KIA ရဲ့ အထူးစစ်ဆင်ရေး ဖြစ်တန်ခြေ ရလဒ်
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ “ထူးခြားတဲ့အပြောင်းအလဲ ဖြစ်လာနိုင်တဲ့နှစ်”လို့ ပြောခဲ့သလို၊ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင့်အာဇာနည်နေ့မှာလည်း KIO ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ အထူးစစ်ဆင်ရေးကို တပြည်လုံးအတိုင်းအတာ ဖော်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ပြောတဲ့ အထူးစစ်ဆင်ရေးဟာ အခုနှစ် မတ်လ ၇ ရက်နေ့မှာ စတင်ခဲ့တယ်လို့ နားလည်ရပါတယ်။ ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်လာနိုင်တဲ့နှစ်က အခုဆိုရင် သုံးပုံ – နှစ်ပုံ ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။
ဇန်နဝါရီလကနေ ဩဂုတ်လအထိ (၈) လာတာအတွင်းမှာ ကချင်ရဲ့ စစ်ရေးအခြေအနေဟာ အရင်နှစ်တွေထက် သိသိသာသာကြီးကို အရှိန်မြင့်လာခဲ့ပြီး ထင်မှတ်မထားခဲ့တဲ့ ထိန်းချုပ်ဧရိယာတွေလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Kachinwaves ရဲ့ စစ်ရေးသတင်း စုစည်းလေ့လာချက်တွေအရ ကုန်လွန်ခဲ့တဲ့ ရှစ်လတာအတွင်းမှာ ကချင်ပြည်နယ် ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းဒေသမှာ KIA ရဲ့ စစ်ရေး အောင်မြင်မှုရလဒ်တွေ သိသိသာသာ တိုးတက်ခဲ့တာကို တွေ့ရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ KIA ရဲ့ ထိန်းချုပ်နယ်မြေသစ်ဟာ မြို့ (၈) မြို့အထိ ရှိလာတဲ့အပြင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြော၊ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသတွေမှာလည်း KIA ရဲ့ စိုးမိုးနယ်မြေတွေဟာ တစ်လထက်တစ်လ ကျယ်ပြန့်လာနေပါတယ်။
သိမ်းပိုက်ခဲ့တဲ့ မြို့တွေထဲက မိုးမောက်၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ်မြို့တွေကို အပြီးသိမ်းပိုက်ထားပြီး၊ မံစီနဲ့ ဝိုင်းမော်မြို့ကိုလည်း တစိပ်တပိုင်းထိန်းချုပ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြို့နယ်ခွဲနဲ့ တိုက်နယ်အဆင့်ရှိတဲ့ လွယ်ဂျယ်နယ်စပ်မြို့၊ ဒေါ့ဖုန်းယန်မြို့၊ ဆင်ဘိုမြို့၊ ဆဒုံးမြို့နဲ့ ရွှေကူမြို့နယ်ထဲက မြို့လှမြို့တွေကိုလည်း သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။
ဆဒုံးမြို့ကို သိမ်းပိုက်ပြီး ဝိုင်းမော်မြို့ကိုလည်း စစ်ရေးအရ စိုးမိုးထားနိုင်တာ ဖြစ်တဲ့အတွက် ကချင်ပြည်နယ် အရှေ့မြောက်ဒေသက စစ်ကောင်စီဩဇာခံ ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်နဲ့ ပြည်သူ့စစ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကိုလည်း KIA က စစ်ရေးဗျူဟာအရ ဖြတ်တောက်ပိတ်ဆို့ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးရဲ့ ဘဏ္ဍာရေး ရေးသောက်မြစ်တစ်ခုဖြစ်တဲ့ ဖားကန့်ဒေသကိုလည်း KIA က စစ်ရေးဗျူဟာအရ ထိန်းချုပ်ထားနိုင်ပြီး လက်ရှိ စစ်ရေးအရှိန်မြင့်နေဆဲ ဒေသတစ်ခု ဖြစ်နေတာပါ။
အထူးသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဟာ ဧရာဝတီမြစ်ကြော တစ်လျှောက်ကို ထိန်းချုပ်ထားနိုင်ပြီး မြစ်ကမ်းဘေးတစ်လျှောက်က အဓိကအခရာကျတဲ့ နေရာတွေဖြစ်တဲ့ ရွှေကူမြို့နယ်ထဲက မြို့လှ၊ စင်းခန်းရွာတံတား၊ မြစ်ကြီးနားမြို့နယ်ထဲက ဆင်ဘို၊ တာလောကြီးဒေသတွေကို ထိန်းချုပ်ထားပြီး ဧရာဝတီကို ကြိုးကိုင်ထားပါတယ်။
ဒါ့ကြောင့် အရင်နှစ်မိုးတွင်းကာလတွေမှာ စစ်ကောင်စီက ဗန်းမော်ဘက်ရိက္ခာပို့တဲ့ စစ်ကောင်စီသင်္ဘောတွေကို ကမ်းနံဘေးကနေ မြေပြင်စစ်ကြောင်း လုံခြုံရေးယူပြီး ဆန်တက်နိုင်ခဲ့ပေမဲ့ ဒီနှစ်မိုးတွင်းကာလမှာတော့ စစ်ကောင်စီရဲ့ ရေယာဉ်သင်္ဘောတွေ ဗန်းမော်မရောက်နိုင်တော့တာကို တွေ့ရပါတယ်။
KIO/KIA ရဲ့ အထူးစစ်ဆင်ရေးဟာ အတိုင်းအတာတစ်ခုအထိ ရလဒ်ကောင်းတွေမြင်နေရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်တွေ သာမက အရပ်သားပစ်မှတ်တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ထိန်းချုပ်နယ်မြေ သို့မဟုတ် လွတ်မြောက်နယ်မြေတွေဟာ အပြည့်အဝ မလုံခြုံနိုင်သေးပါဘူး။
ဒီလိုကချင်ပြည်နယ်မှာ စစ်ရေးအသာရနေတဲ့အချိန်မှာပဲ ဩဂုတ်လနှောင်းပိုင်းကစပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်၊ ထီးချိုင့်မြို့တွေမှာ ဖော်ဆောင်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေကလည်း ကချင်စစ်ရေး အခြေအနေကို တစ်နည်းတစ်ဖုံနဲ့ ဆက်စပ်ထောက်ကူပေးမယ့် စစ်ရေးအောင်မြင်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ ကချင်အစပ်ကမြို့တွေကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်နိုင်ပြီဆိုရင် ကချင်ပြည်နယ်အတွင်းက လက်ကျန် စစ်ကောင်စီတပ်တွေဟာ သင်းသပ်ခံထားရတဲ့ အပင်တစ်ပင်လို အရွက်ခြောက်အပင်သေသွားရမယ့် သဘောလို့ သုံးသပ်ရပါတယ်။