ကချင်အထူးဒေသ (၁) နယ်စပ်ဒေသ ကန်ဖန်ရွာ စစ်ကောင်စီပြည်သူ့စစ်စခန်းကို သိမ်းပိုက်၊ ဒေသခံတွေကြိုဆို
–
ကချင်ပြည်နယ်အထူးဒေသ (၁) အတွင်းက ကန်ဖန်ရွာ စစ်ကောင်စီတပ်စခန်းကုန်းကို KIA ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်တယ်လို့ သိရပါတယ်။
စခန်းကုန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ လက်နက်တွေကို ချောင်းထဲ ပစ်ထည့်ပြီး ထွက်ပြေးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရှိရပါတယ်။
စခန်းသိမ်းပိုက်ပြီးနောက် ဒေသခံတိုင်းရင်းသား ပြည်သူတွေက ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ကြိုဆိုနေတဲ့ ဗီဒီယိုဖိုင်တွေလည်း အွန်လိုင်းလူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတာကို တွေ့ရပါတယ်။
ယခင်က ဗကပ၊ NDA-K တွေ အုပ်ချုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ စိုးမိုးခဲ့တဲ့ ကချင်အထူးဒေသ (၁) ကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်နေတာ ဖြစ်ပါတယ်။
အဆိုပါ ကချင်ပြည်နယ်ရဲ့ အရှေ့ဘက် ဖီမော်၊ ဂေါ်လန်နဲ့ ကန်ဖန်နယ်မြေတွေဟာ ၁၉၅၀ ကျော်နဲ့ ၁၉၆၀ ပြည့်နှစ်တွေအတွင်း တရုတ် – မြန်မာနယ်စပ်မျဉ်း သတ်မှတ်ရေးနဲ့ ပက်သက်ပြီး နိုင်ငံရေး မကျေလည်မှု ရှိခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
အဆိုပါ သမိုင်းဝင်ရွာတွေထဲက ဖီမော်ရွာကိုတော့ နိုဝင်ဘာ ၂ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ကန်ဖန်ကိုတော့ ဒီကနေ့ သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။