စစ်အာဏာသိမ်းမှုကြောင့် တရားလက်လွတ် ပိုမိုတူးဖော်လာတဲ့ ကချင်ပြည်နယ်က ရွှေ၊ ကျောက်စိမ်းနဲ့ မြေရှားသတ္တုလုပ်ကွက်များ
9 December 2021 – Kachinwaves
သယံဇာတပေါကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုရွားလာတဲ့အရာတွေ များလာနေပါတယ်။ တရားမဝင် သယံဇာတတူးဖော်မှုတွေဟာ ပိုမိုများပြားလာတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ရောဂါဖြစ်ကတည်းက NLD အစိုးရက ပိတ်ပင်ထားခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက်တွေကို နေ့ရောညပါ စက်ယန္တယားကြီးတွေနဲ့ လွတ်လွတ်လပ်လပ် တရားမဝင်တူးနေကြသလို ချီဖွေမြို့နယ်က မြေရှားသတ္တု (Rare earth)တွေကိုလည်း တူးဖော်နေကြဆဲဖြစ်ပါတယ်။ ရွှေတူးဖော်မှုတွေကလည်း ကချင်ပြည်နယ်အနှံ့မှာ ပိုမိုများပြားလာပါတယ်။
အခုလိုတရားနည်းလမ်းတကျ မဟုတ်တဲ့ သယံဇာတတူးဖော်မှုတွေက ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေမှာ တစ်နေ့ပြီးတစ်နေ့ ပိုပြီးဆိုးရွားလာစေသလို ပြည်သူလူထုရဲ့ဘဝတွေမှာလည်း ထိခိုက်မှုတွေ ရှိလာနေပါတယ်။
Global Forest Watch ၏ အချက်အလက်များအရ ကချင်ပြည်နယ်တွင် ၂၀၀၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ သစ်တောဆုံးရှုံးမှု ဧရိယာ ၄၂၆၃၄၀.၈၂ ဟက်တာထိရှိပြီး ဒီပမာဏဟာ စင်ကာပူနိုင်ငံဧရိယာထက် ၆ဆကျယ်ဝန်းတဲ့ ပမာဏဖြစ်နေပါတယ်။
တရားမဝင်သယံဇာတတူးဖော်နေမှုတွေထဲမှာ သိသိသာသာဖြစ်လာနေတာက ရွှေတူးဖော်မှု ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရားမဝင်ရွှေတူးဖော်မှုတွေများလာတဲ့ ဒေသတွေက ရွှေကူ၊ မိုးညှင်း၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား၊ ဖားကန့်၊ တနိုင်း၊ ဝိုင်းမော် စတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားနဲ့ (၂၇)မိုင်သာဝေးတဲ့ မြစ်ဆုံ (တန်ဖရဲကျေးရွာ)ဒေသမှာလည်း စစ်အာဏာသိမ်းပြီးနောက် မေလလောက်ကတည်းကနေ ရွှေတူးဖော်မှုတွေ ရှိနေတာဖြစ်ပါတယ်။
“စက်ယန္တယားကြီးတွေသုံးပြီး ရွှေတူးဖော်နေတာက မလုပ်သင့်ဘူးပေါ့နော် ဒီလိုပဲဆက်ပြီးတူးဖော်နေရင်တော့ ကျွန်မတို့ရဲ့ မြစ်ဆုံဆိုတာလည်း ပျောက်နိုင်တယ်။ တန်ဖရဲရွာဆိုတာလည်း ရေလွမ်းနိုင်တယ်။ မိမိတို့ရဲ့ သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင် အကုန်လုံးလည်း ဆုံးရှုံးသွားနိုင်တယ်။ အဲဒါတွေကို စိုးရိမ်လို့ အခုလိုကန့်ကွက်နေရခြင်း ဖြစ်တယ်လို့ပြောချင်ပါတယ်။”လို့ ဒေသခံ ဒေါ်လုရာက ဆိုပါတယ်။
မြစ်ဆုံသာမက ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားကနေ အထက်ပိုင်း မြစ်ဆုံအထိ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်သွားကြည့်ရင် ရွှေတူးနေတဲ့ ရွှေဖောင် ၃၀၀ ကျော်နဲ့ ကုန်ကျင်း တူးဖော်နေတဲ့ ရွှေဆိုင်း ၂၀၀ ကျော်ကို တွေ့ရမှာဖြစ်ပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်က သမိုင်းဝင် ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားရှိတဲ့ ကျွန်းနားမှာ တရားမဝင်ရွှေတူးဖော်နေတဲ့ ရွှေမော်တော် ၂၀၀ လောက်ထိရှိနေတယ်လို့ ဒေသခံကိုကျော်နိုင်ဝင်းက ဆိုပါတယ်။
“ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ဟာက ရွှေပေါ်ကျွန်းဆိုတာက ဒီကချင်ပြည်နယ်ရဲ့ Landmark တွေထဲမှာ တစ်ခုပါတယ်ပေါ့နော်။ ဘာသာရေးရှုထောင့် တစ်ခုထဲတင်မကဘူး ပေါ့နော်။ ထင်ရှားတဲ့ ကချင်ပြည်နယ်ရဲ့ Landmark (အထင်ကရနေရာ) ဖြစ်နေလို့ပေါ့နော်။ အခုချိန်မှာရေနည်းတဲ့ အချိန်မှာသာ မဖြစ်နိုင်ပေမဲ့ ရေများလာပြီဆိုရင် ဒီကမ်းပါးပြိုတာတို့ ဖြစ်နိုင်တယ်လေ။”လို့ ကိုကျော်နိုင်ဝင်းက ဆိုပါတယ်။
အခုလိုတရားမဝင် စည်းကမ်းမဲ့စွာ ရွှေတူးဖော်နေတာဟာ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်းအိန်ခမှာလည်း ဖြစ်နေပါတယ်။
“စည်းကမ်းမဲ့ တူးဖော်နေကြတဲ့အတွက် ဒေသခံတွေရဲ့ အဓိက သောက်သုံးရေးဖြစ်တဲ့ ချောင်းရေက ညစ်ပတ်သွားလို့ ဒေသခံတွေတော်တော်ကို ဒုက္ခရောက်နေကြတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် မေလအထိ ကချင်ပြည်နယ် မြို့နယ် (၁၁)ခုမှာ အသေးစားရွှေတူးဖော်ရေးလုပ်ကွက် (၂၂၃)ခုနဲ့ လက်လုပ်လက်စားရွှေလုပ်ကွက် (၂၆၂)ခုကို ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနက ချပေးခဲ့တာဖြစ်ပါတယ်။
အသေးစားလုပ်ကွက်တစ်ခုမှာ ၄ ဧကကျယ်ဝန်းပြီး သက်တမ်း (၅)နှစ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အစိုးရချပေးတဲ့ ရွှေလုပ်ကွက်တွေမှာ မြစ်ရေချောင်းရေထဲတူးဖော်ခွင့် မရှိသလို စွန့်ထုတ်ညစ်ညမ်းရည်တွေကိုလည်း မြစ်ချောင်းထဲ စွန့်ပစ်ခွင့် မပြုတဲ့ စည်းကမ်းချက်တွေ ပါရှိတာ ဖြစ်ပါတယ်။
ကျင့်ဝတ်စည်းကမ်းမဲ့တဲ့ ရွှေတူးဖော်မှုတွေကြောင့် ဧရာဝတီမြစ်ဟာလည်း အရောင်ပြောင်းပြီး ကော်ဖီရောင်သန်းနေပြီ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက်က အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ လုပ်ငန်းရှင် တွေပါဝင်တဲ့ (Sub National Coordination Unit) သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့က ပုံမှန်အစည်းအဝေးတွေပြုလုပ်ပြီး သယံဇာတ တူးဖော်ရေးလုပ်ကွက်တွေ ဥပဒေအတိုင်း တူးဖော်ရန် ကွင်းဆင်းစောင့်ကြည့် စစ်ဆေးမှုတွေ ရှိခဲ့ပါတယ်။
ဥပဒေအရ သတ္တုတူးဖော်ရေးလုပ်ကွက်တွေဟာ မြစ်ရေကနေ ပေ (၃၀၀)ကွာဝေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ရေတွေကို ပိတ်ဆို့ပြီးတူးဖော်ခြင်း မပြုလုပ်ရန် လုပ်ကွက်ဟောင်းနေရာတွေကိုလည်း စနစ်တကျပိတ်သိမ်းထားရန် လုပ်ကွက်ကနေထွက်ရှိလာတဲ့ စွန့်ထုတ်ပစ္စည်းတွေကို မြစ်ရေထဲမမျောချရန် စတဲ့ စည်းကမ်းချက်တွေ ပါရှိတာဖြစ်ပါတယ်။
“အခုက စစ်ကောင်စီဘက်က လာစစ်လည်း ဘာမှမပြောတော့ဘူး။ ပိုက်ဆံကောက်ပြီး ပြန်သွားကြတယ်”လို့ ဆွမ်ပရာဘွမ် ဒေသခံတစ်ဉီးက ဆိုပါတယ်။
နောက်တစ်ခုက တရားမဝင်ရွှေမှော်တွေမှာ ရွှေလုပ်ငန်းရှင်တွေက ကျင်းသားတွေကို မူးယစ်းဆေးဝါးတွေပေးပြီး ခိုင်းတာတွေတောင် ရှိနေတယ်လို့ ဆိုပါတယ်။
ရွှေမှော်တွေမှာ မူးယစ်ဆေးဝါး လွတ်လွတ်လပ်လပ် ရောင်းဝယ်သုံးစွဲနေတဲ့အတွက် ဒေသခံလူငယ်တွေပါ မူးယစ်းဆေးဝါးသုံးစွဲလာကြတာတွေ ရှိလာတာဖြစ်ပါတယ်။
“အရင်ကဆို ကျွန်တော်တို့သိသလောက်က မူးယစ်ဆေးဝါးသောက်စားတဲ့သူတွေကို လုပ်ငန်းရှင်တွေက မကြိုက်ကြဘူး။ အခုဆိုရင် မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကိုပဲ လုပ်ငန်းရှင်တွေက ကြိုက်ကြတယ်ခင်ဗျ။ သူတို့ တစ်ရက်မှာ ၄ကြိမ်လောက် ဖိုးထိုးတဲ့ပိုက်ဆံကို သူတို့စာရိတ်ထဲမှာ ထည့်ပေးလိုက်တယ်။ အဲလိုမျိုးနဲ့ ခိုင်းစားတဲ့ပုံစံဖြစ်နေတယ်”လို့ ဖားကန့်မြို့နယ် ချောင်းဆုံဘက်ရှိရွှေမှော်က ဒေသခံတစ်ဦးက ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေလည်း အများအပြားရှိလာနေတာဖြစ်ပြီး တချို့နေရာတွေမှာဆိုရင် ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့နေရာတွေတောင်မကျန် ရွှေတူးဖော်လာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရွှေပြီးတော့ နောက်တစ်ခုက ကျောက်စိမ်းဖြစ်ပါတယ်။ အားလုံးက တရားမဝင် တူးဖော်နေကြတာဖြစ်ပါတယ်။ ၂၀၁၉နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ကုမ္ပဏီတော်တော်များများက သက်တမ်းကုန်ဆုံးနေကြပြီဖြစ်ပြီး အစိုးရက သက်တမ်းပြန် မတိုးပေးတော့တာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဖြစ်လာချိန်မှာတော့ ကုမ္ပဏီတော်တော်များများ ရပ်နားသွားကြတာဖြစ်ပါတယ်။
“အခု ဒီအချိန်မှာ တူးတဲ့ဟာတွေက တရားမဝင်တွေပဲ စစ်ကောင်စီတက်လာတော့ ဘယ်လိုတွေ အပြောင်းအလဲရှိလဲတော့ မသိဘူးပေါ့နော်။ သက်တမ်းတိုးပေးတာလည်း မကြားပါဘူး။ အရင်က မူအတိုင်းပဲရှိပါတယ်။ အခုအကုန်က ခိုးကျင်းတွေချည်းပါပဲ၊ ပြောရရင် နားလည်မှုနဲ့ လုပ်နေကြတာပေါ့။ ညဘက်ဆိုတော်တော်တူးကြတယ်”လို့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် အနိုင်ရရှိသူ ဦးအောင်ဟိန်းမင်းက ပြောပါတယ်။
ကုမ္ပဏီကြီးတွေက စက်ယန္တယားကြီးတွေနဲ့ တူးဖော်နေကြသလို တပိုင်တနိုင် တူးဖော်နေကြတာလည်း ရှိတယ်လို့ဆိုပါတယ်။
YTT ကုန်းတို့ မဲ့လင်ချောင်ဘက်ကဆိုရင် အရင်ကလည်း တန်းဖိုးတော်တော်တန်တဲ့ ကျောက်တွေ ထွက်ဖူးပြီး အဲ့ဒီနေရာဘက်ဆိုရင် တူးဖော်သူများတဲ့အတွက် သိပ်မကြာမီ ကုန်သွားနိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။
“အရင်ကတော့ စောင့်ကြည့်ထိန်းကျောင်းမှုတွေ ရှိသေးတယ်။ အခုကျတော့ ဘယ်သူမှလည်း မပြောရဲ၊ မဆိုရဲကြတဲ့ အနေအထားမျိုးလည်း ဖြစ်သွားတော့ ပိုဆိုးသွားတာပေါ့။ အရင်ကတည်းက ဥပဒေစိုးမိုးမှု မရှိတဲ့အချိန်၊ အခုက ဥပေဒကိုမရှိတဲ့ အနေအထားဖြစ်သွားတော့တာပေါ့”လို့ ဦးအောင်ဟိန်းမင်းက ဆက်ပြောပါတယ်။
ဒေသခံတွေရဲ့ မြေနေရာတွေမှာလည်း ကျောက်စိမ်းတူးဖော်နေတာတွေ ရှိလာတယ်လို့ ဖားကန့် ဒေသခံ အမျိုးသမီးတစ်ဉီးကလည်း ဆိုပါတယ်။
“အဏာသိမ်းပြီးနောက် ခဏတော့ နားသွားတယ်။ အခုက ပွင့်လင်းရာသီရောက်လာတော့၊ တပိုင်တနိုင်ဆိုပြီး တူးလာကြတယ်။ အခုကပုံမှန်ပြန်တူးနေတယ်။”လို့ ၎င်းက ဆိုပါတယ်။
ဖားကန့်ဒေသ သာမက ကချင်ပြည်နယ်က မြေရှားသတ္တုထွက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ပန်ဝါပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေက ကြီးစိုးတဲ့ ကချင်အထူးဒေသ (၁) ချီဖွေမြို့နယ်မှာလည်း မြေရှားသတ္တု (Rare Earth) တူးဖော်မှုကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological Survey)ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း မြေရှားသတ္တုထုတ်တဲ့ သပမာဏမှာ တန်ချိန် (၃၀၀၀၀) ရှိခဲ့ပြီး ၎င်းထုတ်လုပ်မှုပမာဏမှာ တစ်ကမ္ဘာလုံးတွင် မြေရှားထွက်ရှိမှု တတိယအများဆုံးဖြစ်ပါတယ်။
မြေရှားသတ္တု ကုန်သွယ်မှုဟာ နယ်ခြားစောင့်တပ်နဲ့ မြန်မာစစ်တပ်အတွက် အကျိုးအမြတ်ရှိပြီး ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွန်းအားပေးပြီး၊ မြန်မာစစ်တပ်ရဲ့ စနစ်ကျတဲ့ အကျင့်ပျက်ခြစားမှုတွေကို လှုံ့ဆော်ပေးနေတယ်လို့ Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုထားပါတယ်။
မြေရှားသတ္တုတူးဖော်မှုကလည်း အများပိုင်းက တရားမဝင်ဖြစ်ပြီး စစ်ကောင်စီနဲ့ ၎င်းရဲ့လက်အောက်ခံပြည်သူ့စစ်တွေ၊ ဒေသအာဏာပိုင်တွေသာ အကျိုးအမြတ်ရရှိနေတာ ဖြစ်ပါတယ်။
“ပုံမှန် အားဖြင့်တော့ မြန်မာအစိုးရအနေနဲ့ ကိုယ့်ရဲ့ အုပ်ချုပ်မှုနယ်မြေအတွင်းမှာ တာဝန်ယူမှုတာဝန်ခံမှုရှိပြီး ရေရှည်မှာ တည်တံ့ခိုင်မာတဲ့ နည်းလမ်းတွေနဲ့ သတ္တုတူးဖော်ခြင်း လုပ်ဆောင်တာတွေဖြစ်ဖို့ တာဝန် အပြည့်အဝရှိပါတယ်။ လက်ရှိအချိန်မှာတော့ ဒါဟာ လုံးဝ မဖြစ်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး တရားမဝင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်သလို သတ္တုတူးဖော်မှုတွေကလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ မဟာမိတ် (လက်အောက်ခံ) ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တူးဖော်နေကြတာဖြစ်ပါတယ်။”လို့ Global Witness ရဲ့ မြန်မာနိုင်ငံအတွက် အကြီးတန်း စည်းရုံးလှုံ့ဆော်သူ Hanna Hindstrom ကဆိုပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း “အာဏာသိမ်းပြီးနောက်မှာ ကချင်ပြည်နယ်မှာ သတ္တုတူးဖော်မှုတွေ၊ ရွှေတူးဖော်မှုတွေ နေရာတကာမှာ ပိုများလာတယ်ဆိုတာ ဟုတ်ပါတယ်။ တော်တော်များများ ဖြစ်နေတာဟုတ်တယ်။ ဒါကတော့ ပြောမယ်ဆိုရင် အုပ်ချုပ်သူပိုင်ရှင်မရှိတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့။ ဒါကတော့ စကစ ကလည်း သူအာဏာတည်မြဲရေးအတွက် အာရုံစိုက်နေတဲ့အချိန်ဖြစ်တယ်၊ နောက်ပြီးတော့ NUG ကလည်း မြေပြင်အနေအထားမှာ အုပ်ချုပ်စီမံဖို့ မတတ်နိုင်တဲ့အနေအထားမှာ ရှိနေသေးတယ်။ အဲဒါကြောင့် ပြောမယ်ဆိုရင် အေအိုင်အို/အေအိုင်အေ ဘက်ကလည်း အပြည့်အဝ ထိန်းချုပ်နိုင်မှု မရှိနေတဲ့ အချိန်ကျတော့ ဒီကြားမှာလွတ်နေတဲ့ သဘောမျိုးဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။
ဘယ်လိုပင်ဆိုစေကာမူ စစ်တပ်အဏာသိမ်းပြီးတဲ့နောက်ပိုင်းတွင် ကချင်ပြည်နယ်မှာ တရားမဝင် သတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ဒေသခံတွေရဲ့ နစ်နာမှု ပိုမိုများပြားလာတာဟာ အမှန်ပင်ဖြစ်ပါတယ်။