ဂျပန်ခေတ် မြေအောက်ဆေးရုံကုန်းရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်နေသော လက်နက်ကြီး အန္တရာယ်
ဆောင်းပါး
By ရောင်နီ။
24 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့စစ်ကောင်စီတပ် စခန်းကုန်းမှ ဟောဝှစ်ဇာလက်နက်ကြီး ပစ်ခတ်နေသည့် ဗီဒီယိုရုပ်သံတစ်ခု ဧပြီလမှာ ထွက်ပေါ်လာသည်။ ၎င်းနေရာသည် ဒုတိယကမ္ဘာစစ်ကာလတွင် ဂျပန်တပ်၏ လျှို့ဝှက်မြေအောက် ဆေးရုံဖြစ်ခဲ့ပြီး “World War II Memories” ပြတိုက်အဖြစ် ၂၀၁၆ ခုနှစ်နောက်ပိုင်း ဖွင့်လှစ်ခဲ့သည့်နေရာ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်က ယင်းပြတိုက်ရှိသည့် ကြာအင်းကုန်းပေါ်၌ တပ်စခန်းအထိုင်ချကာ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့၍ အရပ်သားသေဆုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
၎င်းကုန်းပေါ်မှ ဟောဝှစ်ဇာလက်နက်ကြီး ပစ်ခတ်နေသည့် ဗီဒီယိုမှတ်တမ်းကို အင်းတော်မြို့နယ် စစ်ကောင်စီ၏ သတင်းများကို ထောက်လှမ်းတင်ပြနေသည့် ကင်းထောက်လူငယ်အဖွဲ့ဖြစ်သော Indaw Revolution-IR အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြထားသည်ကို တွေ့ရှိရသည်။
အဆိုပါရုပ်သံထဲတွင် စစ်တပ်ကုန်းမှ စစ်ကောင်စီတပ်သားများက ၁၂၂ မမ လက်နက်ကြီးကျည်များကို တပ်ဆင်နေပြီး ဟောက်ဝှစ်ဇာ လက်နက်ကြီးကိုလည်း ပစ်ရန်အသင့်ပြင်ဆင်ကာ နဘားကျေးရွာတောင်ပေါ်သို့ ပစ်ခတ်ခဲ့ကြောင်း IR အဖွဲ့၏ တာဝန်ရှိသူထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အင်းတော်မြို့ လက်နက်ကြီးကုန်းမှ ၂၀၂၃ ခုနှစ်အတွင်း ဟောက်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအလုံးရေ ၂၀၀ နီးပါးရှိခဲ့သည်ဟု IR အဖွဲ့၏တာဝန်သူတစ်ဦးက ပြောပါသည်။
လက်လှမ်းမီ ရရှိထားသည့် အချက်အလက်အရ အထက်ပါလက်နက်ကြီး ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်များမှ ကျေးရွာဘက်သို့ ဦးတည်ဖြစ်ခတ်ခဲ့သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ သေဆုံးခဲ့သည်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။
၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ကျော်ရွာဘက် ၄ ချက်ပစ်၊ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် မံထုံ ကျေးရွာဘက် ၃ ချက်ပစ်၊ ၁ ဦး သေဆုံးခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် နဘားကျေးရွာဘက် ၄ ချက်ပစ်၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကမ်းနီကျေးရွာဘက် ၃ ချက်ပစ်၊ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နဘားကျေးရွာဘက် ၂ ချက်ပစ်၊ ၁ ဦး သေဆုံးခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နဘားကျေးရွာဘက် ၂ ချက်ပစ်၊ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မဲဇာကျေးရွာဘက် ၄ ချက်ပစ်၊ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့သည်။
အထက်ပါ ထိခိုက်သေဆုံးမှုများတွင် အသက် ၇၈ နှစ် အရွယ်အဖွားအို၊ အသက် ၉၀ နှစ် အရွယ်အဖွားအို အသက် ၅ နှစ် အရွယ်ကလေး၊ အသက် ၆ နှစ် အရွယ်ကလေး၊ သားအမိနှစ်ဦးစလုံးထိခိုက်ခဲ့သည့် ဖြစ်စဉ်များ ပါဝင်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင်လည်း အဆိုပါအင်းတော်စစ်တပ်ကုန်းမှ ကျေးရွာဘက်သို့ လက်နက်ကြီး မကြာခဏ ပစ်ခတ်ခဲ့ပြီး၊ ဧပြီ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်ခဲ့သည့် ဟောက်ဝှစ်ဇာလက်နက်ကြီး ၄ လုံး နတ်မဟုတ်ကြီးကျေးရွာသို့ ကျရောက်ခဲ့၍ နွားတစ်ကောင် ထိခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် Indaw Revolution – IR မှ သတင်းရင်းမြစ်၏ ပြောပြချက်အရ ၂၀၂၃ ခုနှစ်တွင် အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ရှိခဲ့ပြီး၊ အရပ်သား ထိခိုက်သေဆုံးမှုနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း ထိခိုက်ပျက်စီးမှုများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ တိုက်ခိုက်မှုတွင် ရွာသာယာကျေးရွာ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့ တိုက်ခိုက်မှုတွင် ကျွန်းတောကျေးရွာမှ ၁ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့ တိုက်ခိုက်မှုတွင် ခရမ်းစပ်ကုန်းမှ ၂ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ တိုက်ခိုက်မှုကို ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ တိုက်ခိုက်မှုတွင် နဘားကျေးရွာမှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ ၁ ဦး သေဆုံးကာ ဈေးဆိုင်နှစ်ဆိုင် ထိခိုက်ပျက်စီးခဲ့သည်။
အထက်ပါ သေဆုံးမှုများထဲတွင် ကသာမြို့မှ မော်လူးမြို့သို့ ကုန်စိမ်းကူးနေသည့် အမျိုးသမီးနှစ်ဦး နဘားလမ်းအနီး ရောက်ရှိနေစဉ် တစ်ဦးက ခါးပြတ်သေဆုံးခဲ့ရပြီး၊ နောက်တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
IR အဖွဲ့မှ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင် မြင်တွေ့ရသော ဟောဝှစ်ဇာလက်နက်ကြီး ပစ်ခတ်နေသော အင်းတော်လက်နက်ကြီးကုန်းမှာ အင်းတော်မြို့ ပညာရေးမှူးရုံးအနီး၌ တည်ရှိပြီး ၎င်းနေရာသည် ဒုတိယကမ္ဘာစစ် ကာလတွင် ဂျပန်တပ်၏ လျှို့ဝှက်မြေအောက်ဆေးရုံအဖြစ် တည်ရှိခဲ့သည့် နေရာဖြစ်ကြောင်း သိရသည်။ ယခင်က တပ်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၎င်းမြေအောက်ဆေးရုံကို တူးဖော်ခဲ့ကာ “World War II Memories” ဆိုသည့် နာမည်ဖြင့် ပြတိုက်တည်ဆောက်ဖွင့်လှစ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
၎င်းအင်းတော် လက်နက်ကြီးကုန်းသည် ကျွန်း၊ ပိတောက်၊ ကညှင် စသည့် သစ်မာပင်များ ထူထပ်စွာ ပေါက်ရောက်နေသည့် ကုန်းမြင့်ဖြစ်ပြီး၊ ကုန်းမြင့်၏ဘေးတွင် အင်းတော်ချောင်းလည်း စီးဆင်းနေသဖြင့် တပ်စခန်းအထိုင်ချရန် ဗျူဟာကျသည့် နေရာဖြစ်နေသောကြောင့် စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် မတ်လခန့်မှ စတင်ကာ တပ်အထိုင်ချနေခဲ့ကြောင်း အဆိုပါ အင်းတော်မြို့နယ်မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
“အဲ့နေရာက မြို့နဲ့လည်းနီးတယ်။ တောင်ကုန်းတောင်တန်းနဲ့ သစ်ရိပ်၊ ဝါးရိပ်လည်း ကောင်းတယ်။ ပြီးတော့ အပေါ်စီးကနေဆိုတော့ ကျေးရွာတွေဘက်ကို လက်နက်ကြီးထောင်ပြီး ပစ်လို့လွယ်တယ်လေ၊ မြင်ကွင်းလည်း ရှင်းတယ်။ နေရာကောင်းကို ဒီစစ်ကောင်စီတွေက ရွေးထားတာ။”ဟု ဆိုသည်။
ယင်းကုန်းမြင့်ပေါ်မှ ကျေးရွာများသို့ ပစ်ခတ်နေသည့် ဟောဝှစ်ဇာလက်နက်ကြီးမှာ အဖွဲ့သား ၈ ဦးနှင့် ပြင်ဆင်ရပြီး ပစ်ခတ်ရန်ပြင်ဆင်ချိန် ၁ မိနစ်မှ ၂ မိနစ်ခွဲအထိ ကြာမြင့်ပြီး ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်ကြောင်းနှင့် အကွာအဝေး အနည်းဆုံး ၉.၃ မိုင်မှ အများဆုံး ၁၃ မိုင်အထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။
ယခု လက်ရှိတွင် အဆိုပါအင်းတော် စစ်တပ်ကုန်းတွင် ဟောဝှစ်ဇာလက်နက်ကြီး ၂ ခုရှိနေပြီး တစ်ခုကို အင်းတော်တောင်ဘက်သို့ လှည့်ထားကာ၊ နောက်တစ်ခုကို မြို့၏မြောက်ဘက်သို့ လှည့်ထားကြောင်း သိရသည်။