KIO/KIA ဌာနချုပ် လုံခြုံရေး၊ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ ၃ လကျော်လာတဲ့ ထိုးစစ်ဆင်မှု သုံးသပ်ချက် မြင်ကွင်း
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
3 October 2023 – Kachinwaves
KIA တပ်မဟာ ၅ (KIO/KIA ဌာနချုပ် လုံခြုံရေး တပ်မဟာ) နယ်မြေအတွင်း မြစ်ကြီးနား – ဗန်းမော်လမ်း တစ်လျှောက် စစ်ကောင်စီတပ်နဲ့ KIA နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဆက်တိုက် တိုက်ပွဲဖြစ်ပွား ခဲ့တာ ဟာ သုံးလကျော်လာပြီ ဖြစ်ပါတယ်။
ဇွန်လကတည်းကနေ စစ်ကောင်စီတပ်က ထိုးစစ်ဆင်စစ်ကြောင်းလှုပ်ရှားမှုတွေ ပြုလုပ်လာခဲ့ပြီး ဇူလိုင် ၃ ရက်နေ့က ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ တောက်လျှောက်စစ်ရေး တင်းမာလာခဲ့ပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။
Kachinwaves ရဲ့ သတင်းစောင့်ကြည့်လေ့လာချက်အရ ဇူလိုင်လ ၃ ရက်ကနေ ဒီနေ့ အောက်တိုဘာလ ၃ ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ပေါင်း အနည်းဆုံး (၈၀) ကြိမ်ရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဒီ ၃ လကြာ ထိုးစစ်ဆင်မှု တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့တဲ့ တိုက်ပွဲပေါင်း အနည်းဆုံး (၁၃) ကြိမ်ရှိခဲ့ပြီး၊ ၎င်းလေကြောင်းပစ်ခတ်မှုတွေမှာ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ပေါင်း အနည်းဆုံး (၂၆) ကြိမ်ရှိခဲ့ပါတယ်။
KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လက်ရှိ KIA တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်အင်အားဟာ တစ်ထောင်နီးပါရှိမယ်လို့ ခန့်မှန်းပြော ဆို ပါတယ်။
၃ လကျော်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်လှုပ်ရှားမှုအတွင်း တွေ့ရှိရတဲ့ ထူးခြားချက်တချို့ကို ကောက်နုတ်ပြောမယ်ဆိုရင်
စစ်ကောင်စီတပ်ဘက်က ကေအိုင်အေ တပ်စခန်းတွေကို ထိရောက်တဲ့ ခြိမ်းခြောက်မှု မပြုလုပ်နိုင်တာကို တွေ့ရပါတယ်။ ဇူလိုင် ၄ ရက်နေ့က ဝိုင်းမော်မြို့နယ် လဂတ်ဘွမ်ရှေ့တန်းစခန်းငယ်တစ်ခုနဲ့ အောက်တိုဘာ ၂ ရက်နေ့က တနိုင်းလီဒိုလမ်း ကနွယ်တူ KIA တပ်စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တွေက သိမ်းပိုက်ခဲ့တဲ့ သတင်းကလွဲရင် KIA ဘက်က စခန်းလက်လွတ်ခံရတဲ့ သတင်းတွေ မတွေ့ရပါ။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က မြစ်ကြီးနား – ဗန်းမော်လမ်း နမ်ဆန်ယန်ကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ လိုင်လွမ်၊ အောင်ဂျာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖားကန့်မြို့နယ်ရှိ ကသိုဏ်းတောင်စခန်း၊ မြစ်ကြီးနား – ဆွမ်ပရာဘွမ်ကားလမ်းက ဒရူခတပ်စခန်းတွေကို သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာကို တွေ့ရပါ တယ်။ ဒါ့အပြင် လိုင်ဇာနယ်မြေဒေသမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လှုပ်ရှားနေစဉ် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တို့က ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်စခန်းတွေကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
ကချင်ပြည်နယ်အတွင်း အရေးကြီးတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်နေစဉ်မှာပဲ စီးပွားရေးသမားတစ်ဦးအပါအဝင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နဲ့အတူ မပခမှ စစ်ဗိုလ်အရာရှိတွေ အရေးယူခံခဲ့ရပါတယ်။
စစ်အာဏာမသိမ်းခင်က စစ်တပ်ရဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုနဲ့ စစ်အာဏာသိမ်းပြီးနောက် ထိုးစစ်ဆင်မှု အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ရင် အရင်က စစ်တပ်ဟာ မြေပြင်ခြေလျင်အင်အား အလုံးအရင်းနဲ့ လူလှိုင်းစစ်ဆင်းရေးတွေအထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူသုံးပြီး အနိုင်ယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်အင်အားဖြန့်ကြက်ပြီး တိုက်ခိုက်နေရတဲ့အပြင် တိုက်ပွဲတော်တော်များများမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်ခြေလျင်အင်အား အရင်လိုအားမစိုက်နိုင်တော့ဘဲ ပြည်သူ့စစ်တွေနဲ့ အားဖြည့်နေရပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကိုအသုံးပြုကာ အခြေအနေ ဟန်မပျက်ဖို့ ထိန်းသိမ်းနေရတဲ့ သဘောကို တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ကြီးအင်းအားကို အရင်ကထက် အသုံးပြုတိုက်ခိုက်လာနိုင်သလို ဒရုန်းတိုက်ခိုက်မှု နည်းလမ်းနဲ့လည်း ထိရောက်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။
တိုက်ပွဲနောက်ဆက်တွဲ ပြဿနာတွေအနေနဲ့ နေရပ်ပြန်စစ်ရှောင်ပြည်သူတွေ ထပ်မံထွက်ပြေးခဲ့ရပြီး၊ စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာနေအိမ်မီးရှို့ခံရမှု စတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ကောင်စီ တပ်ဘက်က ထင်သာမြင်သာ ကျူးလွန်ခဲ့တာတွေကို တွေ့ရပါတယ်။
ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောဆိုချက်အရ တိုက်ပွဲတွေက ဆက်လက် ကြာရှည်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်စစ်ရေးဖော်ဆောင်မှုကတော့ အာဏာမသိမ်းခင်ကာလကလို လက်စွမ်းပြနိုင် မယ့် အလားအလာကတော့ ၃ လာကျော်လာတဲ့ ထိုးစစ်ဆင်းတိုက်ခိုက်မှုအတွင်း မမြင်ခဲ့ရပေမဲ့ သတိနဲ့ ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။