အနာနဲ့ ဆေး မကိုက်တော့တဲ့ စစ်ခေါင်းဆောင်ရဲ့ တစ်ပွဲထိုး စိတ်ဓာတ်မြှင့်တင်ရေး လှုပ်ရှားမှု
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
22 November 2023 – Kachinwaves
နိုင်ငံအနှံ့ စစ်ကောင်စီကိုတော်လှန်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတဲ့အချိန် လူမြင်ကွင်းကနေ ရက်သတ္တပတ်ကြာ ပျောက်နေခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်ကြီးဟာ ရှေ့တန်းဒဏ်ရာရခဲ့တဲ့ အရာရှိစစ်သည်တွေကို သွားရောက်ကြည့်ရှု အားပေးစကားပြောနေတဲ့ ဓါတ်ပုံတွေက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ပြန်လည်ထွက်ပေါ်လာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တပ်စခန်းတွေ အတုံးအရုန်း ကျရှုံးလာကတည်းကနေစပြီး စစ်ကောင်စီက စိတ်ဓာတ်မြှင့်တင်ရေး လုပ်ဆောင်ချက်တွေကို အထူးတvလည် လုပ်ဆောင်လာတာကို မြင်တွေ့နေရပါတယ်။
စစ်ခေါင်းဆောင်က ရင်းရင်းနှီးနှီး အားပေးစကားပြောခဲ့တယ်ဆိုပေမယ့် ဒဏ်ရာရစစ်သားလူနာတွေက ဆေးရုံကုတင်ပေါ်မှာ ပုံစံထိုင်နာထောင်နေရတာကို တွေ့မြင်နေရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက စစ်မြေပြင်ရောက် စစ်ကောင်စီတပ်တွေထံ လေယာဉ်နဲ့ ဒံပေါက်ဗူးတွေကို ပို့ဆောင်ပေးခြင်းဖြင့်တစ်နည်း၊ ရှေ့တန်းရောက် စစ်သားတွေကို ထောက်ခံအားပေးနေကြောင်း စစ်တပ်ထောက်ခံသူတွေရဲ့ စာလွှာတွေ ပေးခြင်းဖြင့်တစ်ဖုံ၊ ဒဏ်ရာရစစ်သည်၊ အရာရှိတွေကို အပန်းဖြေခရီးတွေ ပို့ဆောင်ပေးခြင်းဖြင့်တစ်သွယ် စတဲ့နည်းလမ်းအမျိုးမျိုးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စိတ်ဓာတ်မြှင့်တင်ရေးကို အလေးပေးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ဘယ်လောက်ပဲ ဒံပေါက်တွေပို့ပို့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မတိုက်တော့ဘဲ တပ်ရင်းလိုက် လက်နက်ချအညံ့ခံသူနဲ့ တစ်ဦချင်းစီ (သို့) အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးသူတွေကို မတားဆီးနိုင်တော့ကို သတင်းတွေက ဖော်ပြနေပါတယ်။
၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၂၀ ကျော်ကာလအတောအတွင်း ရှမ်းမြောက်၊ စစ်ကိုင်း၊ ကရင်နီ၊ မွန်ပြည် စတဲ့နေရာဒေသတွေက လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ စစ်သားစုစုပေါင်း ၂၇၀ ကျော်ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ပြန်ကြားရေးခေါင်းဆောင် ဇော်မင်းထွန်းကိုယ်တိုင် လက်လွတ်လိုက်ရပြီဖြစ်ကြောင်း ကြေညာခဲ့ရတဲ့ ရှမ်းပြည်မြောက်ပိုင်းက မုံးကိုးနဲ့ ကွမ်လုံစတဲ့ဒေသတွေဟာ အဲ့ဒေသမှာရှိတဲ့ စစ်ကောင်စီတွေရဲ့ စခန်းစွန့်ခွာထွက်ပြေးမှုနဲ့ လက်နက်ချအညံ့ခံမှုတွေကြောင့် အလွယ်တကူသိမ်းယူနိုင်ခဲ့တယ်ဆိုတာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကတစ်ဆင့် မြင်တွေ့နိုင်ပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကို အသုံးချပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍတိုင်းမှာ ကျဆုံးနေတဲ့သတင်းတွေကို တန်ပြန်ချေဖျက်နိုင်ဖို့ နေ့စဉ်ထုတ်ပြန်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒါကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်အချို့ဆိုရင် တပ်မတော်သီချင်း၊ တပ်မတော် ထောက်ခံအားပေးနေကြောင်း ရင်တွင်းစကားပေးပို့ခြင်း အစီအစဉ်တွေကို သီးသန့်တင်ဆက်ပေးတဲ့ ချန်နယ်အနေနဲ့ လုပ်ဆောင်လာတာကိုတောင် တွေ့နေရပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) လက်ထက်က ရက်ပေါင်း ၄၀ ကြာတိုက်ခဲ့ပေမယ့် မသိမ်းနိုင်ခဲ့ဘူးလို့ ကြွားဝါခဲ့တဲ့ နာမည်ကျော်ကွမ်လုံမြို့ကို ၁၀၂၇ စစ်ဆင်ရေးမှာတော့ ၁၂ ရက်တည်းနဲ့ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်ဆိုတာကလည်း စစ်ကောင်စီတပ်ရဲ့ စိတ်ဓါတ်တွေက ဆုတ်ယုတ်နေပြီဆိုတာ ထင်သာလာပါတယ်။ ကွမ်လုံမြို့ကို သိမ်းနိုင်ခဲ့တာက ကွမ်လုံမြို့နယ်အတွင်းရှိ ကံမိုင်းဒေသ အခြေစိုက် ခလရ (၁၄၃) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ဟဲ့ဟော်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေ လက်နက်ချပြီး ဘက်ပြောင်းခိုလှုံခဲ့တဲ့ဖြစ်စဉ်တွေကြောင့် အမြန်ဆုံးသိမ်းနိုင်ခဲ့တယ်ဆိုတာ ထည့်သွင်းစဉ်းစားနိုင်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
လက်နက်အင်အားတောင့်တင်းခိုင်မာပါလျက်နဲ့ စခန်းကိုစွန့်ခွာထွက်ပြေးကြတာတွေဟာ စစ်ကောင်စီရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျမှု၊ စိတ်ဓာတ်ပျက်ပြားမှုတွေကို ထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့ ရုပ်လုံးတွေဖြစ်နေပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ရှေ့တန်းမှာဒဏ်ရာရခဲ့တဲ့ အရာရှိတွေဆီအားပေးစကားသွားရောက်ပြောကြားပြီး စိတ်ဓာတ်မြှင့်တင်ရေးတွေမှာ ပါဝင်လှုပ်ရှားနေတာကို တွေ့ရပေမယ့် တကယ်တမ်းမှာတော့ ဒါဟာဝါဒဖြန့်ဖို့ သက်သက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CDM စစ်သားတစ်ဦးဖြစ်တဲ့ ကိုနောင်ရိုးက ဆိုပါတယ်။
တော်လှန်ရေးကာလ သုံးနှစ်ပြည့်ခါနီးအထိ စစ်မြေပြင်တွေမှာပဲ ရုန်းကန်နေရလို့ စစ်ပန်းနေတဲ့ စစ်ကောင်စီတပ်သားတွေအတွက်တော့ စစ်ကောင်စီ လုပ်ဆောင်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး လှုပ်ရှားမှုတွေက အနာနဲ့ဆေး မအပ်စပ်တော့တဲ့အတွက် သိသာတဲ့ရလဒ်တွေ ရရှိနိုင်မှာမဟုတ်ကြောင်းလည်း ကိုနောင်ရိုးက အခုလိုဆိုပါတယ်။
“အခုဆိုရင်သူတို့ကို ပြည်သူတွေက အားပေးကူညီနေတယ်။ တပ်မတော်ကအချင်းချင်း စည်းလုံးနေပါတယ်ဆိုတဲ့ ဟာကိုပြဖို့ စာလွှာတွေရှေ့တန်းတွေကိုပို့တယ်။ ဒံပေါက်ဗူးတွေကို လေကြောင်းကနေလိုက်ပို့နေတာကို တွေ့လာရတယ်။ ဒါတွေကလည်း စစ်ကောင်စီတပ်တွင်းမှာ တော်တော်လေးကို စိတ်ဓာတ်ကျဆင်းနေတယ်။ ဒါတွေကို စိတ်ဓာတ်ပြန်မြှင့်တင်နိုင်ဖို့ဆိုပြီးတော့ လုပ်တာပေါ့နော်။ စိတ်ဓာတ်မြှင့်တင်ရေးကို အထူးတလည်လုပ်တာပေါ့။
ဒါပေမယ့်လည်း ဆေးမြီးတိုနဲ့ ကုတဲ့ဟာပါပဲ။ တကယ့်တကယ်မြေပြင်မှာက ဘယ်လောက်ထိ ခက်ခက်ခဲခဲကြုံနေရတယ်။ အောက်မှာဆိုရင် စစ်ပန်းနေလည်း အနားမရဘူး။ ဆက်တိုက်စစ်ဆင်ရေး လုပ်ဆောင်နေရတယ်။ အင်အားတွေလည်း တကယ့်တကယ် အရေးအကြောင်းဆို စစ်ကူ၊ ပစ်ကူမရှိဘူး။ အငတ်ငတ်အပြတ်ပြတ်နဲ့ နေနေရတယ်။ သွားနေရတယ်။ နေ့စဉ်ဓူဝသေနေရတယ်။ ပြီးရင်ဘာကြောင့် စစ်တိုက်နေရမှန်း မသိဘူး။ ဒါဟာ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးရှာမှုကြောင့်၊ ဖြစ်လာတဲ့အကျိုးဆက်တွေကြောင့် သူတို့ကစတေးနေရတယ်ဆိုတာက အောက်ခြေတပ်ဖွဲ့ဝင် တော်တော်များများက ပိုပြီးမှ သိရှိနားလည်လာတယ်။ ဒါတွေက မှားယွင်းနေတယ်ဆိုတာ ပိုပြီးနားလည်လာတယ်။ သူတို့ဘာအတွက် လုပ်ဆောင်နေရမှန်း မသိဘူးဆိုတာ ပိုပြီးနားလည်လာတယ်။
သူတို့အသုံးချခံဘဝ ဖြစ်နေတယ်ဆိုတာ ပိုပြီးသိမြင်လာတယ်။ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုဟာ အမြင့်မားဆုံး အခြေအနေ ရောက်လာတာပေါ့နော်၊ အမှန်တရားကိုပိုပြီး သိမြင်လာတယ်လို့တောင် ပြောလို့ရတယ်ပေါ့။ ဒီလိုမျိုးအနေအထားမျိုးမှာ၊ တပ်တွင်းစိတ်ဓာတ်ချွတ်ခြုံကျနေတဲ့ အနေအထားမျိုးမှာ တစ်ပွဲထိုးဆေးမြီးတိုနဲ့ ကုတဲ့ပုံစံမျိုး၊ ရေရှည်အနှစ်သာရမပါတဲ့ တစ်ပွဲထိုးကုစားမှုတွေက မည်သည့် ထိရောက်မှုမှလည်း ဖြစ်မလာဘူး။ ပြန်လည်ကောင်းမွန် နလံထူထောင်မှုလည်း ဖြစ်မလာဘူး။ ဒါပေမယ့် ဘာပဲမြင်သာလည်းဆိုရင် သူတို့တပ်တွင်းမှာ တော်တော်လေးကို တပ်တွင်းစိတ်ဓာတ်ကျဆင်မှုသာ တော်တော်ကြီးကြီးဖြစ်နေလို့ သူတို့ဒီလိုမျိုး ထလုပ်နေရတယ်ဆိုတာ ပိုမိုပေါ်လွင်လာတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။”