ဆက်တိုက်ရင် စစ်ကောင်စီလှန်ကျ နိုင်ကြောင်း ၁၀၂၇ စစ်ဆင်ရေး သက်သေပြနေ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
31 October 2023 – Kachinwaves
ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ ပြေလေဖို့ စစ်ကောင်စီတပ်က ကြိုးစားခဲ့ပေမဲ့ မပြေလေတဲ့အခါ စစ်ခေါင်းဆောင်ကိုယ်တိုင် ရှမ်းပြည်နယ်မြောက်ပိုင်းကို ကြွလာပြီး နိုင်ငံရေးပန်တိုင်းမရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးခဲ့ရပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရှမ်းပြည်နယ်က ပြည်သူ့စစ်အဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့အချိန်ဟာ ကချင်ပြည်နယ် KIO/KIA ဌာနချုပ်အနီး လိုင်ဇာဒေသသို့ စစ်ကောင်စီထိုးစစ်ဆင်နေပေမဲ့ ေရှ့မတိုးနိုင်ဖြစ်နေပြီး ရှမ်းေမြာက်က ပြည်သူ့စစ်တွေ စစ်ကူသွားနေရတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့အချိန် ဖြစ်ပါတယ်။
ဒါပေမဲ့ လိုင်ဇာဒေသဘက်က ထိုးစစ်အကြောင်းမလှ စခန်းသိမ်းခံရပြီး အင်အားစုစည်းကာ ပြန်တိုက်ယူမယ်လို့ စစ်ကောင်စီကြွေးကြော်လိုက်တဲ့ တစ်ပတ်အတွင်းမှာပဲ KIO/KIA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ကြေညာဖော်ဆောင်လိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကြေညာထားတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ AA၊ TNLA၊ MNDAA နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနှစ် ဇွန်လ ပထမအပတ်က ရှမ်းပြည်နယ် အထူးဒေသ – ၄ မိုင်းလားမြို့မှာ တွေ့ဆုံခဲ့ပေမဲ့ အဆင်မပြေမှုတွေကြောင့် သုံးရက်ကြာဆွေးနွေးဖို့ ပြင်ဆင်ထားပေမယ့် ၃ နာရီသာတွေ့ဆုံပြီး ကိစ္စပြတ်ခဲ့ရတယ်လို့ ရွှေဖီမြေသတင်းဌာနက ရေးသားခဲ့တဲ့ “ဆောင်းဦးအကြို စစ်ရေးပိုလေမလား” ဆိုတဲ့ဆောင်းပါးမှာ ရေးသားထားပါတယ်။
KIA ကို ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ အခြေအနေမဟန်တဲ့ စစ်ကောင်စီက မြောက်ပိုင်းညီနောင်တွေနဲ့ တွေ့ဆုံမှုမှာလည်း ရလဒ်မကောင်းခဲ့တဲ့အခါ စစ်ခေါင်းဆောင်ကိုယ်တိုင် လားရှိုးမြို့ကိုသွားပြီး စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးရေး လုပ်လာရတဲ့ သဘောတွေ့ရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းရဲ့ အဓိကပြည်သူ့စစ်အုပ်စုတွေဖြစ်တဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်၊ မန်ပန်ပြည်သူ့စစ်၊ စိန်ကျော့၊ မုံစီးနဲ့ ထင်ပါကျိုင်း စတဲ့ပြည်သူ့စစ်အုပ်စုတွေရဲ့ ခေါင်းဆောင်တွေ အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ရဲ့ ခေါင်းဆောင်ပိုင်းနဲ့လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ ရှမ်းမြောက်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ အတူပူးပေါင်းပြီး လုပ်ဆောင်သွားဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာနိုင်ဖို့ကို ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ တိုက်တွန်းစေလိုကြောင်း အဓိကထားပြောကြားခဲ့တာကို တွေ့ရပါတယ်။
သို့ပေမယ့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ အွန်လိုင်းလောင်းကစားလိမ်လည်မှု ကုမ္ပဏီများနဲ့ အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နှင်နိုင်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ရည်ရွယ်ချက်တွေပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြေညာပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းတွေ တစ်ခုပြီးတစ်ခု တောက်လျှောက်သိမ်းပိုက် နေပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ” ‘ဝ’ နဲ့ မိုင်းလားဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာ ကြီးတာဖြစ်ပါတယ်လို့ ပြောထားတာကို တွေ့ရပါတယ်။
တစ်နိုင်ငံလုံးကို စစ်မျက်နှာပြင်ဖွင့်ထားရတဲ့ စစ်ကောင်စီဟာ စစ်အင်အားလုံလောက်မှု မရှိတော့တဲ့အတွက် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ပြည်သူ့စစ်နဲ့ စစ်မှုထမ်းဟောင်တွေကို သက်ဆိုင်ရာစစ်တိုင်းမှူးတွေက ရိက္ခာထောက်ပံ့ကြေးတွေပေးပြီး လိုက်လံစည်းရုံးနေရတာကို စစ်ကောင်စီသတင်း ဖော်ပြမှုတွေအရ တွေ့ရပါတယ်။
ရှမ်း၊ မွန်၊ တနင်္သာရီ၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း ကရင်၊ ကချင်ဒေသတွေမှာရှိတဲ့ ပြည်သူ့စစ်အုပ်စုတွေဆီ စစ်တိုင်းမှူးတွေက ဩဂုတ်လ၊ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ခပ်စိပ်စိပ်လိုက်လံ စည်းရုံးနေတာကို တွေ့နေရပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေး စစ်သည်အင်းအား အရေးတကြီးလိုအပ်နေလို့ အရင်က အလေးသိပ်မထားခဲ့တဲ့ ပြည်သူ့စစ်တွေကို စည်းရုံးနေရတာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအခြေအနေအရ စစ်ရေးနိုင်ငံရေးထက် စီးပွားရေး အကျိုးအမြတ်တွေကိုသာ စိတ်ဝင်စားတဲ့ ပြည်သူ့စစ်တွေဟာ တော်လှန်ရေးစိတ်ဓါတ်ရှိတဲ့ တိုင်းရင်းသားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရေးစွမ်းရည်နဲ့ လက်နက်အင်းအား ကောင်းကောင်းအသုံးချကာ ထိုးစစ်ဆင် တိုက်ခိုက်လာရင် တောင့်မခံနိုင်ဘူးဆိုတာ ၁၀၂၇ စစ်ဆင်ရေးက သက်သေပြနေပါပြီ။