Online shopping က ပေးတဲ့သင်ခန်းစာ
မရန်
ဆိုင်ဖွင့်ဖို့အတွက်လိုအပ်တဲ့ မိတ္တူကူးစက်ကို online ကနေ ကိုဘရန်အောင် မှာလိုက်ပေမဲ့၊ သူတကယ် ရလိုက်တာက ရေသန့်ဗူး (၁၀)ဗူးသာဖြစ်ခဲ့ပါတယ်။ ပို့လိုက်တဲ့ပစ္စည်း ကားဂိတ်မှာရောက်ပြီဆိုလို့ ပြီးခဲ့တဲ့နှစ်ပတ်က ကိုဘရန်အောင် သွားယူခဲ့တာ၊ မိတ္တူစက်ထည့်ထားတယ်ဆိုတဲ့ ဂျက်ဖာပုံးထဲမှာ ရေသန့်ဗူးသာပါလာတာ ဖြစ်ပါတယ်။
ပစ္စည်းပို့လိုက်တဲ့သူဟာ မန္တလေးကဖြစ်တယ်လို့ ကိုဘရန်အောင် သိထားပေမဲ့ အခုတော့ အရင်ဆက်သွယ်ခဲ့တဲ့ facebook အကောင့်၊ ဖုန်းတွေနဲ့ ဆက်သွယ်လို့ မရတော့ဘူးလို့ ပြောပါတယ်။
“သူ့ကိုလည်း ကားဂိတ်အရင်ပို့ခိုင်းပြီး ကားဂိတ် ဘောက်ချာလည်း ပြခိုင်းတယ်။ ဒါပေမဲ့ သူပို့တဲ့ပုံးထဲမှာ ဘာပါတယ်ဆိုတာကို ဖုန်းဆက်ပြီး ပြန်မစစ်ဆေးလိုက်မိတာ အမှားဖြစ်သွားတာ။ သူက ရေသန့်ဘူး ၁၀ ဗူးပဲထည့်ပေးလိုက်တယ်။”လို့ ကိုဘရန်အောင် ပြောပါတယ်။
အစကတော့ Page တစ်ခုမှာ တင်ထားတာကို ဝယ်ဖို့ဆုံးဖြတ်ထားခဲ့ပေမဲ့လည်း ပိုက်ဆံမလောက်သေးလို့ အကောင့်ကနေ ရောင်းတဲ့သူကို ယုံပြီးမှာလိုက်လို့ အလိမ်ခံလိုက်ရတာ ဖြစ်တယ်လို့ ကိုဘရန်အောင် ပြောပြပါတယ်။
“ကျွန်တော်လည်း လိမ်ခံရလို့ ကားဂိတ်မှာ ထိုင်ငေးနေတဲ့အချိန် ကားဂိတ်ကလူတွေလည်း ပြောလာတယ်။ အရင်ကလည်း ခဏခဏဖြစ်ဖူးတယ်တဲ့။ mark (နှခေါင်းစည်း) တွေမှာတာ tissue (စက္ကူ)လိပ်တွေ ပဲပါလာတယ်တဲ့။ မပို့သေးမီ ကားဂိတ်ကို တစ်ချက်စစ်ခိုင်းတာ၊ အမျိုးတွေအသိတွေရှိရင် သူတို့ဆီ အရင်ပို့ပြီး စစ်ခိုင်းပြီးမှ ကားဂိတ်ကနေတဆင့် ပြန်ပို့ခိုင်းတာက ကောင်းတယ်။”လို့ ကိုဘရန်အောင်က သူ့အတွေ့အကြုံကိုအခြေခံပြီး ပြောပါတယ်။
ကိုဘရန်အောင်လို Online ကနေ အလိမ်ခံရသူနောက်တစ်ယောက်မှာ ကိုယ်တိုင်လည်း Online shopping လုပ်နေသူ မြစ်ကြီးနားမှ မဟောင်းညွယ်ဖြစ်ပါတယ်။
သူက ကွန်ပျူတာရောင်းတဲ့ page ရဲ့ပို့စ်အောက်မှာ ကွန်ပျူတာဝယ်မယ် ဖုန်းဆက်ခဲ့ပါလို့ မှတ်ချက် (comment) ရေးထားမိလိုက်တာက အလိမ်ခံလိုက်ရဖို့ ဖြစ်သွားတယ်လို့ ဆိုပါတယ်။
“Comment မှာ ဖုန်းနံပါတ်ပေးလိုက်တာကိုက လိမ်မယ့်သူကို အခွင့်အရေးပေးသလိုဖြစ်သွားတာ။ Comment မှာ ဒီကွန်ပျူတာယူမယ် ဖုန်းဆက်ခဲ့ပါဆိုပြီး ဖုန်းနံပါတ်ရေးထားမိခဲ့တယ်။”လို့ မဟောင်းညွယ်က ပြောပါတယ်။
Page ကိုင်တဲ့လူတွေ ဖုန်းဆက်လာပေမဲ့ ဆက်လာတဲ့သူက ကွန်ပျူတာပိုင်းကို သိပ်နားမလည်တဲ့ သူဖြစ်နေတယ်လို့ သိချင်တာတွေ မေးနေတုန်း ဖုန်းကျသွားတော့ ပြန်မဆက်ဖြစ်တော့တာလို့ ပြောဆိုပါတယ်။
“တခြားဘက်ရှာကြည့်မယ်လေဆိုပြီး ထားလိုက်တာ။ comment ကိုတော့ မဖျက်ခဲ့ဘူး။ နောက် ၃ရက်လောက်ကြာတော့ အဲဒီလိမ်တဲ့သူက ဖုန်းဆက်လာတယ်။ ရှေ့မှာ တခါပြောထားပြီးတဲ့အတိုင်း ဖြစ်နေတော့ page ကိုင်တဲ့လူတွေပဲထင်ပြီး စကားပြောခဲ့တယ်။ သူကတကယ့် service မာနေဂျာ၊ marketing မာနေဂျာ လေသံနဲ့ပဲပြောတာ။ ဟုတ်ကဲ့ပါခင်ဗျားတွေပြောတာ။ ဝန်ထမ်းတွေကိုလည်း ကောင်းကောင်း သင်လိုက်ပါ့မယ်ပေါ့။”လို့ မ ဟောင်းညွယ်က ပြောပြပါတယ်။
အထက်တန်းရှေ့နေ ဦးလွင်ထူးကိုက လိမ်တာ၊ ဖျားယောင်ပြီးရောင်းတာ၊ ခိုးယူတာတွေ လိုင်းပေါ်ကနေပစ္စည်းရောင်းပြီး ပစ္စည်းမပို့တာတွေ ပစ္စည်းမမှန်တာပို့တာတွေ၊ Online စုကြေးတွေ၊ ဝယ်တဲ့သူတွေပစ္စည်းယူပြီး ပိုက်ဆံမပေးတာတွေ ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဂ)ထဲမှာအကျုံးဝင်တာဖြစ်ပြီး ထောင်ဒဏ်က (၃)နစ်ရှိကြောင်း ပြောပြပါတယ်။ ရဲအရေးပိုင်ဖြစ်လို့ အာမခံလည်းမရဘူးလို့ ဆိုပါတယ်။
“Online ကနေပြီးတော့ လိမ်လည်ခံရပြီဆိုတာနဲ့ သူကအထောက်အထားယူပြီး ၆၆(ဂ)နဲ့ ရဲအရေးပိုင်တယ် ရဲစခန်းမှာ အမှုသွားဖွင့်လို့ရတယ်။ ကချင်ပြည်နယ်မှာတော့ အများကြီးရှိတယ်။ ဒါပေမဲ့ တရားရုံးအထိ အမှုဖွင့်တိုင်းကြားတာကတော့ လောလောဆယ်တော့ မကြားဖူးဘူး၊ မရှိဘူး။ ဒီမြစ်ကြီးနားမှာပေါ့နော်။ တရားရုံးထိ မရောက်ဘူး၊ လိမ်တာတော့ ခဏခဏကြားဖူးတယ်။”လို့ အထက်တန်းရှေ့နေ ဦးလွင်ထူးကိုက ဆိုပါတယ်။
ဆက်သွယ်ရေးလိုင်းတွေ ကောင်းမွန်လာလို့သာ မဟုတ်ပဲ Covid-19 ရောဂါဖြစ်နေလို့လည်း မြန်မာနိုင်ငံမှာ online shopping က တော်တော်ကျယ်ပြန့်လာတာ တွေ့ရပါတယ်။ ဖေ့စဘွတ်လူမှုကွန်ရက် သုံးစွဲသူ ၂၂သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ၊ တာဝန်ယူမှုရှိပြီး သိက္ခာရှိရှိ online ကနေ ဈေးရောင်းချနေတဲ့ လုပ်ငန်းတွေလည်း ရှိနေပြီဖြစ်ပါတယ်။
Online shopping လည်း စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် တရားဝင်လုပ်ငန်း လိုင်စင်လိုအပ်သလို မှတ်ပုံတင်ထားခြင်းမရှိရင် တရားမဝင်လုပ်သလိုဖြစ်တဲ့အတွက် တရားဥပဒေနဲ့ညှိစွန်းတယ်လို့ အထက်တန်းရှေ့နေ လွင်ထူးကိုက ဆိုပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း အင်တာနက်ကို အခွင့်ကောင်းယူပြီး လိမ်ညာရောင်းဝယ်ကြသူများ မကြာမကြာတွေ့နေရပါတယ်။
စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရလည်း အရေးယူလို့ရသလို ဒီဥပဒေအရအရေးယူလုပ်ကိုင်နေတဲ့ စားသုံးသူရေးရာဦးစီးဌာလည်း ရှိတဲ့အတွက် နစ်နာသူတွေကတိုင်ကြားပြီး တကယ်လည်း ကျူးလွန်းထားတာ ပေါ်လွင်တယ်ဆိုရင် ဥပဒေအရ အရေးယူချင်ရင်ယူလို့ရတယ်လို့ မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က ဆိုပါတယ်။ ဒါပေမဲ့ တိတိကျကျ အရေးမယူနိုင်သေးဘူးလို့ ဆိုပါတယ်။
“အစိုးရတွေအနေနဲ့ အခုထိ တိတိကျကျလုပ်ပေးထားတာ မရှိဘူး online နဲ့ ပတ်သက်ရင်။”လို့ ဦးမောင်မောင်က ဆိုပါတယ်။
မြန်မာစားသုံးသူများသမဂ္ဂ အနေနဲ့ တိုက်တွန်းထားတာက online နဲ့ပတ်သက်လို့ရှိရင် အစိုးရက မကာကွယ်နိုင်သေးတဲ့အတွက် လုပ်ငန်းရှင်ကလည်း မကာကွယ်ပေးနိုင်သေးဘူးဆိုရင် စားသုံးသူများဟာ မိမိကိုယ်မိမိကာကွယ်ခြင်းသာလျှင် အထိရောက်ဆုံးကာကွယ်ခြင်းဖြစ်တယ်ဆိုပြီး ပညာပေးတယ်လို့ ဆိုပါတယ်။
Smart consumer ဖြစ်အောင် လိုက်နာရမယ့်ဟာတွေ ရှိတယ်။ အဲဒါတွေကို လိုက်နာရမယ်လို့လည်း ဆိုပါတယ်။
မြန်မာစားသုံးသူများသမဂ္ဂ ဆီတိုင်ကြားတာလည်းများပြီး တိုင်တဲ့ကိစ္စတွေကိုလည်း စားသုံးသူရေးရာဦးစီးဌာကို ပြန်လည်တိုင်တန်းပေးခဲ့ပေမဲ့ စုံစမ်းထောက်လှန်းတာတွေ မတွေ့ရဘူးလို့ ဦးမောင်မောင်က ဆိုပါတယ်။
“အမှန်တော့ တယ်လီဖုန်းရှိရင် တယ်လီဖုန်းကုမ္ပဏီနဲ့ ပူးပေါင်းပြီးဌာနဆိုင်ရာနဲ့လုပ်ရင် အောင်မြင်သင့်တာပေါ့လေ။ ဒါပေမဲ့ အဲဒီကိစ္စကိုလုပ်ပြီး အောင်မြင်တယ်ဆိုတာ ကျွန်တော် သိပ်မကြားဖူးဘူး။”လို့ ဦးမောင်မောင်ကပြောပါတယ်။
စားသုံးသူကို တကယ်ကာကွယ်ချင်ရင် ဥပဒေလည်းရှိထားတဲ့အတွက် စားသုံးသူကို ကာကွယ်ဖို့ အစိုးရဌာတွေမှာ တာဝန်ရှိပြီး အဲဒီဥပဒေကို အားကောင်းအောင် လုပ်ရမယ့်အဖွဲ့အစည်းက ဌာနဆိုင်ရာဝန်ထမ်းတွေပဲဖြစ်တယ်။ ဝန်ကြီးဌာနအချင်းချင်း ညှိနိုင်းပြီးတော့ ဒီအမှုတွေကို များများဖော်ထုတ်ပြီး အရေးယူနိုင်မှသာလျှင် စားသုံးသူကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဦးမောင်မောင်က သုံးသပ်ပြောဆိုပါတယ်။
ခဏခဏ လိမ်လည်ခံရတာတွေရှိပေမဲ့လည်း တရားရုံအထိရောက်တာ အလွန်နည်းတာကိုလည်း မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်ကအခုလို သုံးသပ်ထားပါတယ်။
“(ပုဒ်မ) ၆၆(ဂ)အရ နစ်နာသွားတဲ့ စားသုံးသူတွေက ကိုယ်တိုင်ပြန်တိုင်လို့ရတယ်။ အဲလိုတိုင်ပြီး ရဲအမှုဖြစ်သွားတဲ့အခါ ရဲနဲ့စားသုံးသူနဲ့ ရင်ဆိုင်ရတဲ့ပြဿနာ စားသုံးသူကကြောက်တယ်။ ရှင်းရှင်းပြောရင် ရဲကိုအားကိုးရမှာစိုးရိမ်တာ။”လို့ ၎င်းကဆိုပါတယ်။
နေ့စားအလုပ် လုပ်ပြီးစုထားတဲ့ငွေတစ်သိန်းကျော်နဲ့ မိတ္တူစက်မှာယူရာတွင် အလိမ်ခံလိုက်ရပြီး ရေသန့်ဘူး ၁၀ဗူးသာလက်ခံရရှိခဲ့တဲ့ ကိုဘရန်အောင်ကလည်း ဆရာတွေက တိုင်တန်းဖို့ အကြံပေးပေမဲ့ ကုန်လာမယ့် ပိုက်ဆံတွေကို စဉ်းစားပြီး မတိုင်ဖြစ်ဘူးလို့ ပြောပြပါတယ်။
“ပိုက်ဆံမရှိလို့ နေ့စားလုပ်ပြီး စုထားတဲ့ပိုက်ဆံဟုတ်တယ်။ အစကတော့ ငွေချေးပြီးလုပ်မလို့ သူငယ်ချင်းတွေဆီက ယူထားတာ ကိုဗစ်(ရောဂါ) ဖြစ်လာတော့ ချေးထားတဲ့ငွေတွေ ပြန်ပေးလိုက်တာ။ နောက် ငွေကြေးများများ အလိမ်မခံရအောင် သင်ခန်းစာယူတာလို့ပဲ ခံယူးထားလိုက်တယ်။”လို့ ကိုဘရန်အောင်က ဆိုပါတယ်။