အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ဖြစ်ပျက်ခဲ့တဲ့ အစုလိုက်အပြုံလိုက် အရပ်သား သေဆုံးမှု
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
10 October 2023 – Kachinwaves
အခုဗီဒီယိုဖိုင်မှာ မြင်တွေ့ရတဲ့ တစ်လကျော်မွေးကင်းစအရွယ် ကလေးငယ်ရဲ့ မိခင်အပါအဝင် လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းရှိပြည်သူတွေနဲ့ အရပ်သားပြည်သူတွေဟာ မနေ့ည ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီတပ် ကြဲချခဲ့တဲ့ ပြင်းအားကြီးတဲ့ လေယာဉ်ဗုံးနဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် (၂၉) ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၆၀ နီးပါး ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒဏ်ရာရနဲ့ သေဆုံးစာရင်းထဲမှာ အသက် (၁၆)နှစ်အောက် ကလေး (၁၁) ဦးပါဝင်ကြောင်း ကေအိုင်အိုရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက စစ်ရှောင်ပြည်သူတွေနဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့ မုန်လိုင်ခက်ရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချမှုကြောင့် ပြင်းထန်တဲ့ မြေမျက်နှာပြင် တုန်ခါမှုကြီးနဲ့အတူ ပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်ခဲ့ပြီးနောက် မုန်လိုင်ခက်စစ်ရှောင်စခန်းနေအိမ်တွေလည်း ကြေကြေညက်ညက် ပျက်စီးသွားကာ သေဆုံးနေတဲ့ ကလေးငယ်တွေရဲ့ အလောင်းတွေနဲ့ ကြေကွဲဝမ်းနည်းစရာ အနိဋာရုံမြင်ကွင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။
မနေ့ညက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူ ပြောပြတာက “ဖြစ်စဉ်ကတော့ မနေ့ကည ၁၁ နာရီခွဲအချိန်လောက်မှာ ဖြစ်တာဖြစ်ပါတယ်။ လာပစ်တဲ့ ပုံစံကတော့ လေကြောင်းနဲ့ပစ်တဲ့ပုံစံမျိုးနဲ့ ပစ်တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အိပ်ပျော်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် လေယာဉ်သံပျံသန်းနေတဲ့ အသံတွေတော့ မကြားဘူး။ ဒရုန်းနဲ့လာပစ်တဲ့ ပုံစံလားပေါ့နော်။ ဒါတစ်ချက်။ ဒုတိယ တစ်ချက်ကတော့ ခါ့ယာတောင်၊ ဘွမ်ရဲတောင်ဘက်ကနေလည်း လက်နက်ကြီးနဲ့လည်း ပစ်ပါတယ်။ မိုင်းကြီးကျတဲ့နောက်ပိုင်းမှာလည်း လက်နက်ကြီး သုံးလေးခါပစ်တာရှိပါတယ်။ ဒါကသူတို့ပစ်တဲ့ ပုံစံကိုပြောတာပေါ့နော်။ နောက်ဗုံးကြဲတာက အင်မတန်ကြီးတဲ့ အင်အားကြီးတဲ့ ဗုံးနဲ့လာကြဲတာ ဖြစ်ပါတယ်။ ဒါကြောင့် မုန်လိုင်ခက်မှာရှိတဲ့ ပြည်သူလူထုရဲ့ အဆောက်အဆုံတွေ ပြန်သူလူထုတွေလည်း ခုလိုမျိုး အစုလိုက်အပြုံလိုက် သေသွားတယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့ အနေအထားဖြစ်ပါတယ်”
ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး စစ်ကောင်စီရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပြီး KIA ရဲ့ လက်နက်ခဲယမ်းတိုက် ပေါက်ကွဲတာကြောင့် ဖြစ်တယ်လို့ BBC ကို အင်တာဗျူးဖြေဆိုထားတာ တွေ့ရပါတယ်။
သို့ပေမယ့် မုန်လိုင်ခက်စစ်ရှောင်စခန်းက စခန်းတာဝန်ရှိသူတစ်ဦးက မနေ့ညကဖြစ်စဉ်ဟာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာဖြစ်ပြီး စစ်ကောင်စီဘက်ကပြောသလို လက်နက်သိုလှောင်ရုံ ပေါက်ကွဲတယ်ဆိုတာ မဟုတ်မှန်ကြောင်း အခုလိုပြောဆိုပါတယ်။
“လေယာဉ်ဟုတ်တယ်။ တချို့က လေယာဉ်သံကို မကြားလိုက်ဘူး။ လေယာဉ်သံကြားလိုက်တဲ့ သူတွေရှိတယ်။ လေယာဉ်သံကြားတာနဲ့ ခဏလေးအတွင်းမှာ ပေါက်ကွဲသံကြားရပြီး လိုင်ဇာတစ်မြို့လုံး တုန်ခါသွားတာပဲ။ သူတို့ (စစ်ကောင်စီ) ပြောသလို ကိုယ့်လက်နက်နဲ့ ကိုယ်ပေါက်ကွဲတယ်ဆိုတာ မဟုတ်ဘူး။ အဲ့မှာ ဘာဗုံးထားတဲ့နေရာလည်း မဟုတ်ဘူး။ တစ်ကြိမ်ပဲ ပေါက်ကွဲတယ်ဆိုရင်ကတစ်မျိုး အခုဟာက နောက်ထပ် ၃ လုံးလောက်အပေါ်ကနေ ကျလာတာ။ အဲလေယာဉ်ဗုံး အရင်ကျပြီးနောက် ၁၂၀ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်လိုက်တယ်လို့ပဲ သိရတယ်”
မုန်လိုင်ခက်စစ်ရှောင် အိမ်တန်းလျား ၂ ဆောင် လုံးဝ ပျက်စီးသွားပြီး သေဆုံးသူ (၂၈) ဦးရှိတယ်လို့လည်း ပြောပါတယ်။
သေဆုံးထိခိုက်မှု အခြေအနေကို သတင်းမြေးမြန်းခဲ့တဲ့ ဒီနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်လောက်မှာ ဗိုလ်မှူးကြီးနော်ဘူ ပြောပြခဲ့တာက “အခုထက်ထိကတော့ သေသွားတဲ့အရေအတွက်က ၂၉ ဦးရှိပါတယ်။ ဒဏ်ရာရတာကတော့ ၅၇ ဦး ရှိပါတယ်။ စုစုပေါင်းကတော့ ၈၆ ဦး ရှိပါတယ်။ ၁၆ နှစ်အောက်ကလေးတွေကတော့ ၁၁ ယောက်ပါပါတယ်။ အသေးစိတ်ကတော့ ခုထက်ထိ မရသေးပါဘူး။ မုန်လိုင်ခက်မှာရှိတဲ့ စစ်ရှောင်ပြည်သူလူထုတွေရဲ့ အဆောက်အဦးလို့ ပြောရမှာပေါ့ Shelter တွေက အကုန်ပျက်စီးကုန်ပါပြီ။ လုံးဝ အသုံးပြုလို့ မရတော့ဘူး”
သေဆုံးသွားတဲ့ပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ မွန်းလွဲပိုင်းမှာ လိုင်ဇာ သုဿာန်မှာ မြေမြုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။
မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းဟာ စစ်ရှောင်မိသားစု (၁၆၀)နဲ့ လူဦးရေ (၇၀၀) လောက် ခိုလှုံနေတဲ့ စစ်ရှောင်စခန်းဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒီစစ်ရှောင်တွေဟာ ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန်စစ်ပွဲတုန်းက မြစ်ကြီးနား – ဗန်းမော်ကားလမ်း အနောက်ဘက်ခြမ်းက ကျေးရွာတွေကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေဖြစ်ကြောင်း သိရပါတယ်။ ၎င်းစစ်ရှောင် စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာလည်း မြန်မာစစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း နယ်စပ်အခြေစိုက် ဆင်ဆာ့ကဆာ (Simsa Kasa) မီဒီယာက ဖော်ပြထားပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း ဒီမုန်လိုင်ခက်အနီးက KIA ရဲ့ ဗိုလ်လောင်းသင်တန်းကျောင်းမှာ မြန်မာစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းဗိုလ်လောင်းကျောင်းမှာ တက်ရောက်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရက္ခိုင်တပ်တော် (AA) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ တော်လှန်ရေး တပ်ဖွဲ့များမှ သင်တန်းသားဗိုလ်လောင်း (၂၃) ဦးကျဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမော် – မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက် တိုက်ပွဲတွေစတဲ့အချိန်ကနေ လိုင်ဇာမြို့အနီး မုန်လိုင်ခက်ကျေးရွာနားကို စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် မနေ့ညက ပေါက်ကွဲမှုဖြစ်စဉ်ဟာ လူအများအပြားကို သေဆုံးစေခဲ့တာ ဖြစ်ပါတယ်။
KIO/KIA ဌာနချုပ်နယ်မြေ လုံခြုံရေးတပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်လှုပ်ရှားမှုတွေကြောင့် ဇူလိုင် ၃ ရက်နေ့ကနေ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန် လာခဲ့တာဟာ သုံးလကျော်လာပြီ ဖြစ်ပါတယ်။ ဒီသုံးလကျော်ကြာလာတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာမှုပိုများနေတာဖြစ်ကြောင်း Kachinwaves ရဲ့ သတင်းစောင့်ကြည့် လေ့လာချက်အရ တွေ့ရပါတယ်။
မနေ့က မနက်ပိုင်းမှာလည်း မိုးမောက်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်း အထိနာ အကျအဆုံးများကြောင်း သိရပါတယ်။
၂၀၁၁ ခုနှစ် ကချင်ဒေသတကျော့ပြန် စစ်ပွဲအတွင်း ကျေးရွာနေအိမ်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းတဲ့ နောက်ပိုင်းကလို အစုလိုက်အပြုံလိုက် သေဆုံးမှုမရှိခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုဟာ မနေ့ညက အဖြစ်အပျက်နဲ့ဆိုရင် နှစ်ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ညကလည်း ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ၊ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ ကေအိုင်အို တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ကြိုဆိုခြင်းအခမ်းအနား တေးဂီတ ဖျော်ဖြေပွဲကျင်းပနေချိန် စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် အယောက် (၇၀) လောက် သေဆုံးခဲ့ပြီး အယောက် (၆၀) ကျော် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး အစုလိုက်အပြုံလိုက် အရပ်သားသေဆုံးမှုနဲ့ ပက်သက်ပြီး ကချင်တက်ကြွလှုပ်ရှားသူက ကိုယ့်ပြည်သူပြည်သားတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာဟာ ရာဇဝင်ရိုင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း အခုလိုပြောဆိုပါတယ်။
“စစ်တပ်နဲ့ဆိုင်တဲ့နေရာတွေနဲ့လည်း ဝေးတဲ့နေရာဖြစ်တယ်။ အဲ့တော့ အဲ့ဒီနေရာကို စစ် (ပစ်မှတ်) Target လုပ်ပြီးမှ ပစ်တာဟာ အရပ်သားတွေကို တမင်သက်သက်ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာနဲ့အတူတူပဲဖြစ်တယ်။ အဲ့တာဟာ ကျွန်မတို့ International Humanitarian Law စစ်ဥပဒေနဲ့ ငြိပါတယ်။ မလုပ်သင့်တဲ့အရာဖြစ်တယ်။ သမိုင်းမှာလည်း မလုပ်သင့်ဘူး။ တကယ်ဆိုလို့ရှိရင် ဒီမှာရှိတဲ့ ကချင်တွေကလည်း မြန်မာနိုင်ငံသားတွေပဲ ဖြစ်တယ်။ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့် စစ်သားတွေကနေပြီးတော့ ကိုယ့်ပြည်သူပြည်သားတွေကို ပြန်လည်သတ်ဖြတ်တယ်ဆိုတာ အင်မတန်မှ ရာဇဝင်မှာ ရိုင်းပါတယ်”
မုန်လိုင်ခက်စစ်ရှောင်စခန်းက တာဝန်ရှိသူကလည်း စစ်ကောင်စီက အရပ်သား၊ ရန်သူမခွဲခြားဘဲ တိုင်းရင်းသားလူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တယ်လို့ ခံစားရကြောင်း ပြောဆိုပါတယ်။
“ရန်သူနေတဲ့နေရာလည်း မဟုတ်ဘူး။ အရပ်သားပြည်သူတွေ၊ စစ်ရှောင်တွေနေတဲ့နေရာတွေမှာ ဒီလိုဖြစ်တော့ ကျွန်တော်တို့ခံစားတာက ကျွန်တော်တို့ လူမျိုးတွေကို ရန်သူပြည်သူ မခွဲခြားဘဲ ပြုလုပ်တဲ့လုပ်ရပ်လို့ ထင်မြင်ယူဆတယ်။ ခံစားချက်ပြောမယ်ဆိုရင်တော့ ဒီလိုမျိုးကြေကွဲစရာ အဖြစ်အပျက် ကြုံနေရတဲ့အခါကျတော့ ပြောလို့မတတ်အောင် ခံစားနေရတယ်”
ကချင်တက်ကြွလှုပ်ရှားသူက အခုလိုမျိုးဖြစ်ရပ်တွေ နောက်နောင်အထိ သင်ခန်းစာ ယူနိုင်အောင် ဖြစ်ပျက်ခဲ့တဲ့နေရာမှာ အထိမ်းအမှတ်ပြတိုက်လိုမျိုးလုပ်ထားသင့်ပြီး ထိခိုက်နစ်နာသွားတဲ့ မိသားစုတွေ ပြန်လည်ကုစားနိုင်ဖို့၊ ဒဏ်ရာရတဲ့သူတွေ ကောင်းမွန်စွာကုသပေးဖို့နဲ့ သူတို့နလန်ထူဖို့အတွက် ကူညီပံ့ပိုးပေးဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ရည်ရွယ်ချက်ရှိရှိ ဒီလိုမလုပ်ဖို့အတွက် အခုချိန်မှာ ကျူးလွန်တဲ့သူတွေကို အရေးယူပေးနိုင်ဖို့၊ အနာဂတ်မှာလည်းပဲ ဒီလိုကျူးလွန်မှုမျိုး ထပ်မပေါ်အောင် အခြေခံဥပဒေနဲ့ ကာကွယ်ပေးတာမျိုးကအစ နောင်အခါမှာထပ်မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီးလိုအပ်တယ်လို့ ယူဆပါတယ်။ အခုလောလောဆယ်အနေနဲ့တော့ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အရာတစ်ခုလိုဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ ဒီကနေသင်ခန်းစာရဖို့နဲ့ ဒီအဖြစ်အပျက်တွေကို ဘယ်တော့မှမမေ့အောင် အခုဖြစ်သွားတဲ့နေရာမှာ ကျွန်မတို့အမှတ်တရ ပြတိုက်ဖြစ်ဖြစ် တစ်ခုခုပြုလုပ်ထားပြီးတော့မှ နောင်အခါမှာလည်း ဒီဟာကိုမြင်တိုင် ဒီလိုအဖြစ်အပျက်မျိုးတွေ ထပ်မဖြစ်အောင် နောင်လာနောက်သားတွေ သင်ခန်းစာယူစရာဖြစ်အောင် ကျွန်မတို့လုပ်ထားသင့်တယ်လို့ ယူဆပါတယ်။”
Kachinwaves ရဲ့ သတင်းစောင့်ကြည့်လေ့လာချက်အရ ဇူလိုင်လ ၃ ရက်ကနေ အောက်တိုဘာလ (၈) ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း အနည်းဆုံး (၈၅) ကြိမ်ရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဒီ ၃ လကျော် ထိုးစစ်ဆင်မှု တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့တဲ့ တိုက်ပွဲပေါင်း အနည်းဆုံး (၁၆) ကြိမ်ရှိခဲ့ပြီး၊ ၎င်းလေကြောင်း ပစ်ခတ်မှုတွေမှာ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း အနည်းဆုံး (၂၉) ကြိမ်ရှိခဲ့ပါတယ်။