွေ ပါဝင်ဖျော်ဖြေတဲ့ ပွဲဖြစ်တဲ့အတွက် အနန့်ပါကျေးရွာ အနီးအနား က ကျေးရွာပြည်သူတွေလည်း တော်တော်များများ ပွဲလာကြည့်ကြတာဖြစ်လို့ အဲဒီညပွဲမှာ လူဦးရေ အနည်း ဆုံး အယောက် ၃၀၀ လောက်ရှိပြီး အများပိုင်းက အရပ်သားပြည်သူတွေဖြစ်တယ်လို့ ပြောပါတယ်။
လေယာဉ်ဗုံးက တေဂီတစင်ရှိတဲ့ ခန်းမဆောင်၊ မီးဖိုချောင်နဲ့ ကျေးရွာဆေးပေးခန်း နေရာတွေမှာ ကျရောက် ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ခန်းမဆောင်ဟာ ပြည်သူလူထုတွေနဲ့ တွေ့ဆုံပွဲ၊ အစည်းအဝေး၊ သင်တန်းတွေ ပြုလုပ်တဲ့အချိန် အသုံးပြုတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာဖြစ်တယ်လို့ ဗုံးကြဲခံရတဲ့ညမှာ ဧည့်ကြိုတာဝန် ကျခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဲညသေဆုံးသူတွေထဲမှာ အမျိုးသမီးတွေလည်း တော်တော်များများ ပါသွားတယ်။ ကျမရဲ့သူငယ်ချင်း တစ်ယောက်လည်း ပါသွားတယ်။ ကေအိုင်အေ စခန်းတော့ မဟုတ်ဘူး။ ပြည်သူလူထုတွေ အစည်းအဝေး တွေ ဟောပြောပွဲတွေ လုပ်တဲ့နေရာ ဟုတ်တယ်။ အများပိုင်း ပြည်သူလူထုတွေ အစည်းအဝေး လုပ်တဲ့ သူတွေ နေတယ်။”လို့ ပြောပါတယ်။
KIO ထိန်းချုပ်နယ်မြေက လူနေအိမ်ခြေများတဲ့ ကျေးရွာတော်တော်များများမှာ ကျေးရွာဟောခန်းမတွေ ဆောက်လုပ်ထားလေ့ ရှိပါတယ်။
အခုလို ပြည်သူလူထုတွေနဲ့အတူ KIO အထိမ်းအမှတ်နေ့ အကြိုပွဲပြုလုပ်နေတဲ့အချိန် တိုက်ခိုက်တာဟာ တမင်တကာ ပြုလုပ်ခြင်းသာဖြစ်တယ်လို့ အသက်ဘေးမှ လွတ်မြောက်သွားသူ အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။
“ဒါက တမင်သက်သက်ကိုလုပ်တာ၊ တမင်သက်သက်ကို ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးကို စုနေတယ်ဆိုပြီးမှ သူတို့လည်း သိရဲ့သားနဲ့ လုပ်တာပေါ့။ အဲတာကြောင့် ကျနော်တို့ စိတ်ထဲမှာ လုံးဝ မပြောတတ်အောင် ရင်နာတာပေါ့။”ဟု ပြောပါတယ်။
အနန့်ပါ ဗုံးကြဲခံရမှုဟာ မမေ့နိုင်တဲ့ ကချင်ပြည်နယ်က သွေးစွန်းခဲ့တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းကျန် နေတော့မှာ ဖြစ်ပါတယ်။
===
မှတ်ချက်။ 31 October 2022 ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။