စစ်အာဏာသိမ်းပြီးနောက် ထိရောက်မှုရှိလာတဲ့ စစ်တပ်ပိုင်ထုတ်ကုန်ပစ္စည်း ဝယ်ယူစားသုံးခြင်း မပြုရေးလှုပ်ရှားမှု
1 February 2022 – Kachinwaves
သတင်းဆောင်းပါး။
စစ်တပ်အကျိုးအမြတ်ရနေတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဆန့်ကျင်လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေမှာ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ PDF တွေ ပါဝင်လာတာကို တစ်နိုင်ငံလုံးနည်းတူ ကချင်ပြည်နယ်မှာလည်း တွေ့မြင်လာရပါတယ်။ စစ်ကောင်စီပိုင်ထုတ်ကုန်တွေကို ရောင်းဝယ်ဖောက်ကားခြင်းတွေ မပြုလုပ်ရန် တားမြစ်ဆန့်ကျင်လှုပ်ရှားမှုတွေ ပိုမိုတွေ့မြင်လာရ ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်များကို ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ဖို့ ကေအိုင်အို (မြစ်ကြီးနားခရိုင်)က သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ရောင်းချနေတဲ့ ဈေးဆိုင်တွေကို ကေအိုင်အေက လိုက်လံစစ်ဆေးဖျက်ဆီး ခဲ့ကြပါတယ်။
ကေအိုင်အို ထိန်းချုပ်နယ်မြေ အပါအဝင် ကချင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်တွေကို ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ရောင်းဝယ်ဖောက်ကားခြင်း၊ မြစ်ကြီးနား -ပူတာအိုလမ်း၊ မြစ်ကြီးနား – တနိုင်းလမ်းတစ်လျှောက် သယ်ယူပို့ဆောင်ခြင်းတွေ မပြုလုပ်ရန် ဇန်နဝါရီလ ၄ရက်နေ့မှာ ကေအိုင်အိုက ထုတ်ပြန်ခဲ့ပါတယ်။
“ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဘက်က စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်ချင်တာဖြစ်တယ်။”လို့ ကေအိုင်အိုရဲ့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးရုံးမှ အရာရှိတစ်ဦးက ဆိုပါတယ်။
မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ Adman Gold ဘီယာ၊ Red Ruby၊ Premium Gold ဆေးလိပ်၊ Mytel ဆက်သွယ်ရေး၊ ပြင်ဦးလွင်ကော်ဖီနဲ့ ရွှေဖီဦးကော်ဖီ၊ ကြံ့တံဆိပ်ဘီလပ်မြေ၊ ဆင်မင်းဘိလပ်မြေ စတဲ့ လူသုံးကုန်ပစ္စည်းတွေက စစ်ကောင်စီပိုင် ထုတ်ကုန်တွေအဖြစ် လူသိများနေတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီပိုင် ထုတ်ကုန်တွေကို ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ကေအိုင်အိုမှ စာထုတ်ပြန်ပြီးနောက်ပိုင်း ဈေးဆိုင်တချို့မှာ ရောင်းချခြင်း မရှိတော့ကြောင်း ပြည်သူတချို့က ဆိုပါတယ်။
“စာထုတ်ပြီးနောက် ပစ္စည်းလက်ကျန်ကို ရောင်းပြီးတော့ မရောင်းတော့ဘူး။ ပစ္စည်းလည်း ထပ်မမှာတော့ဘူး။ ပြည်သူတွေက ဆန့်ကျင်တယ်ဆိုရင် ဝယ်ထားရင်လည်း ရှုံးမှာပဲဆိုတော့ ဆက်မရောင်းတော့ဘူး”လို့ မြစ်ကြီးနားမြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး ပြောပါတယ်။
ကေအိုင်အေက လက်တွေ့ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်လာတဲ့အတွက် မြစ်ကြီးနားမြို့အတွင်းက စားသောက်ဆိုင်တွေ ကုန်စုံဆိုင်တွေမှာ ဝယ်ယူရောင်းချမှုတွေ နည်းပါးလာတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
ဒါပေမယ့် စစ်တပ်ထုတ်ကုန် ရောင်းချနေတာကိုတွေ့ရပြီး Boycott လုပ်တာ ကချင်ပြည်နယ်မှာ သိပ်အားမရဘူးလို့ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကတော့ ပြောပါတယ်။
“လူငယ်တချို့တွေ သောက်စားပျော်ပါးနေတဲ့အချိန်မှာ စစ်တပ်ရဲ့ ဘီယာတွေ သုံးစွဲနေတာတွေတွေ့ရပြီး ဒီသုံးစွဲမဲ့အစား တခြားကုန်ပစ္စည်းတွေလည်း အများကြီးရှိတာကို သိစေချင်တယ်”လို့ ၎င်းက ပြောပါတယ်။
ကေအိုင်အိုက လိုက်လံစစ်ဆေးပြီး ရောင်းချနေတဲ့ တားမြစ်ကုန်တွေကို ဖျက်ဆီးပစ်သလို ဒဏ်ငွေဆောင်ခိုင်းတဲ့အပြင် တချို့ဆိုင်တွေ ဆိုင်ဖွင့်ရောင်းချခွင့် ပိတ်ပင်ခံရတယ်လို့ ကေအိုင်အို အရာရှိတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီပိုင် ထုတ်ကုန်တွေသယ်ဆောင်ကာ မြစ်ကြီးနား – ပူတာအိုလမ်းသို့တက်တဲ့ ကားတွေကိုလည်း စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ကေအိုင်အို အရာရှိက ဆိုပါတယ်။
တခြားမြို့နယ်တွေမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေက စစ်ကောင်စီပိုင်ထုတ်ကုန် သယ်ဆောင်နေကြတဲ့ကားတွေကို စစ်ဆေးသိမ်းယူဖျက်ဆီးခဲ့တာတွေကိုလည်း တွေ့မြင်ရပါတယ်။
ပြည်သူတွေအနေနဲ့လည်း ဒီလမ်းစဉ်ကို အလိုက်သိပြီးလိုက်နာရင် ကောင်းမှာဖြစ်ပြီး ဆိုင်တွေမှာ ကေအိုင်အေ လိုက်လံဖျက်ဆီးအရေးယူတာကို အားရတယ်လို့ တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက ပြောပါတယ်။
“ကေအိုင်အေက လိုက်ဖျက်ဆီးအရေးယူတာတွေကို မြင်ရပြီး ကျွန်မတို့ ပိုပြီးအားရတယ်။ အခုကျွန်မတို့ကို ပစ်နေတဲ့ကျည်တွေကလည်း ဒီထဲကနေပဲလာတယ်ဆိုတော့ ပေါ့နော်။ ကျွန်မတို့ လုပ်နေတဲ့သူတွေရဲ့အမြင်မှာ စစ်တပ်ထုတ်တဲ့ဘီယာတွေ သောက်နေခြင်းအားဖြင့် ကိုယ့်ကိုပစ်မဲ့ကျည်တွေကို ပိုပြီးလုပ်ပေးနေသလို မြင်တယ်”လို့ တက်ကြွလှုပ်ရှားသူ လူငယ်က ပြောပါတယ်။
စစ်တပ်ထုတ်ကုန် ဘီယာတွေကို ရောင်းချမှုတွေ၊ ဝယ်ယူမှုတွေ၊ သိပ်မတွေ့ရပေမယ့် စစ်ကောင်စီပိုင် စားသောက်ကုန်တွေကိုတော့ ရောင်းချဝယ်ယူမှုတွေ ရှိနေသေးတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်ထုတ်ကုန် ဘီယာတွေနဲ့ ဆိုင်တဲ့ဟာတွေကတော့ အများပိုင်း မရောင်းကြတော့ဘူး၊ တခြား Mytel ဖုန်းဘလ်တွေ၊ စားသုံးကုန်တွေကတော့ ရောင်းနေကြသေးတယ်”လို့ အဆိုပါ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်မှ Telenor၊ Ooredoo၊ MPT တို့မှ ဖုန်းအင်တာနက်ဒေတာ ဝယ်ယူမှုဈေးနှုန်းတွေကို အရင်ကထက် ဈေးတင်လိုက်တဲ့အတွက် ပြည်သူများ အွန်လိုင်းအသုံးပြုရန် ခက်ခဲတာကြောင့် Mytel ကိုသုံးစွဲသူတွေရှိနေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံက ဆိုပါတယ်။
နောက်တစ်ခုက Mytel အင်တာနက်လိုင်း၊ wifi တွေက တခြားဆက်သွယ်ရေးလိုင်းတွေ မရတဲ့နေရာတွေမှာလည်း ရနေတဲ့အတွက် တခြားရွေးချယ်စရာမရှိပဲ Mytel ကိုပဲသုံးနေရတဲ့ ပြည်သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
ကချင်ပြည်ဒေသခံတချို့ကတော့ Mytel ဆင်းမ်ဒ်တွေ အပါအဝင် စစ်ကောင်စီပိုင်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲခြင်းမပြုရန် လုပ်ရှားနေဆဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ မြစ်ကြီးနားမြို့က Mytel ဆက်သွယ်ရေးတိုင် (၈)ခုလောက် ဖျက်ဆီးခံခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ ဆန့်ကျင်လှုပ်ရှားမှုကြောင့် Mytel ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဧပြီလအထိ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၄.၉ သန်း ထိခိုက်နစ်နာခဲ့ပြီး၊ Mytel အသုံးပြုသူ ၂ သန်းအထိ လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ Justice For Myanmar မှ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ စီးပွားရေးနှင့် ကူးသန်းရေးရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်စီးပွားရေးလုပ်ငန်းအဖြစ် သတ်မှတ်ပြီး နာမည်ပျက်စာရင်းသွင်းခဲ့တယ်လို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထုတွေရဲ့ သပိတ်မှောက်မှုကြောင့် မြန်မာဘီယာ ထုတ်လုပ်ရောင်းချနိုင်မှုမှာ ပထမလအတွင်း ကျပ် ၁၅၂ ဘီလီယံ (ဒေါ်လာ ၉၂.၃ သန်း) သာရှိခဲ့ပြီး အရင်နှစ်ထက် ၂၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ The Irrawaddy သတင်းရဲ့ဖော်ပြချက်အရ သိရတယ်။
မြစ်ကြီးနားမြို့က လူငယ်တစ်ဦးကလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီပိုင် ထုတ်ကုန်ဖြစ်တဲ့ ဘီယာတွေကို မသောက်တော့ဘဲ တတ်နိုင်တဲ့ဘက်ကနေ့ CDM ပြုလုပ်နေတယ်လို့ ပြောပါတယ်။
“ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ စစ်တပ်ပစ္စည်းကို ရှောင်နိုင်သလောက် ရှောင်တာပေါ့။ အများကြီးမလုပ်နိုင်ရင်လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်တဲ့သဘောပေါ့။ CDM လုပ်တဲ့သဘောပေါ့”လို့ ပြောပါတယ်။
ကေအိုင်အေက အရေးယူဖျက်ဆီးမှုတွေ ပြုလုပ်လာတဲ့အတွက် မြစ်ကြီးနားမြို့က တချို့ဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေကို မရောင်းချတော့ပေမယ့်လည်း တချို့ဆိုင်တွေက လူမမြင်အောင် ရောင်းဝယ်တာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ဆိုပါတယ်။
တနိုင်းမြို့နယ်ရှိ မှော်များတွင် စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်တွေဖြစ်တဲ့ ဘီယာတွေကို လိုက်လံစစ်ဆေး အရေးယူဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် မှော်တွေမှာ ရောင်းချခြင်း မရှိတော့ပေမယ့် မြို့ထဲမှာတော့ ဆက်လက်ရောင်းချနေဆဲ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တနိုင်းမြို့မှာတော့ နည်းနည်းရှိသေးတယ်။ မှော်တွေမှာကတော့ အားလုံးသိမ်းလိုက်ပြီး မရှိတော့ဘူး။ တနိုင်းမြို့မှာလည်း ဝင်တော့မယ်။ စာတွေလည်း ပို့ထားတယ်”လို့ ဒေသခံက ပြောပါတယ်။
ဖားကန့်ဒေသခံတစ်ဦးကတော့ သူတိုဖားကန့်မြို့မှာ စစ်ကောင်စီပိုင်ထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။
“အခုထိတော့ ဘာမှမတွေ့ဘူး။ သိလည်းမသိဘူး။ ဈေးဆိုင်တွေမှာကတော့ ရောင်းနေကြတုန်းပဲ ဝယ်သောက်တဲ့သူတွေလည်း ရှိတယ်။ အင်တာနက်လိုင်း မရဘူးဆိုတော့ သတင်းတွေလည်း မသိဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီပိုင် ထုတ်ကုန်တွေကို ကေအိုင်အိုရဲ့ လုပ်ဆောင်မှုက အတိုင်းအတာတစ်ခုထိ ထိရောက်ကြောင်းနဲ့ အခုလိုလုပ်ရပ်မျိုးကို ထောက်ခံကြောင်း ဖားကန့်မြို့နယ် NLD ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။
“စစ်တပ်ရဲ့ ဝင်ငွေတွေကို တစ်ဖက်တစ်လမ်းကနေ ကျွန်တော်တို့က တားဆီးပိတ်ပင်တာပဲလေ။ ဒီထုတ်ကုန်တွေမှ မဟုတ်ဘူး။ သယံဇာတကသော်လည်းကောင်း၊ ဘယ်ကပဲဖြစ်ဖြစ်ပေါ့ သူတို့ စစ်တပ်ကိုပေါ့နော် အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးမှန်သမျှကို တားဆီးပိတ်ပင်ရမှာပဲ။ တားဆီးပိတ်ပင်တဲ့နေရာမှာ စာထုတ်ရုံသက်သက် မဟုတ်ဘဲ၊ လက်တွေ့ကျကျ လုပ်ဆောင်တယ်ဆိုရင် ပိုပြီးတော့ ထိရောက်တယ်ပေါ့နော်”လို့ ပြောပါတယ်။