တော်လှန်ရေး အင်အားစုတေွရဲ့ စစ်ဆင်ရေးလှိုင်းလုံးတေွေကြာင့် ဂယ်ပေါက်ပျောက်နေတဲ့ စစ်ကောင်စီ၊ လိုင်ဇာကို ဦးမလှည့်နိုင်တော့ပါ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
15 November 2023 – Kachinwaves
KIA ဌာနချုပ်လိုင်ဇာကို သိမ်းမယ်လို့ ကြုံးဝါးပြီး ဇွန်လကနေ စစ်ကြောင်းထိုးလာခဲ့တဲ့စစ်ကောင်စီဟာ ငါးလကျော်လာပေမဲ့ လိုင်ဇာအနား မကပ်နိုင်တော့ဘဲ မြစ်ကြီးနား – ဗန်းမော်လမ်းကြောပေါ်က တပ်စခန်းတွေကိုလည်း တစ်ခုပြီးတစ်ခုလက်လွှတ်ဆုံးရှုံးနေရပါတယ်။
အရပ်သား ၂၉ ဦးသေဆုံးခဲ့တဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်း ဗုံးကြဲခံရမှုဖြစ်စဉ်အပြီးမှာတော့ KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၂၀ ရက်နေ့မှာ ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်အစပ်က လိုင်လွမ်အောင်ဂျာစခန်းကုန်းကြီးကိုသိမ်း၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဂန်ဒေါင်ယန်စခန်းကုန်းကိုသိမ်းပြီး နိုဝင်ဘာ ပထမမှာ မလိယန်စခန်းတေွကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးနီးစပ်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိထားရပါတယ်။
မြစ်ကြီးနား – ဗန်းမော်လမ်းကြောပေါ်က စခန်းကုန်းတွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံရတဲ့ စစ်ကောင်စီဟာ အောက်တိုဘာ ၃၁ ရက်နေ့နဲ့ နိုဝင်ဘာလ ပထမပတ်အတွင်း လိုင်ဇာမြို့အနီး အလဲန့်ဘွမ်တောင်ကြောပေါ်ကို တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့သလို မြို့အတွင်းကိုလည်း လက်နက်ကြီးတွေနဲ့ ဦးတည်ပစ်ခတ်ခဲ့ပါသေးတယ်။
လိုင်ဇာဒေသအနီးက စခန်းတွေကို လက်လွှတ်နေရတဲ့အချိန် ရှမ်းမြောက်ဘက်က ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေးကို ချိန်ကိုက်စတင်လိုက်ပြီး တပ်စခန်းတွေ တစ်ခုပြီးတစ်ခု၊ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နေတဲ့အတွက် စစ်ကောင်စီဟာ စစ်ရေးနဲ့ နိုင်ငံရေး အသက်ရှူကြပ်လာကာ အတုအယောင်ကာလုံအစည်းအဝေး ခေါ်ရပြန်ပါတယ်။ ဒါပေမဲ့ ကာလုံအပြီးမှာ ပြည်တွင်းစစ်သမိုင်းမှာ နာမည်ကျော် ကွမ်းလုံစခန်း အသိမ်းခံရပြန်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းမှာ AA နဲ့ KIA ဦးဆောင်ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကောလင်း၊ ပင်လည်ဘူးနဲ့ ခမ်းပတ်မြို့တေွကို ထိန်းချုပ်နိုင်ခဲ့ပြီး ထီးချိုင့်မှာလည်း မြို့သိမ်းတိုက်ပွဲဆက်လက် ဖော်ဆောင်နေပါတယ်။
နိုဝင်ဘာ ပထမပတ်အတွင်းမှာပဲ စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ရဲ့ ဥက္ကဌဟောင်း ဦးရွှေမင်းကလည်း လီဆူလူငယ်အမျိုးသားတွေကို တစ်အိမ်တစ်ယောက် ပြည်သူ့စစ်ထဲ မဝင်မနေရဆိုတဲ့ စီမံချက် ထုတ်ပြန်ပြီး ကွင်းဆင်းလုပ်ဆောင်လာပါတယ်။ ဒါ့အပြင် မိုးမောက်ဘက်ကို ရှမ်းပြည်ဘက်က တချို့ပြည်သူ့စစ်တွေကို ပို့နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားနေရတဲ့အတွက် စစ်ကောင်စီအနေနဲ့ လိုင်ဇာကို စစ်ကြောင်းဆက်ထိုးနိုင်ဖို့နဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းကြောက ကျန်ရှိနေသေးတဲ့စခန်းတွေမှာ လိုအပ်နေတဲ့ စစ်သည်အင်အားတေွအတွက် ပြည်သူ့စစ်အင်အားနဲ့ အားဖြည့်နေတယ်လို့ ခန့်မှန်းရပါတယ်။
တိုက်ပွဲတွေကလည်း လိုင်ဇာဘက်ကနေ ဝိုင်းမော်မြို့ဘက်ကို တဖြည်းဖြည်းနီးကပ်လာတာကြောင့် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဝိုင်းမော်မြို့ကနေ စွန့်ခွာဖို့ ပြင်နေတဲ့သတင်းတွေ ကြားနေရတဲ့အပြင် ဝိုင်းမော်မြို့ရဲ့ ရပ်ကွက်တချို့မှာ ကင်းပုန်းဝပ်တာနဲ့ မြို့အထွက်မှာရှိတဲ့ ခမရ (၃၂၁) နယ်မြေခံတပ်ရင်းကို အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေတဲ့အကြောင်း ဒေသခံတွေထံကလည်း ကြားသိရပါတယ်။
လိုင်ဇာအနီးကိုပဲ အလေးထားအင်အားဖြည့်နေတဲ့အချိန် နိုဝင်ဘာ ၁၁ ရက်နေ့ကပဲ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအရှေ့တောင်ကြောက စစ်ကောင်စီရဲ့ စပါးကုန်းတပ်စခန်း တိုက်ခိုက်သိမ်းပိုက် ခံလိုက်ရပြန်ပါတယ်။
နိုင်ငံအနှံ့ စခန်းသိမ်းနဲ့ မြို့သိမ်းတိုက်ပွဲသတင်းတွေ ဝေဝေဆာဆာထွက်ပေါ်နေတာကြောင့် မြစ်ကြီးနားမှာရှိတဲ့ စစ်ကောင်စီရဲ့ထောက်ပို့တပ်တွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ကတုတ်ကျင်းတူးနေရတဲ့ သတင်းတွေနဲ့ တပ်အတွင်း-အပြင် အဝင်အထွက် စစ်ဆေးရေးကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်လုပ်ဆောင်နေတဲ့အကြောင်း တပ်နဲ့နီးစပ်သူတေွထံက ကြားသိရပါတယ်။
ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးလှိုင်း၊ ကရင်နီပြည်က တစ်လေးလုံး (၁၁ . ၁၁) စစ်ဆင်ရေးလှိုင်း ရခိုင်ပြည်နယ်က တိုက်ပွဲတေွနဲ့ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စည်းချက်ညီညီ စစ်ဆင်ရေးလှိုင်းတေွေကြာင့် စစ်ကောင်စီသက်ဆိုးရှည်ဖို့ ဂယ်ပေါက်ပျောက်လာပြီး စစ်တပ်လော်ဘီတွေရဲ့အလိုကျ လိုင်ဇာကိုသိမ်းပြနိုင်ဖို့ဆိုတာ စစ်ကောင်စီအတွက်တော့ “ရွှေပြည်တော် မျှော်တိုင်းဝေး” ဆိုတဲ့ အခြေအနေ ဖြစ်နေပါတယ်။