ကော်ရန်တင်း(န်) လုပ်နေတဲ့ တီးတိန်ပြန်
မရန်
လွန်ခဲ့တဲ့ ၁၁ရက်က ကျွန်တော်ချင်းပြည်နယ် တီးတိန်မြို့ကို သွားခဲ့ပါတယ်။ မသွားမဖြစ်သွားရတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့်ပေါ့။ တကယ်သွားဖို့လိုအပ်တာတော့ ကလေးမြို့ထိပါပဲ။ လမ်းခရီးသင့်လို့ မရောက်ဖူးသေးတဲ့ တီးတိန်ကို ကလေးမြို့ကနေ နေ့ချင်းပြန်သွားဖြစ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ကလေးမြို့ခရီးကို အစကတည်းက သွားရမလား၊ မသွားရဘူးလားဆိုတာ တော်တော် စိတ်ဒွိဟဖြစ်ခဲ့ပြီးနောက် သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။
မတ်လ ၂၁ရက်နေ့မှာ မြစ်ကြီးနားကနေ မန္တလေးမြို့၊ မန္တလေးကနေ ကလေးမြို့ကို သွားရတဲ့ခရီးပါ။ ကျွန်တော်ခရီးသွားတုန်းက Covid-19 ကူးစက်လူနာ မြန်မာနိုင်ငံမှာ မတွေ့သေးပါဘူး။ အီတလီ၊ အမေရိကနဲ့ အခြားနိုင်ငံတွေမှာတော့ တော်တော်ဆိုးနေပါပြီ။ တီးတိန်သွားခဲ့ပြီး နောက်နေ့ မနက်မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Covid-19 လူနာဟာ တီးတိန်မြို့ကဆိုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ကျွန်တော်တို့ တီးတိန်မြို့ကို သွားတုန်းကလမ်းမှာ ဘာစစ်ဆေးမှုမှ မရှိခဲ့ပါဘူး။ သတင်းထုတ်ပြန်တဲ့ နောက်ပိုင်းမှာတော့ ကျန်းမာရေး စစ်ဆေးမှုတွေ အများကြီးရှိလာတယ်လို့ ချင်းပြည်နယ်က သူငယ်ချင်းက ပြန်ပြောပြတယ်။ ကျွန်တော် တီးတိန်ကိုသွားသာသွားရတာ တော်တော်ကြောက်ကြောက်နဲ့ သတိထားပြီးသွားခဲ့တာပါ။ လမ်းတလျှောက်လည်း mask တပ်ပြီး hand gel ကို မကြာမကြာ အသုံးပြုတယ်။
မြစ်ကြီးနားကနေ မန္တလေးကိုတော့ လေအိတ်ရထားနဲ့သွားခဲ့ပြီး၊ မန္တလေးရောက်ရောက်ချင်း ကလေးမြို့ကို မှန်လုံကားနဲ့ ညခရီးဆက်ခဲ့ပါတယ်။ ရထားပေါ်မှာတော့ အေးအေးဆေးဆေးပဲ နေရာလည်းကျယ်တော့ သိပ်စိုးရိမ်စိတ် မရှိခဲ့ဘူး။ ကျွန်တော်ပိုပြီး စိုးရိမ်ခဲ့တာကတော့ မန္တလေးနဲ့ကလေးမြို့ကြား မှန်လုံကားပေါ်တက် ကတည်းကဖြစ်ပါတယ်။ အဲဒီကတည်းက မြစ်ကြီးနားပြန်ရောက်ရင် ကိုယ့်သဘောနဲ့ကိုယ် သီးသန့်နေပြီးစောင့်ကြည့်မယ်။ Self-quarantine လုပ်မယ်ဆိုပြီး စဉ်းစားမိလို့ လုပ်ဖို့ဆုံးဖြတ်ဖြစ်သွားတယ်။ အိမ်သားတွေ ဒုက္ခရောက်သွားခဲ့ရင် ကိုယ်ကိုယ်တိုင်တော့ တရားခံမဖြစ်ချင်ဘူးလေ။
မန္တလေးနဲ့ကလေးမြို့ကြား ကားပေါ်မှာ ထိုင်းဘက်ကပြန်လာတဲ့သူတွေ ၈ယောက်လောက်ပါတယ်။ သူတို့ဘယ်သူမှ mask လည်း မတပ်။ ကားပေါ်မှာလည်း သူတို့ရဲ့စကားပြောသံတွေက ဆူညံလို့။ ကားပေါ်မှာပါလာတဲ့ အမျိုးသမီးတစ်ဦးက “ရွာလူကြီးက လက်မခံဘူးတဲ့၊ ဆေးစစ်မယ်လို့ ပြောတယ်။ ငါတို့ဘယ်မှာသွားနေရမလဲ”ဆိုပြီး ပြောလာတယ်။ နောက်အမျိုးသမီးတစ်ဦးက “ကိုယ့်အိမ်မှာကိုနေတာ ဘယ်သူ့ကို ဂရုစိုက်စရာလိုလဲ။ ကြောက်ရင် ငါ့အိမ်ဘယ်သူမှ လာမလည်နဲ့ပေါ့”တဲ့။ နောက်တစ်ယောက်က ၁၄ရက် သီးသန့်အပြင်မှာနေရမယ်လို့ ပြောတယ်။ ပါလာတဲ့ပိုက်ဆံကကုန်ပါပြီဆိုပြီး၊ တစ်ညလုံးကားပေါ်မှာ သူတို့အချင်းချင်းစကားတွေ ပြောနေကြတယ်။ သူတို့ကားပေါ်မှာ အိပ်ကြမယ့်ပုံမပေါ်။ ကျွန်တော်ပိုပြီးစိုးရိမ်တာက သူတို့ဆီမှာတစ်ယောက်ယောက်များ Covid-19 ပိုးကပ်ပါလာရင် ငါတော့သွားပြီဆိုပြီး၊ အတွေးကဝင်လာတယ်။ နောက်နေ့မနက် ကလေးမြို့ရောက်တော့ ကျောင်းနေဘက်သူငယ်ချင်းရဲ့ အိမ်ရှေ့မှာ ဆင်းလိုက်တယ်။
သူ့အိမ်မှာပဲနားခဲ့တယ်။ မနက်စာစားပြီးနောက် ကလေးမြို့က သူငယ်ချင်းက မင်းတခါတလေပဲ ကလေးရောက်တာ ချင်းတောင်ရောက်ဖူးသွားအောင် သွားလည်ကြရအောင်လို့ ပြောတော့၊ ကိုယ်ကလည်း သွားချင်တာနဲ့အတော်ပဲဆိုပြီး သူ့ကားနဲ့ ချင်းပြည်နယ် တီးတိန်ကို နေချင်းပြန်ခရီးသွားခဲ့ကြတယ်။ ကလေးမြို့ကနေ ၃နာရီလောက်မောင်းရင် တီးတိန်ရောက်တယ်။ မြို့အဝင်မှာ စိုက်ထူထားတဲ့ “တီးတိန်မြို့မှ ကြိုဆိုပါ၏” ဆိုင်းဘုတ်ရှေ့မှာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြတယ်။
ပြီးတော့ စားသောက်ဆိုင် တစ်ဆိုင်မှာထမင်းစားပြီး၊ ကလေးမြို့ကို ပြန်လာတယ်။ နောက်နေ့ မနက်အိပ်ရာထတော့ သူငယ်ချင်းက ဖုန်းပွတ်ကြည့်ပြီး “ဟေ့ကောင်ရယ် ချင်းကလူနာ Covid-19 positive တဲ့။”ဆိုပြီးပြောလိုက်တော့၊ ကျွန်တော့် စိုးရိမ်စိတ်က တဖြည်းဖြည်းနဲ့ပိုအရှိန်မြင့်လာတယ်။ ညကကြိုတင်ဝယ်ထားတဲ့ ကားလက်မှတ်နဲ့ မတ်လ ၂၄ရက်နေ့မနက် ကလေးမြို့မှ မန္တလေးထိ ကားနဲ့ပြန်ပြီး မန္တလေးကနေ မြစ်ကြီးနားကိုတော့ လေယာဉ်စီးခဲ့ပါတယ်။
ကျွန်တော့်အိမ်မှာက ၂နှစ်ကျော်သားလေးရယ်၊ ကိုယ်ဝန်သည်ဇနီးရယ်၊ ဆီးချိုရောဂါဖြစ်တဲ့ အမေ၊ သူတို့တွေရှိနေလို့ သာမက ကျွန်တော့်ပတ်ဝန်းကျင်အတွက်ပါ စိုးရိမ်လို့ self-quarantine လုပ်ဖို့ မြစ်ကြီးနား မရောက်ခင်ကတည်းက ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဖြစ်လာရင် မိသားစုအတွက် သာမက တစ်ရွာလုံးအတွက်ပါ ဒုက္ခပေးတဲ့သူဖြစ်သွားမှာကို စိုးရိမ်တာပေါ့။
အိမ်ကလူတွေကို လိုအပ်တဲ့ပစ္စည်းတွေ ကြိုတင်ပြင်ဆင်လာကြိုဖို့ ဖုန်းဆက်မှာလိုက်တယ်။ မြစ်ကြီးနားလေဆိပ်ရောက်ရောက်ချင်း အိမ်ကလူတွေနဲ့လမ်းတစ်နေရာမှာချိန်းပြီး ပစ္စည်းတွေလွဲယူကာ ကိုယ့်သဘောနဲ့ကိုယ် တောင်ယာမှာ သွားနေနေပါတယ်။ အိမ်ကလူတွေက လိုအပ်တဲ့ပစ္စည်းတွေ ကားပေါ်တင်ပြီး လမ်းမှာလာစောင့်နေတယ်။ ကျွန်တော်ရောက်လာတာနဲ့ သူတို့ကားပေါ်ကဆင်းပြီး ကျွန်တော်တစ်ယောက်တည်းပဲ တောင်ယာကို မောင်းသွားခဲ့တယ်။ အိမ်သားတွေနဲ့ ခပ်လှမ်းလှမ်းကပဲ စကားပြောခဲ့တယ်။
တောင်ယာဆိုတော့ လူမရှိဘူးပေါ့။ အနီးဆုံး ၁၀မိနစ်ခန့် လမ်းလျှောက်ရတဲ့ တောင်ယာနီးချင်းနှစ်ယောက် သုံးယောက်တော့ရှိတယ်။ ပထမညတော့ တစ်ယောက်တည်းဖြစ်တာရယ်၊ တောင်ယာတဲက တံခါးပိတ်မရတာရယ်ဆိုတော့ ဆုတောင်းတာတောင် ခါတိုင်းထက် ပိုရှည်အောင် တောင်းပြီးအိပ်ခဲ့ပါတယ်။ ကျွန်တော်က တီးတိန်ကပြန်ပြီး တစ်ယောက်တည်း တောင်ယာမှာ quarantine လုပ်နေချိန်မှာ ရွာကတရုတ်ပြန်၊ မလေးပြန်တွေကတော့ရွာမှာ ဘာ quarantine မှ မလုပ်ပဲ၊ အေးအေးဆေးဆေး သွားလာနေတယ်လို့ သတင်းကြားတော့ ကျွန်တော်တောင် တော်တော်စိတ်မကောင်းဖြစ်မိတယ်။
ကျွန်တော်အိမ်မှာ (၁၄)ရက်သီးသန့်နေခြင်း (home quarantine)မလုပ်ပဲ၊ ဘာကြောင့် တောင်ယာမှာ သွားနေပြီး လုပ်သလဲဆိုတော့၊ အိမ်မှာနေရင် ကျွန်တော့်သားက ကျွန်တော့်ကို အရမ်းကပ်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ အလွမ်းပြေသားနဲ့ ဇနီးကို ဗီဒီယို call ရလို့ တော်သေးတာပေါ့။ ဒုတိယတစ်နေ့ တစ်နေကုန် တစ်ယောက်တည်း ဖြတ်သန်းရတာ မလွယ်ပါဘူး။ တောင်ယာနားက ချောင်းမှာ ငါးဖမ်းမယ့်နေရာ အဆင်ပြေလို့သာ တော်သေးတာပေါ့။ ငါးဖမ်းတယ်။ စာအုပ်ဖတ်ရင်းနဲ့ပဲ အချိန်ကုန်ရတာပေါ့။ တတိယနေ့ ရောက်လာတော့ အို… ငါ ၁၄ရက် ဘယ်လိုဖြတ်ကျော်ရမလဲပေါ့။ တစ်ယောက်တည်းနေရတာ တော်တော်ပျင်းစရာကောင်းလာတယ်။ ၉ရက်နေ့ရောက်လာတော့ တစ်ယောက်တည်းလည်း တော်တော်နေသားကျသွားပြီ။ သားကအိမ်ပြန်လာတော့လို့ V-call ကနေပြောတော့ တော်တော်ပြန်ချင်လာတယ်။ ကျွန်တော်လည်း ဒီနေ့အထိတော့ ကျန်းမာဆဲပါ။ မကြာခင်ရက်ပိုင်းအတွင်း စိတ်ချလက်ချ အိမ်ကိုပြန်နိုင်တော့မှာပါ။
ကိုယ့်မိသားစုနဲ့ရပ်ရွာအတွက် ကိုယ့်အသိစိတ်နဲ့ ကြိုတင်ကာကွယ်မှုကို နှစ်ပတ်ကြာ တစ်ကိုယ်တော်ဖြတ်သန်းနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။
Self-Quarantine လုပ်ခြင်းနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ကြရအောင်လို့ အကြံပြုပါတယ်။