စစ်ကောင်စီထောက်ပို့ သင်္ဘော (၆) စီး ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး တစ်စီးထိခိုက်ပျက်စီးသွား

21 September 2023 – Kachinwaves
မန္တလေးမြို့မှ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်သို့ ဆန်တက်လာသော စစ်ကောင်စီထောက်ပို့ သင်္ဘော (၆) စီးသည် ယမန်နေ့က မြို့လှ KPDF တပ်ဖွဲ့တို့၏ ကြားဖြတ်တိုက်ခိုက်ခံရ၍ တစ်စီးပျက်စီးသွား ကြောင်း ဒေသခံများက ဆိုသည်။
လက်နက်ကြီးနှင့် ဒရုန်းဖြင့် ကြားဖြတ်တိုက်ခိုက်ခံရပြီး သင်္ဘောတစ်စီး ပျက်စီးသွားကာ ကျန်သည့် သင်္ဘော ၅ စီးသည် ဗန်းမော်သို့ ဆန်တက်သွားခဲ့သည်။ သင်္ဘောနှင့်လိုက်ပါလာသည့် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာထဲဝင်ရောက်စဉ် သတ်ဖြတ်ခံရသော ပြည်သူများလည်းရှိသည်ဟု ဒေသခံများက ဆိုသည်။
“သင်္ဘော ၆ စီးက ငါးစီးပဲရောက်သွားတယ်၊ ဗန်းမော်ကို မနေ့က။ ဒီမှာ မနေ့က သင်္ဘောအင်းအထက်မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ထုလိုက်တာ ထိသွားတော့ အဲကောင်က နေထားတယ်။ အခုဒီမှာရှိတဲ့ သင်္ဘောတစ်စီးရယ် ကျန်တဲ့စစ်သားတွေရယ်က ဗန်းမော်ကလာတဲ့ဟာကို စောင့်နေတာ။ မနေ့ကလည်း ရွှေကူ ဆင်တပ်(ရွာ)ကမ်းနားမှာ တင်နေတဲ့ ရေလဲ(ရွာ)က မသန်စွမ်း အမျိုးသားတစ်ယောက်ရဲ့ အလောင်း တွေ့တယ်။ သူတို့ (စစ်ကောင်စီတပ်) က ဖမ်းဆီးမီးရှို့သတ်ပြီး ရေထဲပစ်ချလိုက်တာ။”ဟု ရွှေကူဒေသခံ တစ်ဦးက ဆိုသည်။
သတ်ဖြတ်ခံရသူသည် ရေလဲကျေးရွာမှ ခြေလက်မသန်သူ အမျိုးသားတစ်ဦးဖြစ်သည်ဟု ဆိုသည်။
အဆိုပါပျက်စီးသွားသည့် သင်္ဘောတစ်စီးကို ရွှေကူမြို့နယ် သင်္ဘောအင်းရွာ၌ ကမ်းကပ်ထားပြီး စစ်ကောင်စီ စစ်သားများက ကျေးရွာရှိ ရွှေဖောင်သံခွန် စက်လှေများဖြင့် ထွက်သွားစဉ် မြို့လှ KPDF တပ်ဖွဲ့က နေရာသုံး နေရာတွင် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီစစ်သားများ အထိနာခဲ့သည့် တိုက်ခိုက်မှုလည်း ရှိခဲ့သည်ဟု PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့မှ အဆိုပါ သင်္ဘော ၆ စီးဖြင့် ဆန်တက်လာသည့် စစ်ကောင်စီ တပ်က စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကသာမြို့နယ် တုပ်ကြီးရွာအနီး၌ တိုက်ခိုက်ခံရ ပြီးနောက် တုပ်ကြီးရွာထဲဝင်ရောက်ကာ ကျေးရွာဒေသခံ ၇ ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် နေအိမ် ၄၅ အိမ် ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် အဆိုပါ သင်္ဘောများသည် ကချင်ပြည်နယ် ရွှေကူမြို့ကို ဆိုက်ရောက်လာ ပြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိကျေးရွာများကို ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် ပြည်သူများကိုလည်း ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီစစ်သားများက ဆင်တပ်ကျေးရွာနှင့် ရေလဲကျေးရွာမှ ထွက်သွားပြီး ဒေသခံတစ်ချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့် ဒေသခံများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
လွန်ခဲ့သည့် ဩဂုတ် ၂၈ ရက်နေ့ကလည်း မန္တလေးမှ ဗန်းမော်ဘက်ကို တက်သွားသည့် စစ်ကောင်စီသင်္ဘော ၉ စီးကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်က ကသာမြို့နယ် အင်းဒရန်ရွာနှင့် ဘန့်ဘွေးကုန်းကျေးရွာမှ နေအိမ်းများကို မီးရှို့ဖျက်ဆီးမှု ဖြစ်ခဲ့သည်။