ကျုံးသွင်းခံနေရတဲ့ ဖားကန့် စစ်ကောင်စီတပ် အခုတော့ ကျောချမ်းနေရပြီ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
၂၀၂၃ အောက်တိုဘာလ ကတည်းက စခန်းသိမ်းထိုးစစ်တိုက်ပွဲတွေ စတင်ဖြစ်ပွားနေခဲ့တဲ့ ကျောက်စိမ်းမြေ၊ ဖားကန့်မှာ ဒီတလောအတွင်းမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားလျက်ရှိပြီး စစ်ရေးအခြေအနေက ဆက်တိုက်တင်းမာနေတာပဲ ဖြစ်ပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကစပြီး ဖားကန့်မြို့ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာနဲ့ ဖားပြင်ရွာကြားက KIA တပ်ဖွဲ့ဝင်တွေရှိနေတဲ့ Lucky Men ဟိုတယ်နဲ့ ကေတီဗီကို စစ်ကောင်စီက စစ်ကြောင်းထိုးလာချိန်ကစလို့ စစ်ရေးတင်းမာမှု စတင်လာတာ ဖြစ်ပါတယ်။ ထိတွေ့ပစ်ခတ်မှုတွေလည်း နေ့စဉ်လိုလိုဖြစ်ပွားနေခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့နဲ့ စက်တင်ဘာ ၁၆ ရက်နေ့တွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အပြင် ဖားကန့်မြို့လယ်မှာ အထိုင်ချထားတဲ့ ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တပ်ဖွဲ့ရဲ့ ထိတွေ့ပစ်ခတ်မှုတွေကြား Lucky Men ဟိုတယ်ပတ်ဝန်းကျင်က အရပ်သာားနေအိမ်တွေ မီးလောင်ကျွမ်းခဲ့သလို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲထဲကြားညပ်ပြီး ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သားတွေရှိတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း ထူးခြားမှုတစ်ခုအနေနဲ့ မြင်တွေ့ရတာက ဆိုင်းတောင်ဘက် တိုက်ပွဲစတင်ခဲ့ပြီးနောက် ၆ ရက်မြောက်နေ့မှာပဲ KIA ပူးပေါင်းအဖွဲ့က ဆိုင်းတောင်ရဲစခန်းကုန်းကို တိုက်ခိုက်သိမ်းယူလိုက်ပြီး ဖျက်ဆီးပစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုင်းတောင် (ဆိပ်မူ) ရဲစခန်းကုန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ စခန်းဖြစ်ပြီး၊ ဖားကန့်ဗျူဟာကုန်းကို အကာအကွယ်ပေးထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖားကန့်ဗျူဟာကုန်းရဲ့ အမြင့်ဆုံး ကာကင်စခန်းတွေဖြစ်တဲ့ လမောင်နဲ့ တောမှော်စခန်းနှစ်ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဖားကန့်မြို့တွင်းထိ တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ အခုလ စက်တင်ဘာ ၁၂ ရက်နေ့ မနက်မှာလည်း ဖားကန့်ဗျူဟာကုန်းနဲ့ (၄) မိုင်ဝန်းကျင်လောက်ပဲ ဝေးတဲ့ ဆိုင်းတောင် (ဆိပ်မူ) ရဲစခန်းကို စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့အတွက် ဖားကန့်ဒေသမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်စွမ်း ပိုပိုပြီးကင်းမဲ့လာတာကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။
ယမန်နှစ်ကတည်းက ဖားကန့်ဒေသရဲ့ လမ်းကြောတွေကို ထိန်းချုပ်နိုင်ဖို့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို တစ်စတစ်စ တိုက်ခိုက်သိမ်းပိုက်လာခဲ့ရာ အခုတော့ ဖားကန့်မြို့တွင်းထိ ရောက်ရှိလာတဲ့ သဘောဖြစ်ပြီး အဓိကကျတဲ့ ဖားကန့်ဗျူဟာကုန်းလည်း ဘေးကျပ်နံကျပ် ဖြစ်လာရတဲ့ စစ်ရေးအခြေအနေဖြစ်တယ်လို့ သုံးသပ်ရပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကျုံးသွင်းခြင်းခံနေရတဲ့ ဖားကန့် စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ စစ်အင်အားဖြည့်တင်းဖို့ လမ်းကြောတွေ ပိတ်ဆို့ခံထားရတဲ့အတွက် လေကြောင်းတစ်ခုတည်းကိုသာ အားကိုးအားထားပြီး ခုခံနေရတဲ့ အခြေအနေကို ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေအရ ဖားကန့်စစ်ကောင်စီတပ်ဟာ ထွက်ပေါက်၊ ဝင်ပေါက်တွေ ပိတ်ဆို့ခံထားရရုံ သာမက ကာကင်းစခန်းတွေလည်း တဖြည်းဖြည်း ဆုံးရှုံးနေရတဲ့အတွက် အမိုးအကာမရှိတဲ့ ဇရပ်ဟောင်းမှာ ခြုံစရာစောင်မရှိပဲ အိပ်မရတဲ့ ဆောင်းညတွေလို ကျောချမ်းနေရပြီ ဖြစ်ပါတယ်။