မဟာမိတ်တွေရဲ့ လျှပ်တပြတ်ထိုးစစ်ကြောင့် စစ်ကောင်စီတပ် အထိနာပြီး ပြာယာခတ်နေရတဲ့ နေ့ရက်များ
27 October 2023 – Kachinwaves
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့က အဓိပ္ပာယ်ပြည့်ဝအောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ကပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပြီးနောက် ဒီမနက် အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်အာဏာရှင်နဲ့ ကျားဖြန့်လုပ်ငန်း အမြစ်ဖြတ်ချေမှုန်းရေး ၁၀၂၇ စစ်ဆင်ရေးကို စတင်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
၎င်းညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာမှာ လက်မှတ်ထိုးခဲ့တဲ့ NCA စာချုပ်မှာ ထိန်းချုပ်နယ်မြေ၊ လူအင်အားနဲ့ ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆိုထားတာမရှိဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ချန်လှပ်ထားခြင်းခံခဲ့ရတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ၎င်းသုံး ၃ နဲ့ မဟာမိတ်ဖြစ်တဲ့ KIO/KIA ကလည်း လက်မှတ် မထိုးခဲ့ပါဘူး။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ဟာ စစ်အာဏာရှင် တော်လှန်ရေးနဲ့ အွန်လိုင်း လောင်းကစားလိမ်လည်မှု လုပ်ငန်းတွေနဲ့ ထောက်ပံ့ကူညီပေးနေတဲ့ နောက်ကွယ်က အဖွဲ့အစည်းတွေကို တိုက်ဖျက်မယ့် ၁၀၂၇ စစ်ဆင်ရေးကိုစတင်ပြီလို့ ကြေညာလိုက်တဲ့ ဒီနေ့မနက်ပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကွမ်လုံမြို့နယ်အတွင်းတွေမှာ စစ်ဆင်ရေးတွေ ဆက်တိုက်လှုပ်ရှားခဲ့ပါတယ်။
TNLA တပ်ဖွဲ့က ဒီနေ့မနက် ၄ နာရီမှာ နမ့်ခမ်းမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ် ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာရှိတဲ့ ၁၃ မိုင်စခန်းနဲ့ မိုက်ခရိုဝေ့တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါစခန်းနှစ်ခုဟာ စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းအထိုင်ချထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။
ဒါ့အပြင် လားရှိုး – ကွမ်လုံ – လောက်ကိုင် – မူဆယ် စတဲ့ လမ်းကြောတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ဒီမနက်မှာ MNDAA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ တပြိုင်နက် တိုက်ခိုက်ခဲ့ပါတယ်။
ကြားသိရတဲ့ သတင်းတွေအရ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အဝင်က ဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်၊ လားရှိုးမြို့အဝင် ဟိုပိတ်ရွာတိုးဂိတ်တွေကို MNDAA က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က အထိနာပြီး ချင်းရွှေဟော်မြို့ကိုလည်း MNDAA အဖွဲ့က ထိန်းချုပ်ထားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဒီနေ့မနက်မှာပဲ လားရှိုးမြို့လေဆိပ်ကို ပိတ်ပင်ထားလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
ဒီနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာသား ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာ ရရှိခဲ့တဲ့အပြင် နမ့်ခွမ်းကျေးရွာက အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ထိခိုက်ခံရပြီး ကလေးငယ်ဟာ သေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုကို စစ်ကောင်စီဘက်က အလစ်အငိုက်ခံနေရပြီး အထိနာနေတဲ့အချိန်၊ ဒီမနက် ၆ နာရီမှာ စစ်ကိုင်းတိုင်းအတွင်းက ထီးချိုင့်မြို့နယ် – ကောလင်းမြို့နယ် – အင်းတော်မြို့နယ်နဲ့ ဝန်းသိုမြို့နယ်အစပ်မှာရှိတဲ့ မင်းဝံတောင်တန်းပေါ်က ရက္ခိုင့်တပ်တော် (AA) နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ စခန်းတွေကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းဝံတောင်တန်းပေါ်ကို စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှု မရှိဘူးလို့ သိရှိရပါတယ်။
ဒါ့အပြင် AA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွက် စစ်အင်အားဖြည့်ဖို့ ထီးချိုင့်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA တပ်မဟာ (၉) ရဲ့ ရှေ့တန်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ပြန်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာကို ဒေသခံတွေထံက သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ အလစ်အငိုက်တိုက်ခိုက်တာ ခံနေရတဲ့တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းမှာလည်း စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲသဏ္ဍာန် ဖော်ဆောင်နေကြောင်း သိရပါတယ်။
အရှိန်အဟုန်နဲ့ ထိုးနှက်ခံလိုက်သလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လျှပ်တပြတ်စစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေဟာ တောင်မြောက်၊ အရှေ့အနောက် ကူးလူးဆက်သွယ်သွားလာနေရင်း အလုပ်ရှုပ်နေရတာကို လေကြောင်းသတိပေး တယ်လီဂရမ်ချန်နယ်တွေကနေ တွေ့မြင်နေရပါတယ်။
ကချင်ပြည်နယ်က ၃ လ ကျော်ထိုးစစ်မှာ စခန်းသိမ်းတိုက်ပွဲနဲ့ ထိုးနက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ လောလောလတ်လတ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပြန်လည်ထိုးနက်ခံနေရပြီး ပြာယာခတ်နေရတဲ့ သဘောရှိပါတယ်။