လွတ်မြောက်နယ်မြေက လေကြောင်း အန္တရာယ် ဒုက္ခသည်များ
–
“ကျမတို့ KBC – 1 ကွတ်ခိုင် camp က ၂၀၁၂ ဒီဇင်ဘာ ၂၄ ရက်နေ့ကနေ တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့် ကျမတို့ ပြည်သူတွေ မိမိရဲ့ဒေသမှာနေလို့ လုံးဝ မဖြစ်နိုင်တော့တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ စစ်ရှောင်ခဲ့ရတာ ဖြစ်ပါတယ်။”
ကချင်တကျော့ပြန်စစ်ပွဲကြောင့် တိမ်းရှောင်ခဲ့ရပြီး ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းမှာ ဆယ်နှစ်ကျော် ခိုလှုံနေရပြီဖြစ်တဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အခုတဖန် စခန်းပြောင်းရွှေ့ခိုလှုံနေရတယ်လို့ စစ်ရှောင်စခန်းကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
ကွတ်ခိုင်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက လွတ်မြောက်နယ်မြေဖြစ်သွားပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့သလို အရပ်သားပစ်မှတ်တွေကို မရှောင်ပဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့အတွက် နေရာပြောင်းရွှေ့ခိုလှုံနေရတယ်လို့ ဒေါ်ချမ်းညွယ်က ပြောပါတယ်။
“ဩဂုတ်လအတွင်းမှာ ကွတ်ခိုင်မြို့ဈေးအတွင်းမှာပေါ့နော် ဗုံးကြဲမှုတွေ ဖြစ်ပွားခဲ့တယ်။ ဒါကြောင့်မို့လို့ ဗုံးကြဲပြီး မီးလောင်ခဲ့တဲ့ ဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့် မနေရဲတော့ပဲနဲ့ ကျမတို့ ပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ နေရာတစ်ခုမှာ ကျမတို့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ မိသားစုတွေအနေနဲ့တော့ မိမိနေထိုင်တဲ့ မြေကွက်လေးထဲမှာ ဒီမိုးကာတဲလေးတွေ ထိုးပြီးတော့ အရေးပေါ် ဖြစ်တဲ့အတွက်ကြောင့် ကျမတို့အနေနဲ့ ခက်ခဲတဲ့ကြားထဲကနေ ပြောင်းရွှေ့နေရခြင်း ဖြစ်ပါတယ်။ အခုချိန်မှာဆိုလို့ရှိရင် ကျမတို့ မိသားစုတွေအနေနဲ့ ဆိုလို့ရှိရင် ဒီဟောခန်းတွေမှာ စုပြီးတော့ လေးအိမ်ငါးအိမ်စုပြီးတော့ ဝိုင်းပြီးချက်စားပြီး နေနေကြတယ်။ ကျမတို့ ပြောင်းရွှေ့လာတဲ့ အချိန်ပြောရမယ်ဆိုရင် အခု ရက် (၂၀) လောက်ရှိသွားပါပြီ။ ပိုပြီးတော့ ခက်ခဲမှုတွေ ကြုံတွေ့လာတာက ကျမတို့ ဒီစားနပ်ရိက္ခာဖူလုံမှု မရှိတာမျိုးတွေ ပြီးလို့ရှိရင် အလုပ်အကိုင်ကို သွားလုပ်ကိုင်နိုင်ဖို့ အချိန်တွေ မရှိဘူး၊ အခြေအနေ မရှိဘူး၊ ခေါ်မယ့်သူလည်း ရှားပါးတယ်။”
လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်လို့ အခုတစ်ဖန်ပြောင်းရွှေ့နေရတဲ့ နေရာမှာ စစ်ရှောင်မိသားစုတွေ အချင်းချင်း ဝိုင်းဝန်းကူညီပြီး ကိုယ်ထူကိုယ်ထ မိုးကာတဲတွေ ပြုလုပ်နေကြတယ်လို့ ဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိနေရာမှာ သောက်သုံးရေအခက်အခဲရှိနေပြီး ၁၅ မိနစ်လောက်သွားရတဲ့ နေရာက ချောင်းရေကို သယ်ယူအသုံးပြုရတယ်လို့ ဆိုပါတယ်။
“ဟုတ်ကဲ့။ နေရာဟောင်းမှာကျတော့ စည်ပင်ကနေရေ ရရှိတယ်။ ပြီးလို့ရှိရင် အဝီစိကနေ ရေတွေတူးထားတာ၊ အဝီစိကနေလည်း သောက်ရေသန့်တွေရရှိတယ်။ အခုချိန်မှာကျတော့ ကျမတို့ ဒီနေရာသစ်မှာကတော့ ကျမတို့ ဒီအဝီစိတူးနေတာလည်း အဆင်မပြေသေးဘူးပေါ့နော်။ အဲ့တော့ ကျမတို့ ဘေးနားကချောင်းထဲမှာ ကျမတို့ သွားပြီးတော့ ခေါင်းတွေရွက်ပြီးတော့ သယ်ဆောင်ကြတယ်။ သယ်ဆောင်ပြီးတော့ ဒီကျိုချက်ပြီးတော့ သောက်ကြတာ ဖြစ်ပါတယ်။ ရေတော့ အခုချိန်မှာ ခက်ခဲမှုတွေကြုံနေရတာ ဖြစ်ပါတယ်။ ”
ချောင်းရေကို သယ်ယူရတာဝေးပေမဲ့ ဆီဈေးတွေဈေးကြီးနေတဲ့အတွက် လူနဲ့ ခေါင်းရွက် ကျောပိုးသယ်ယူ ခပ်သောက်နေရတဲ့ မိသားစုတွေ များတယ်လို့လည်း ဒေါ်ချမ်းညွယ်က ပြောပါတယ်။
“ကျမတို့ ရေသွားခပ်တဲ့အချိန်မှာ ၁၅ မိနစ်လောက်လျှောက်ပြီးတော့ သွားခပ်ရတာ ဖြစ်ပါတယ်။ ဆိုက်ကယ်နဲ့သွားရင်လည်း ကျမတို့ ဒီအချိန်မှာ သွားသယ်တဲ့သူလည်း ရှားပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းနဲ့သွားပြီးတော့ သယ်ဆောင်တဲ့ သူတွေပဲ ပိုပြီးတော့ များပါတယ်။ များသောအားဖြင့် ခေါင်းနဲ့ရွက်ပြီး သယ်ဆောင်တယ်။ ခြင်းတောင်းနဲ့ ပုံးအဝါလေးတွေနဲ့ ရွက်ပြီးသွားသယ်ဆောင်လာကြတာ ဖြစ်ပါတယ်။”
လက်ရှိနေရာသစ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုလည်း ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။
“အခုအချိန်မှာကျတော့ ကျမတို့ ဒီကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးတော့ ဒီနေရာဟောင်းမှာ ရှိတဲ့အချိန်မှာက တခြားဒီကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကူညီတဲ့အဖွဲ့အစည်းတွေ ရှိပါတယ်။ အခုဒီနေရာသစ်လေးမှာ ပြန်ပြီးတော့ ပြောင်းရွှေ့ သွားတဲ့အချိန်မှာ ဒီကူညီနေတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီအချိန်မှာ တိုက်ပွဲကြားထဲမှာဆိုတော့ အားလုံးက ရှောင်နေကြတော့ ကျမတို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဝန်ဆောင်မှုတွေ မရှိဘူး။ ဒါကြောင့်မို့လို့ ဒီမှာ အခုလောလောဆယ် အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဒီနို့တိုက်မိခင်များအတွက် အများကြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။”
စစ်ဆိုတဲ့အရာကို မလိုလားပဲ ပြည်သူတွေကို ခြိမ်းခြောက်မှုမရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ကောင်းမွန်စွာ အုပ်ချုပ်ပေးနိုင်တဲ့ အစိုးရကိုပဲ အမြန်ဆုံးလိုလားတယ်လို့ ဒေါ်ချမ်းညွယ်က ဆန္ဒပြု ပြောဆိုပါတယ်။
“တကယ်ကို ပြည်သူတွေရဲ့ ဘဝ ပျော်ရွှင်တဲ့ဘဝ အသက်အာမခံချက်ရှိတဲ့ ဘဝကို ကျမတို့ လိုလားနေတာ ဖြစ်ပါတယ်။ ကျမတို့ မျှော်လင့်ချက်မှာလည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်နိုင်ဖို့၊ ကျမတို့ ပြည်သူတွေကို ခြိမ်းခြောက်မှုရှိတဲ့ အဖွဲ့အစည်းဆိုတာမျိုး မရှိဖို့ပဲ ကျမတို့ လိုချင်ပါတယ်။ ပြည်သူတွေကို ပံ့ပူးပေးနိုင်တဲ့၊ ပြည်သူတွေကို ကောင်းမွန်စွာ အုပ်ချုပ်ပေးနိုင်တဲ့ အစိုးရကို ကျမတို့ အမြဲတမ်းလိုလားတာ ဖြစ်ပါတယ်။”