ကရင် တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များ ပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်။ အပိုင်း (၁)
▪︎ မှတ်တမ်းပြုစုရေးသားသူ ဘန်လင် ဇော်တူး
8 July 2024 – Kachinwaves
ကျွန်တော် ဗိုလ်မှူးကြီးဇော်တူးသည် ဗန်းမော်ခရိုင် ဘန်လင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ အသက် (၈) နှစ်အရွယ်တွင် ကျွန်တော့် ဦးလေးနှင့် အဒေါ်အိမ်၌ နေထိုင်ခဲ့သည်။ အသက် (၉) နှစ်အရွယ်၊ ဗန်းမော်ခရိုင် စိန်လုံကဘာမြို့ရှိ အစိုးရကျောင်းတွင် စတင်ပညာသင်ကြားရာ ကျောင်းတက်နေစဉ်အတွင်း ဖျားသဖြင့် မိဘနေရပ် ဘန်လင်ကျေးရွာသို့ပြန်ပြီး အသက် (၁၁) နှစ်မှ ကျောင်းပြန်ဆက်တက်သည်။ စိန်လုံကဘာကျောင်းမှ နန့်ခမ်းမြို့ ခရစ်ယာန် သာသနာပြုကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားသည်။ ထိုသို့ ပညာသင်ကြားနေစဉ်အတွင်း ၁၉၄၂ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ဖြစ်ကာ ကျောင်းအားလုံးလည်းပိတ်၍ ပညာဆက်လက် မသင်ကြားနိုင်တော့ပါ။
၁၉၄၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဗြိတိသျှအစိုးရလက်အောက်ရှိ ပုလိပ်တပ်သို့ဝင်၍ ပုလိပ်ဝင်လုပ်သည်။ ထိုအချိန်က ၁ လလျှင် (၂၁) ရူပီးရသည်။ ၁၉၄၂ ခုနှစ် မေလ (၅) ရက်နေ့တွင် ဂျပန်တပ်များ ဗန်းမော်မြို့ကို ဝင်ရောက်သိမ်းပိုက်သည်။ ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးယန္တယား ပျက်ပြားသွားပြီးဖြစ်၍ ကျွန်တော်လည်း ပုလိပ်ဆက်မလုပ်တော့ဘဲ၊ ကျွန်တော့် ဦးလေးနှင့် အဒေါ်အိမ် ပြန်နေသည်။ ထိုအချိန်တွင် ဖက်ဆစ်ဂျပန် အုပ်ချုပ်ရေးစံနစ် စတင်နေချိန်ဖြစ်ပြီး ဖက်ဆစ်ဂျပန်များကို တော်လှန်ရန်အတွက် ဗြိတိသျှတပ်တွင် ထောက်လှမ်းရေး တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူးကြီး ခွန်နောင် က ထောက်လှမ်းရေး အရာရှိအဖြစ်တာဝန်ယူပြီး ဗိုလ်မှူး ဇော်ဂျွန် က အိန္ဒိယပြည်မှ လေယာဉ်ဖြင့်လာပြီး အလောဘွမ်တောထဲ လေထီဖြင့်ခုန်ချကာ ဝိုင်ယာလက်စက်ဖြင့် ဖက်ဆစ်ဂျပန်များ၏ လှုပ်ရှားမှုကို သတင်းယူ၊ သတင်းပို့ တာဝန်ယူသည်။ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးဇော်ဂျွန်တို့သည် ဗြိတိသျှအစိုးရတပ်မှ ကချင်အမျိုးသားတပ်မှူးများ ဖြစ်သည်။ ကျွန်တော့်အား ဗိုလ်မှူးကြီး ခွန်နော် က ဗန်းမော်လေယာဉ်ကွင်းတွင် ကူလီခေါင်းလုပ်ခိုင်း၍ ဂျပန်များ၏ လှုပ်ရှားမှုကို ထောက်လှမ်း ခိုင်းသည်။ ကျွန်တော်လည်း လေယာဉ်ကွင်း ဆောက်လုပ်ရာတွင် လိုအပ်သော အလုပ်သမားများ စုစည်းခေါ်ယူရင်း ဗိုလ်မှူးကြီး ခွန်နောင် ထံ ပုံမှန်သတင်းပို့ခဲ့သည်။
နောက်များမကြာမီ ဂျပန်များရုံးစိုက်ရာ ဗန်းမော်မြို့နှင့် လေယာဉ်ကွင်းအား ဗြိတိသျှလေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗိုလ်မှူးကြီး ခွန်နောင်နှင့်အတူ စိန်လုံကဘာသို့ ထွက်ပြေးသည်။ ထိုအချိန် ဗိုလ်မှူး ဇော်ဂျွန် လွှတ်လိုက်သော တရုတ်တပ်မှ တရုတ်များနှင့် လိုက်ပါသွားသည်။ ၎င်းတရုတ်တပ်များ ဖြတ်သန်းသွားသော ရွာများတွင် တရုတ်တပ်များ ဓမြတိုက်သွားသဖြင့် ရွာသားများက ကျွန်တော်တို့နှစ်ဦးအား ဖမ်းရန် ဂျပန်ကိုတိုင်သည်။ ဗိုလ်မှူးကြီး ခွန်နောင် ၏ သားသမီးများကိုမူ ဒုက္ခမပေးပါ။ နောက်ပိုင်း ဗြိတိသျှတပ်နှင့် တွေ့ဆုံပြီး ဗြိတိသျှတပ်တွင်ဝင်၍ ဖက်ဆစ်ဂျပန်များကို တော်လှန်ရန် စစ်မှုထမ်းခဲ့သည်။
ထိုသို့ ဗြိတိသျှတပ်တွင် စစ်မှုထမ်းနေစဉ်အတွင်း မြစ်ကြီးနားခရိုင်၊ ဝါးရှောင်၊ ဂွေထူဒေသများတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဖျားသဖြင့် ဗြိတိသျှစစ်တပ်မှ အိန္ဒိယပြည်၊ အာဆမ် (ASSAM) သို့ ဆေးကုရန် လေယာဉ်ပျံနှင့် ပို့လိုက်သည်။
အာဆမ်စစ်ဆေးရုံတွင် တစ်လကြာဆေးကုခံယူပြီး ဗြိတိသျှစစ်တပ်မှ (၁) အနားယူခွင့်ပေးသည်။ ထို့နောက် အိန္ဒိယပြည် ဥသာပရာဒက်ပြည်နယ်ရှိ (DEHARA: DUN) မြို့သို့ ကျွန်တော့်အား စစ်သင်တန်းယူရန် ပို့လိုက်သည်။ စစ်သင်တန်းပြီးသည့်နောက် ပန်ဂျပ်ပြည်နယ်၊ ပူရှာမြို့တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားသဖြင့် မြန်မာပြည်သို့ သင်္ဘောဖြင့် ပြန်လာခဲ့သည်။ ကျွန်တော့် မိခင်တပ်ရင်းမှာ (SECOND BURMA RIFLE) ဖြစ်သည်။ စစ်ပြီးနောက် (FIRST KACHIN) သို့ ပြောင်းပြီး ဗမာကွန်မြူနစ်များကို တိုက်ရင်း ဖဆပလ ခေတ် ကရင် တော်လှန်ရေး ဖြစ်သဖြင့် ဗိုလ်ချုပ်နော်ဆိုင်း ဦးဆောင်သော ကချင်တပ်နှင့် ကရင်တပ်များ ပူးပေါင်းသော တော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ဖဆပလ အစိုးရကို တော်လှန်ရင်း ယခုတိုင် ကရင်နယ်တွင် ကျန်ရစ်ခဲ့သည်။
===
ဒုတိယပိုင်း ဆက်လက်ဖော်ပြသွားမည်။
===
မှတ်ချက်။
ယခုဖော်ပြသော ဆောင်းပါးသည် “ဘန်လင်ဇော်တူး” ရေးသားပြီး “ရပ်ဝေးကချင်လူငယ်အသင်း (KACHIN YOUTH ASSOCIATION ABROAD – KYAA)” မှ ပုံနှိပ်ထုတ်ဝေးခဲ့သော စာစောင် (Booklet) ကို မူလအရေးအသားအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
အများသိသင့်သိထိုက်သော မှတ်တမ်းစာစောင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် Kachin Waves မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
ယခုစာစောင်ကို ဖော်ပြရန်အတွက် မူပိုင်ခွင့်နှင့်ပတ်သက်၍ ခွင့်တောင်းနိုင်ခြင်း မရှိသေးပါ။ မည်သူ့ထံ ခွင့်တောင်းယူရန် မသိရှိသောကြောင့် ဖြစ်ပါသည်။