မပခ ကို အိပ်မက်ဆိုးတွေ မက်စေတဲ့ KIA ရဲ့ စစ်ဆင်ရေးအရှိန်အဟုန်
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
24 May 2024 – Kachinwaves
လက်ရှိအရှိန်ရနေတဲ့ KIA ရဲ့ စစ်ဆင်ရေးအစပိုင်းမှာ ဝိုင်းမော် – ဗန်းမော်လမ်းကြော တစ်လျှောက်က စခန်းကုန်းတွေဖြစ်ပြီး၊ ဌာနချုပ် လိုင်ဇာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီတပ်စခန်းအချို့ကိုသာ သိမ်းပိုက်နိုင်ခဲ့ပေမယ့်၊ ဒီမေလအတွင်း ဖော်ဆောင်နေတဲ့ တိုက်ပွဲတွေမှာတော့ ဝိုင်းမော်မြို့နယ်ထဲက စခန်းအကြီးအသေးပေါင်း (၂၄) ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဝိုင်းမော်မြို့ထဲကို ထိုးဖောက်ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။
အခုလ မေ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ ကာလအတွင်းမှာပဲ ဝိုင်းမော်မြို့နယ်ထဲက ကဂမ် (Kagam)၊ ဆမား (Sama)၊ ရှန်ခေါင် (Shang Hkawng)၊ ပုန်းလိန် (Pung Ling) ငါ့ဂယန် (Nga Gyang)၊ အင်ခရမ် (Nhkram)၊ ဖေါ့ဒေါ့ (Hpaudaw၊)၊ လော့ဖြူ (Lawhpyu)၊ လော့ခွမ် (Lawhkum)၊ အူခိုင်ခက် (Uhkai Hkyet) နဲ့ ဂီးဒွန် (Gidon) စတဲ့ တပ်စခန်း (၁၁) ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနတွေကို အတည်ပြုဖြေကြားခဲ့ပါတယ်။
အဆိုပါ စခန်းကုန်းတွေဟာ ၂၀၁၁ ကချင်တစ်ကျော့ပြန် စစ်ပွဲကာလအတွင်း မြန်မာအစိုးရစစ်တပ်က လူလှိုင်းစစ်ဆင်ရေးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ အင်အားအလုံးအရင်းနဲ့ လနဲ့ချီဆင်နွှဲခဲ့တဲ့ ထိုးစစ်ဆင်မှုတွေကြောင့် လက်လွှတ်ခဲ့ရတဲ့ KIA ရဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းယူနိုင်တာဖြစ်ကြောင်း ပြောပါတယ်။
ဒီမေလ ၁၈ နေ့က ဝိုင်းမော်မြို့နယ်ထဲ တစ်ခါ အရှိန်မြင့်ဖော်ဆောင်လာတဲ့ ထိုးစစ်တွေမှာတော့ ဝိုင်းမော် – ဗန်းမော် ကားလမ်းမပေါ်က ကဇူး (Katsu)၊ လုံဇက်ကောင် (Lung Zep Kawng) အောင်မြေ – ၁၊ အောင်မြေ – ၂၊ အင်းလေး၊ ခရှီ (Hka Shi) အင်လုံခ (Nlung Hka)၊ ဝလာဘွမ် (Wa La Bum)၊ ဝထောင်ဘွမ် (Wuhtau Bum)၊ ဘင့်ပူကောင် (Byin Pu Kawng) လိုင်ဖောင်၊ ဒိန်ဂါ နဲ့ ရွှေညောင်ပင် (Shwe Nyawng Pin) စတဲ့ ကျေးရွာနဲ့ တောင်ကုန်းနေရာတွေမှာ အထိုင်ချတဲ့ စခန်းပေါင်း (၁၃) ခုကို KIA နဲ့ ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIO သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
သိမ်းပိုက်လိုက်တဲ့ စခန်းတွေထဲမှာ ရွှေညောင်ပင်ကျေးရွာ ခမရ (၃၂၁) စခန်းကြီးဆိုတာ ဝိုင်းမော် – ဗန်းမော် အသွားလမ်းပေါ်ရှိပြီး ဝိုင်းမော်မြို့ပေါ်နဲ့ မိုင် ၂၀ သာဝေးတဲ့ မြို့လုံခြုံရေးအတွက် အရေးပါပြီး အခိုင်အမာတည်ဆောက်ထားတဲ့ တပ်စခန်းကြီး ဖြစ်ပါတယ်။ မြစ်ကြီးနား – ဝိုင်းမော် – ဗန်းမော် ကားလမ်း ပြေးဆွဲနေတုန်းကလည်း ရွှေညောင်ပင် စစ်ဆေးရေးဂိတ်ဟာ အရေးပါ နာမည်ကြီးတဲ့ဂိတ် ဖြစ်ခဲ့ပါတယ်။
ဝိုင်းမော်ကနေ ဗန်းမော်ဘက်အထွက်က မြို့စောင့်တပ်စခန်းကြီးဖြစ်တဲ့ ရွှေညောင်ပင်စခန်းကို KIA သိမ်းပိုက်လိုက်နိုင်တာဟာ ဝိုင်းမော်မြို့ထဲဝင်ဖို့ တံခါးပွင့်သွားတဲ့ သဘောဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နဲ့ ဧရာဝတီမြစ်ပဲခြားတဲ့ မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်လည်း ခြိမ်းခြောက်မှုတစ်ခု ထပ်တိုးလာတဲ့ အခြေအနေပါ။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေ ခမရ ၃၂၁ ရွှေညောင်ပင် စခန်းကြီးကို သိမ်းပိုက်ခဲ့တဲ့နေ့ ညပိုင်းမှာပဲ KIA ဌာနချုပ် လိုင်ဇာဘက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲခဲ့တာဟာ ရှုံးမဲမဲလာတဲ့ လုပ်ရပ်လို့အများက နားလည်နေတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ရွှေညောင်ပင် တပ်စခန်းအခိုင်အမာကြီးကို ရရှိထားတဲ့အပြင် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ဝိုင်းမော်မြို့အထွက် ၃ မိုင်သာရှိတဲ့ ခရှီ(ခါးရှီ)ရွာအထိ ရောက်လာတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝိုင်းမော်ရဲစခန်းပတ်ဝန်းကျင်မှာ မိုင်းတွေထောင်ပြီး သံချပ်ကာကား အပြည့်အစုံနဲ့ လုံခြုံရေးစောင့်ကြပ်နေရတယ်လို့ ဝိုင်းမော် ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် လုံခြုံရေးတင်းကြပ်ထားတဲ့ကြားထဲက ရဲစခန်းနဲ့ ဝိုင်းမော်မြို့ရဲ့ နယ်မြေခံတပ်ရင်း ခလရ ၅၈ လည်း ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတဲ့အတွက် ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိတယ်လို့လည်း သတင်းတွေက ထွက်လာပါတယ်။
ဝိုင်းမော်မြို့ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ တဖြည်းဖြည်း နီးကပ်လာနေပြီး မြို့ရဲ့အနောက်ဘက်ကမ်းရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လည်း ရတက်မအေးစရာ ဖြစ်လာတဲ့အတွက် မြစ်ကြီးနားမြို့ မော်ဖောင်း လက်နက်ကြီးတပ်အပြင် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ဇီးကျွန်း စတဲ့နေရာတွေမှာ အတွဲလိုက် မစ်ဇိုင်းဒုံးတွေ တပ်ဆင်ပြီး ဝိုင်းမော်ဘက်ကို နေ့ညမနား ပစ်လွှတ်ခဲ့တာပါ။
အခြားတစ်ဖက်မှာတော့ KIA ဟာ ဗန်းမော်မြို့မှာ ရုံးစိုက်နေတဲ့ စကခ (၂၁) ကို ဦးတည်တဲ့စစ်ဆင်ရေး တိုက်ပွဲတွေကိုလည်း မိုးမောက်နဲ့ မံစီမြို့တွေမှာ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ အဲ့တာကြောင့် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက မြို့ကြီးတွေဖြစ်တဲ့ ဝိုင်းမော်၊ မိုးမောက်၊ မံစီနဲ့ ဗန်းမော်မြို့တွေရဲ့ ကံကြမ္မာနဲ့အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အိပ်မက်ဆိုးတွေမက်စေတဲ့ လတ်တလော ကချင်ပြည်နယ်က စစ်ဆင်ရေးအရှိန်အဟုန် ဘယ်လောက်ထိ ဆက်သွားနေမလဲ စိတ်ဝင်စားစရာ ဖြစ်နေပါပြီ။