စခန်းပြန်တိုက်ယူဖို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီ နဲ့ KIA ရဲ့ စစ်ရေးတုံ့ပြန်မှုတွေက ဘယ်လို စခန်းသိမ်းတိုက်ပွဲတွေကို မြင်တွေ့စေမလဲ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
24 October 2023 – Kachinwaves
ရင်ခွင်ပိုက်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၂၉ ဦးကို သေဆုံးစေခဲ့တဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်အပြီး KIA နဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးအခြေအနေကိုကြည့်ရင် စစ်ကောင်စီဘက်က အခိုင်အမာတည်ဆောက်ထားတဲ့ တပ်စခန်းတွေ သိမ်းပိုက်ခံခဲ့ရတာကို တွေ့ရပါတယ်။
မုန်လိုင်ခက်ဖြစ်စဉ်အပြီး KIA က စစ်ရေးတုံ့ပြန်လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းက ဗျူဟာကျတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းသုံးခုကို KIA က သိမ်းပိုက်နိုင်ခဲ့ ပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ မနက်က ရွှေကူ – ဗန်းမော်ကားလမ်းပေါ်က ငါးဘတ်ကြီးရွာမှာ အထိုင်ချတဲ့ စစ်ကောင်စီတာဝါတိုင်ကုန်းစခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း များ သိမ်းယူနိုင်ခဲ့ပါတယ်။ နောက်နေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း၊ ပန်ဆိုင်းမြို့နယ်၊ မုံကိုးမြို့အနီးက ဝိန်းလာတောင် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို၊ အောက်တိုဘာ ၂၀ ရက်နေ့ မှာလည်း မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်အစပ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းက စစ်တပ်ရဲ့ အရေး ကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ လိုင်လွမ် (အောင်ဂျာ)စခန်းကုန်းကြီးကို သိမ်းယူနိုင်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အသေအဆုံးများခဲ့သလို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း အလျော်အစားကြီးမားခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့က လိုင်လွမ်စခန်းကုန်းတိုက်ပွဲ မှာ KIA၊ KPDF တပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ KIA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရှိရပါတယ်။
ဒါ့အပြင် အရေးကြီးစခန်းကုန်းတွေ လက်လွတ်သွားပြီး စစ်ရေးအထိနာသွားတဲ့ စစ်ကောင်စီတပ်က တစ်ဖက်သတ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ KIA ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ တီးမားကျေးရွာအနီးက KIA တပ်မဟာ (၆) စခန်းကို တိုက်လေယာဉ်နဲ့ ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIO နဲ့ KIA အမှုထမ်း ငါးဦးထက် မနည်း ကျဆုံးခဲ့တယ်လို့ ကချင်ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း တိုက်ပွဲမဖြစ်ဘဲ ဖားကန့်ဒေသက KIA တပ်မဟာ (၉) နယ်မြေ အတွင်းကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တဲ့အတွက် KIA ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။
အရပ်သားပြည်သူ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ပြည်တွင်းပြည်ပရဲ့ ပြစ်တင်ရှုတ်ချမှုခံနေရချိန် KIA ရဲ့ စစ်ရေးတုံ့ပြန်မှုတွေကြောင့် တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ရဲ့ ကြမ်းတမ်းတဲ့ လှုပ်ရှား မှုတွေ ဟာ အရှိန်လျော့မသွားဘဲ ကချင်ပြည်နယ်မှာလည်း ပိုမိုကြမ်းတမ်းလာတာကို တွေ့မြင်လာရပါတယ်။ ကြွက်မနိုင် ကျီမီးရှို့တတ်တဲ့ စစ်ကောင်စီတပ်ဟာ ထုံးစံအတိုင်း အရပ်သားတွေအပေါ် ရှုံးမဲမဲပြီး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူတွေက ရှုမြင်နေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့က ကချင်ပြည်နယ် ကားမိုင်း – ဖားကန့်လမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မိုင်းဆွဲခံရတဲ့နေရာအနီးရှိ မအူပင်ကျေးရွာက နေအိမ်နှစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ကားမိုင်းစစ်တပ်ကုန်းမှလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ပျက်စီးခဲ့ရတဲ့နေအိမ်တွေလည်း ရှိခဲ့ပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မိုးမောက်မြို့နယ်၊ လုံဂျုံယန်ကျေးရွာက နေအိမ် ၁၃ လုံး နဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ဒိန်ဂါယန်ကျေးရွာက နေအိမ် ၁၆ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါကျေးရွာတွေကို လိုင်လွမ် (အောင်ဂျာ)စခန်းဘက် စစ်ကူလာစဉ် ကြားဖြတ် တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းတွေက မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ မြေပြင်အတွင်းက ဒေသခံတွေ သာမကပဲ မြို့ကြီးတွေမှာပါ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေက ပိုမိုကြမ်းတမ်းလာတာကို တွေ့ရပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့က ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှာ နေထိုင်တဲ့ KIO အမှုထမ်းဟောင်းတစ်ဦးနဲ့ ၎င်းရဲ့မိသားစုဝင်တွေကို ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်မှာပဲ နေအိမ်ကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဗန်းမော်မြို့အတွင်းမှာ အရပ်သား ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေထံမှ ကြားသိရပါတယ်။
အလားတူ မိုးကောင်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီက အရပ်သားဖမ်းဆီးမှုတွေကို ဆက်တိုက် ပြုလုပ်နေတဲ့အတွက် ဆယ်ကျော်သက် လူငယ်လူရွယ်တွေဟာ မြို့မှာမနေရဲတော့ဘဲ၊ အခြားမြို့နယ်တွေမှာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီထောက်ခံသူတွေကလည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နားကို ဗုံးကြဲတိုက်ခိုက်ဖို့ တွန်းအားပေး နေတာကို အွန်လိုင်းလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ မြင်တွေ့နေရပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ကလည်း လက်လွတ်ခဲ့ရတဲ့ လိုင်လွမ်စခန်းကုန်းနဲ့ ဝိန်းလာတောင်စခန်းကုန်းတွေကို ပြန်တိုက်ယူမယ်လို့ ကြွေးကြော်ထုတ်ပြန်ထားပါတယ်။
လေကြောင်းအားကိုးနေရတဲ့ စစ်ကောင်စီတပ်ဟာ စခန်းကုန်းတွေကို ဘယ်လိုပြန်တိုက်ယူမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ကချင်ဒေသ စစ်ရေးအခြေအနေ ဖြစ်ပါတယ်။ KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေကလည်း သိမ်းပိုက်နိုင်ခဲ့တဲ့အရေးကြီး စခန်းကုန်းတွေကို ဘယ်လိုဆက်ထိန်း သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကချင်ပြည်နယ်ရဲ့ တော်လှန်ရေးစစ်မီးအဟုန် ဘယ်လို စခန်းသိမ်းတိုက်ပွဲတွေကို မြင်တွေ့စေမလဲဆိုတာ ဆက်လက်စောင့်ကြည့် ရပါအုံးမယ်။