စစ်ကောင်စီတပ်နှင့် မြို့လှ KPDF တပ်ဖွဲ့တို့ နှစ်ရက် ဆက်တိုက် တိုက်ပွဲဖြစ်
21 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာအနီးတွင် ယမန်နေ့က စစ်ကောင်စီတပ်နှင့် မြို့လှ KPDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးပစ်ခတ်သံများ ကြားနေရပြီး ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်ဟု ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အသံတွေက မနေ့ကတည်းက ကြားနေရတာ။ မနေ့က သင်္ဘောအင်းမှာ တိုက်ပွဲဖြစ်တာတဲ့။ မနက်က ဈေးထဲမှာ ပြောနေတာ။ အခုကတော့ ဘယ်နေရာလဲလို့ ပြောလို့တော့ မရဘူး။ လက်နက် ကြီးသံတွေ ဆက်တိုက်ကို ကြားနေရတာ။”
မန္တလေးမှ ဆန်လာသည့် စစ်ကောင်စီသင်္ဘောများပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရွှေကူမြို့တစ်ဖက်ကမ်းက မြို့လှ KPDF များ စစ်ရေးလှုပ်ရှားသည့်နယ်မြေတွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်နိုင်သည်ဟု ရွှေကူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဖြစ်တယ်ထင်တယ်။ မနက်ကအသံတွေ ကြားနေရတယ်။ သင်္ဘောအင်းရွာ အနီးအနားလောက်။ စစ်ကြောင်းကတော့ ရှိနေတုန်းပဲ။ ရွှေကူနဲ့ ဗန်းမော် မြစ်ကမ်းဘေးတစ်လျှောက်မှာ”
တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကို မြို့လှ KPDF တပ်ဖွဲ့ထံ မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။
မန္တလေးမှ ဗန်းမော်သို့ စစ်လက်နက်၊ ရိက္ခာတင်ပို့မည့် သင်္ဘောများသည် စက်တင်ဘာ ၁၈ ရက်နေ့က ရွှေကူမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး သင်္ဘောတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြို့ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် ရွှေတူးစက်လှေများကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် ထိုနေ့တစ်ရက်တည်းမှာပင် ယခုလက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် သင်္ဘောအင်းကျေးရွာနှင့် နှစ်မိုင်ဝန်းကျင် ကွာဝေးသည့် ရေလဲကျေးရွာရှိ ဒေသခံနေအိမ်များနှင့် မိုးစစ်ကျေးရွာရှိ နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့က ရွှေကူဆိပ်ကမ်းတွင် အဆိုပါသင်္ဘောများမှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ထွက်ခွာသွားပြီး ယနေ့နံနက်တွင် ဗန်းမော်ဆိပ်ကမ်းသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။