ဟန်ချက်ညီ စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲ ဘယ်လောက် ရှေ့ဆက်နိုင်မလဲ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
7 November 2023 – Kachinwaves
MNDAA၊ AA နဲ့ TNLA တို့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက စခန်းတွေ တစ်ခုပြီးတစ်ခု စစ်ကောင်စီလက်လွှတ်နေရတဲ့အချိန် စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း၊ လုံခြုံရေး၊ စစ်ဆေးရေးဂိတ်တွေဟာလည်း တိုက်ခိုက်သိမ်းပိုက်ခံနေရပြီး ကောလင်းခရိုင်မြို့အထိ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာတဲ့သတင်းတွေ ကြားနေရပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရဲ့ ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးရုံးမှာ မနေ့ကပဲ တော်လှန်ရေးအလံကို စိုက်ထူနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ကောလင်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အချက်အခြာကျတဲ့ နေရာ ၃ ခုဖြစ်တဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ အ.ထ.က (၁) ကျောင်းကြီးထဲက စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ဒေသတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က နိုဝင်ဘာ ၆ ရက်နေ့မှာ ကောလင်းမြို့မှာ တော်လှန်ရေးအလံ စိုက်ထူခဲ့တာပဲ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်မှု စတင်ချိန်ကတည်းက ကြွေးကြော်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲဆိုတာ အောက်တို ၂၇ ရက်နေ့မှာ စခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးကနေစလာပြီး နွေဦးလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းမှာ မနေ့က လက်တွေ့မြင်လာရတာ ဖြစ်ပါတယ်။
၂၀၂၃ နိုဝင်ဘာလရဲ့ ပထမအပတ်အတွင်းမှာပဲ ကောလင်းနည်းတူ စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့သတင်း သိရပါတယ်။ ကောလင်းမြို့သိမ်းတိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၃ ရက်နေ့ တစ်မနက်တည်းမှာပဲ အရာတော်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကလေးမြို့နယ်နဲ့ တမူးမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ အသီးသီးဟာ စစ်ဆင်ရေးတွေ ဆက်တိုက် လှုပ်ရှားခဲ့တာကို သိရတယ်။
တမူးမြို့မှာရှိတဲ့ နမ့်ပတ်မြို့မရဲစခန်း၊ ဝိတုတ်ရွာ စစ်တပ်စခန်းနဲ့ ကလေးမြို့တောင်ပိုင်းက ရာဇဂြိုဟ်အကျဉ်းစခန်းနဲ့ တောင်ပိုင်းက မြောက်စည်းရွာရဲစခန်းေတွကို ဒေသတော်လှန်ရေးတပ်ဖွဲ့ အသီးသီးက စခန်းသိမ်းနိုင်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အကျဉ်းစခန်းမှာရှိတဲ့ စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းလုံးဟာ လက်နက်ချအလင်းဝင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
အရာတော်မြို့အထွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂိတ်စခန်းတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့သလို စခန်းဘန်ကာတွေပါ ဖျက်ဆီးနိုင်ခဲ့ပြီး ကောလင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျွန်းလှမြို့နယ်၊ ဆင်စွယ်ကျေးရွာ ရဲစခန်းကိုလည်း ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၂၈ ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အလားတူ နိုဝင်ဘာ ၄ ရက်နေ့ မနက်က ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးကားလမ်းမပေါ်က မြပုလဲဂိတ်စခန်းကို တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါသေးတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် ကချင်၊ ကရင်၊ ချင်း စတဲ့ပြည်နယ်တွေက တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာကို တွေ့ရပါတယ်။
ဒီလိုစစ်ဆင်းရေး စစ်မျက်နှာတွေ များလာတဲ့အခါ စစ်ကောင်စီတပ်က စစ်ကူအင်အားအလျဉ်မီရောက်ရှိနိုင်ဖို့ အခက်အခဲရှိလာပြီး စစ်ကောင်စီစစ်သားတွေက ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ခဲ့ပေမဲ့ စခန်းတွေကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲတာကြောင့် လေကြောင်းစစ်ကူကို အားထားနေရပေမဲ့ စခန်းတွေကို လက်လွှတ်နေရတာကို တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ၁၀၂၇ စစ်ဆင်ရေး သတင်းထုတ်ပြန်ချက်မှာ အခုလိုရေးထားပါတယ်။
“ရန်သူစစ်ကောင်စီသည် မြေပြင်တိုက်ပွဲများ၏ စစ်မျက်နှာစာများတွင် ခုခံစစ်မဖော်ဆောင်နိုင်ခြင်းကြောင့် လေကြောင်းပစ်ကူမှုနှင့် လေကြောင်းမှ ထောက်ပို့မှုကိုသာ အားထားနေရပြီး တဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ လှုပ်ရှားခြင်းမရှိသော နေရာဒေသများရှိ အရပ်သားပြည်သူများကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာ နေသည်ကို တွေ့ရသည်။”လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ပုလဲမြို့နယ်အတွင်းက ပြည်သူတွေကို ခေါင်းဖြတ်သတ်ဖြတ်လေ့ရှိတဲ့ “ခေါင်းပဲစားတယ်” ဆိုတဲ့ ကျားဘီလူးစစ်ကြောင်းတောင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်မဆိုင်တော့ပဲ ရှောင်တိမ်းသွားနေရတယ်လို့ မြေလတ်အသံရဲ့ နိုဝင်ဘာ ၃ ရက်နေ့သတင်းမှာ ရေးသားထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်မြို့နယ်အတွင်းက စစ်တပ်ကုန်းနဲ့ စစ်ဆေးရေးဂိတ်တွေက ဘန်ကာကတုတ်တွေ ထပ်တိုးဆောက်လုပ်နေတဲ့အကြောင်းကို ဒေသခံတွေထံကနေ သိရတဲ့အပြင် နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေလည်း မြို့သိမ်းတိုက်ပွဲ သတင်းတွေကြောင့် ထိပ်လန့်နေကြတယ်လို့ နီးစပ်သူတွေထံက ကြားနေရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲတွေမှာ ပြုန်းတီးသွားတဲ့ အင်အားတွေကို အလျဉ်မီပြန်ဖြည့်နိုင်ဖို့ စစ်ကောင်စီဟာ စစ်ကိုင်းအညာဘက်နဲ့ နေပြည်တော်က တပ်ရင်းတွေကပါ ထုတ်နုတ်နေရတယ်လို့လည်း Myanmar Now ရဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးမှာ တွေ့မြင်ရပါတယ်။
တော်လှန်ရေးအစပိုင်းမှာ မျှော်လင့်ကြွေးကြော်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲအောင်မြင်ရေး စစ်ကိုင်းတိုင်းမှာ ပထမဆုံး ရောင်နီလေး ခပ်ရေးရေး စတင်မြင်နေရပြီ ဖြစ်ပါတယ်။ စစ်ကောင်စီအခက် တော်လှန်ရေးအချက်အနေနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဟန်ချက်ညီစစ်ဆင်ရေး ဘယ်လောက်ထိ ရှေ့ဆက်နိုင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်မြင်တွေ့နိုင်ပါ့မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။