ကျေးလက် ပြည်သူတွေအပေါ် သက်ရောက်နေတဲ့ “ဆ” လေးလုံး ဖြတ်တောက်မှုထဲက “ဆ” တစ်လုံး
အထူးဆောင်းပါး။
15 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက လုံရှာယန်ကျေးရွာဟာ ပူတာအိုမြို့နဲ့ ၂၁ မိုင်သာဝေးပြီး နယ်မြေလုံခြုံမှုမရှိဘဲ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလကလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာပြည်သူတွေ တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်ခဲ့ရသလို မြစ်ကြီးနားမြို့အထိ စစ်ရှောင်ခဲ့ရတဲ့ ကျေးရွာဖြစ်ပါတယ်။
အဲ့သလို လက်နက်ကိုင် ပဋိပက္ခဖြစ်လေ့ရှိတဲ့ ကျေးရွာပြည်သူတွေဟာ သာမန်ဖျားနာတဲ့ ကျန်းမာရေးကိစ္စတွေဆိုရင် ကျေးရွာမှာပဲ ဆေးမြီးတိုတွေနဲ့ အသင်းတော်က ဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းတွေကိုသာ အားကိုးအားထား နေရပေမယ့် ပိုမိုကြီးမားတဲ့ ကျန်းမာရေးကိစ္စတွေအတွက်ဆိုရင် ပူတာအိုမြို့ ဆေးရုံကိုပဲ ပို့ဆောင်ရတယ်လို့ လုံရှာယန်ဒေသခံ မဘူးဘူ (အမည်လွှဲ) က ဆိုပါတယ်။
သူမတို့ရွာမှာ ဆေးရုံဖွင့်ထားပေးပေမဲ့ အာဏာသိမ်းကာလမှာတော့ တာဝန်ယူကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ထွက်သွားကြတယ်လို့ သိရပါတယ်။ ဆေးဝါးပစ္စည်း မလုံလောက်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိမှုတွေကြောင့် နှလုံးရောဂါဖြစ်နေတဲ့ သူမရဲ့မိခင်ဖြစ်သူက မသေသင့်ပဲနဲ့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“အမေတုန်းက ဆရာဝန်က သက်သာပြီ၊ ဆေးရုံဆင်းလို့ရပြီဆိုတော့ ဆင်းတာ။ သောက်ဆေးတွေ ဘာတွေပေးပြီး ဆင်းခိုင်းတော့ ဆင်းကြတာ။ အိမ်လည်းရောက်တော့ တစ်ရက်၊ သုံးရက်တော့ သက်သာပေမယ့်၊ နောက်ရက်တော့ အသက်ရှုမဝ။ အိမ်မှာဆိုတော့ အောက်စီဂျင် မရှိဘူး။ ပူတာအို ဆေးရုံကြီးကိုလည်းသွားဖို့ မလွယ်။ အဲ့လိုနဲ့ပဲ ဆုံးရှုံးလိုက်ရတာပဲ။ ရွာမှာဆေးရုံရှိလည်း သုံးစားမရ၊ အခွံသက်သက်ပ။”လို့ မဘူးဘူက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ် ဇွန်လ နောက်ပိုင်းမှာ ကျန်းမာရေးဌာန ဝန်ထမ်းတွေ CDM ဝင်သွားကြတာများတဲ့အတွက် ကျန်းမာရေးဝန်ထမ်း မလုံလောက်တဲ့ ပြဿနာတွေဖြစ်လာပြီး နဂိုကတည်းက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျေးလက်နေလူထုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကို လုံးဝ မရရှိနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ Kachin Backpack Health Worker Team (ကချင် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့) ရဲ့ တာဝန်ခံ Mr. Zet ရဲ့ ပြောပြချက်အရ သိရပါတယ်။
“အကုန်နီးပါး CDM ဝင်သွားလို့ ရှိနေတဲ့အဆောက်အအုံနဲ့ ဆေးတွေက သုံးလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ ပြန်ပြီးမှ ခံစားရတာက ပြည်သူတွေ၊ ဌာနေတိုင်းရင်းသား ဒေသခံတွေပဲ ပိုပြီးတော့ ကျန်းမာရေး ဝန်ဆောင်မှုအပိုင်း လုံးလုံးလက်လှမ်းမမီတော့တဲ့အပိုင်း ဖြစ်သွားတဲ့ဟာတွေ ရှိတယ်။ ပိုဆိုးသွားတယ်ဆိုတာထက်၊ ကျန်းမာရေးဝန်ဆောင်မှုကို မရှိတော့တာ။”လို့ Mr. Zet က ပြောပါတယ်။
ကချင်ပြည်နယ် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ဟာ အာဏာမသိမ်းခင် ကာလကတည်းက ပြည်နယ်ရဲ့ မြို့နဲ့အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ နယ်လှည့်ကာ ကုသပေးနေတဲ့ ကျန်းမာရေးလုပ်သားအဖွဲ့ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်လည်း မြစ်ကြီးနား၊ ဖားကန့်၊ တနိုင်း၊ ရှင်ဗွေယန်၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော့၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်နဲ့ မံစီ စတဲ့ မြို့နယ်တွေရဲ့ ကျေးလက်ဒေသတွေမှာ နယ်လှည့် ကျန်းမာရေးကုသမှု လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ချီဖွေမြို့နယ်မှာလည်း ရှေ့ပြေးစီမံကိန်းအဖြစ် စတင်နေပြီလို့ ပြောပါတယ်။ အဆိုပါ ဒေသအားလုံးနီးပါဟာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ဒေသတွေ ဖြစ်နေပါတယ်။
ကချင်ပြည်နယ်အပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်လာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာလည်း ပြည်သူလူထုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိနိုင်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်း ကွတ်ခိုင်မြို့က ကလေးမိခင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တိုက်ပွဲတွေကြောင့် ဆေးရုံဆေးခန်းတွေရဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်နားသွားပြီး ကလေးအတွက် ကာကွယ်ဆေးတွေကို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာပဲ ထိုးနှံနေရတယ်လို့ ပြောပါတယ်။
“အရင်ကဆိုရင် ဒီကလေး ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ရွာထိကျန်းမာရေး ဝန်ဆောင်မှုတွေရှိတယ်။ ကာကွယ်ဆေးတွေ လာထိုးပေးတယ်ပေါ့နော်။ အခုဒီနောက်ပိုင်းကတော့ မရှိဘူး။ ဒီနောက်ပိုင်းက ပုဂ္ဂလိကဆေးရုံမှာပဲ သွားထိုးရတယ်။ ပုဂ္ဂလိကဆေးရုံမှာတောင်မှ ဒီနည်းနည်း ပိုက်ဆံတတ်နိုင်တဲ့ လူတွေလောက်ပဲ ထိုးတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ လူတွေကတော့ မထိုးဖြစ်တာများတယ်။ ကလေးကာကွယ်ဆေးလည်း မထိုးရ။ ပြီးတော့ ဒီမိခင်နဲ့ကလေးလည်း စပြီးတော့ (၁၀၂၇ စစ်ဆင်ရေး) စစ်စဖြစ်တဲ့အချိန်ကနေ ဒီနေ့ထိပေါ့။ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးလည်း မရှိတော့ဘူး။ ကာကွယ်ဆေး ထိုးမယ့်နေရာလည်း မရှိတော့ဘူးပေါ့နော်။”လို့ ကွတ်ခိုင်မြို့က လသားအရွယ်ကလေးတစ်ဦးရဲ့ မိခင်က ပြောပါတယ်။
စစ်အာဏာမသိမ်းမီ ကာလကရှိခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေကို ထောက်ပံ့ကူညီပေးခဲ့တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGOs) တွေလည်း အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်နောက်ပိုင်း ကျန်းမာရေး ကူညီစောင့်ရှောက်မှုလုပ်ငန်းတွေ အရင်လို မလုပ်တော့ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှာပဲ ပုဂ္ဂလိကဆေးရုံမှာ ကလေးကာကွယ်ဆေးသွားထိုးတာ တစ်သိန်းလေးသောင်းလောက် ကုန်ကျခဲ့တယ်လို့ အဆိုပါ ကွတ်ခိုင်မြို့ပေါ်က ကလေးမိခင်က ပြောပါတယ်။ ကျေးရွာမှာနေပြီး ကာကွယ်ဆေးမထိုးနိုင်တဲ့ လူတွေ သုံးပုံနှစ်ပုံလောက် ရှိနိုင်တယ်လို့လည်း ကွတ်ခိုင်မြို့နဲ့ ကျေးရွာဒေသက သူလက်လှမ်းမီတဲ့ အခြေအနေတွေကိုကြည့်ပြီး သုံးသပ်ပြောဆိုပါတယ်။ တိုက်ပွဲတွေ ငြိမ်သက်သွားပြီးနောက် ဆေးရုံတွေ ပြန်ဖွင့်ထားပေမဲ့ ဆေးဝါးမလုံလောက်တဲ့ ပြဿနာတွေက ရှိနေသေးတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် နယ်လှည့်ကျန်းမာရေးအဖွဲ့ရဲ့ တာဝန်ရှိသူကလည်း အာဏာသိမ်းကာလနောက်ပိုင်း ကျေးလက်ဒေသ ကျန်းမာရေးကဏ္ဍမှာ လုံးဝ ပြတ်လပ်သွားတာက ကာကွယ်ဆေး အမျိုးအစားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို အသက်အရွယ်အလိုက် ထိုးနှံပေးရတဲ့ ဝက်သက်ရောဂါ ကာကွယ်ဆေး အစရှိတဲ့ဆေးတွေ မထိုးနှံပေးနိုင်တဲ့အတွက် ရောဂါဖြစ်လာရင် ကူးစက်ပျံ့နှံ့မှုက မြန်တယ်လို့ Mr. Zet က ဆိုပါတယ်။
“အခု ၂၀၂၂ – ၂၃ ဆိုရင် အရေပြား၊ ဝက်သက်နဲ့ ပက်သက်တာမျိူးတွေ၊ အရေပြား ကူးစက်ပျံ့နှံ့တဲ့ ရောဂါမျိုးတွေ ကြုံရတယ်။ ခဏခဏတွေ့ရတယ် ပေါ့နော်။ ကာကွယ်ဆေး မရတဲ့အပေါ်မှာ အခုအသက် ၃ နှစ်၊ ၄ နှစ်ရှိတဲ့ ကလေးတွေမှာ ရောဂါဖြစ်ပြီဆိုရင် ဖြစ်တဲ့ကျေးရွာ၊ စစ်ရှောင်စခန်းတွေဆိုရင် အစုလိုက် အပြုံလိုက်တစ်ခါတည်း ဖြစ်ကြတယ်။”လို့ ပြောပါတယ်။
ကာကွယ်ဆေးတွေနဲ့ ပက်သက်ပြီး ကျေးလက်ဒေသတွေမှာပဲ ပြဿနာပေါ်နေတာ မဟုတ်ဘဲ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာတောင် လိုအပ်ချက်ရှိနေတယ်လို့လည်း Mr. Zet က ပြောပါတယ်။
▪︎“ဆ” လေးလုံးဖြတ်
ပြည်သူတွေ ကျန်းမာရေး ကုသစောင့်ရှောက်မှုရရှိရန် ခက်ခဲရသည့် အကြောင်းရင်းတွေထဲမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတွေကြောင့်ချည်း မဟုတ်ဘဲ ဆေးဝါးတွေနဲ့ ပတ်သက်ရင် တင်းတင်းကြပ်ကြပ် စစ်ဆေးတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့်လည်း ဖြစ်တယ်လို့ Mr. Zet က ဆိုပါတယ်။
“ပိုဆိုးတာက အခုလက်ရှိ အခြေအနေမှာက ဆန်၊ ဆီ၊ ဆား၊ ဆေး တွေကို အကုန်လုံး ဖြတ်တောက်ထားတာ ပေါ့နော်။ (ဆ) လေးလုံး ဖြတ်တောက်ထားတာ ဖြစ်တယ်။”လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူအမျိုးသမီးတစ်ဦးက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC)၊ စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (CEDAW) တွေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းအခန်း (IV) တွေအရ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောပါတယ်။
“ဒီလို အခြေခံလိုအပ်ချက် စားသုံးပစ္စည်းတွေ ဖြတ်တောက်တာဟာ လူ့အခွင့်အရေး ဥပဒေများကို (UDHR, CRC, CEDAW) ကို ချိုးဖောက်တာ ဖြစ်သလို၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမူ ဥပဒေကိုလည်း ချိုးဖောက်တာ ဖြစ်ပါတယ်။”လို့ လူ့အခွင့်အရေးကျွမ်းကျင်သူက ပြောပါတယ်။
သွားရမယ့်လမ်း ကောင်းမွန်ပြီး မြို့နယ်အဆင့်ဆေးရုံနဲ့ အလှမ်းမဝေးတဲ့ ရွှေကူမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ စီမူကြီး၊ စီမူလေး၊ မံဝိန်း စတဲ့ကျေးရွာတစ်ကြောက စစ်ဘေးသင့် ကျေးရွာတွေဟာလည်း ကျန်းမာရေးအတွက် ကိုယ်ထူကိုယ်ထ ရုန်းကန်နေရတယ်လို့ အဲ့ဒီဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အဆိုပါကျေးရွာတွေဟာ ၂၀၂၃ ခုနှစ် မတ်လမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
အဲ့ဒီလိုမျိုး စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားတဲ့ ဒေသတွေအတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အကူအညီတောင်းတာ၊ ဒေသအုပ်ချုပ်ရေး ယန္တရားဖော်ဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထောက်ပံ့မှုနဲ့ လုပ်ဆောင်နေရတာတွေရှိတယ်လို့ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ကိုယ့်အိမ်ကိုယ့်ယာမှာ နေတဲ့သူတွေက တစ်နိုင်တစ်ပိုင် ကျန်းမာရေး စောင့်ရှောက်နိုင်ကြတယ်။ ဒီဘက်ထဲမှာကျတော့ အဲ့လိုမဟုတ်တော့ဘူးလေ အစုလိုက်အပြုံလိုက် နေရတဲ့အတွက် ကိုယ်တိုင်က ဆင်ခြင်နေအုံးတော့ တစ်ယောက်ကဖြစ်ရင် အားလုံးဝိုင်းဖြစ်ရပြီလေ။ ပြီးရင်ဆေးရုံဆေးခန်းနဲ့ မနီးတဲ့နေရာတွေမှာ နေရတာဖြစ်တဲ့အတွက် ကုသမှုပိုင်းကလည်း ဘယ်လောက်ပဲ ကိုယ်ကုသမှုပေးပါစေ ဝေးလံတဲ့ နေရာတွေဆိုရင်တော့ ကျန်းမာရေး စောင့်ရှောက်မှုက မရရှိဘူးပေါ့။”လို့ ရွှေကူမြို့နယ် စစ်ဘေးသင့်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
၎င်းတာဝန်ထမ်းဆောင်နေတဲ့ စစ်ဘေးသင့်ဒေသမှာ ကျေးရွာ ၁၀ ရွာကျော်ရှိပြီး အဆိုပါရွာအားလုံးအတွက် သူ့ရဲ့ဆေးခန်းတစ်ခုတည်းကသာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတာဖြစ်တဲ့အတွက် ဝန်ထမ်းနဲ့ ဆေးဝါးစ္စည်းတွေ မလုံလောက်တဲ့ ပြဿနာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။
“မပြည့်စုံပါဘူး။ တော်လှန်ရေး ကာလဖြစ်တဲ့အတွက်။ ကျွန်တော်တို့လည်း ရသလောက် ဆေးစုဆောင်းတယ်။ အလှူခံတယ်။ အဲ့လိုပဲလည်ပတ် နေရတာပေါ့နော်။”လို့ ပြောပါတယ်။
ဒါ့အပြင် ရွှေကူမြို့နယ်မှာ အာဏာမသိမ်းမီကာလက အလေးထားကုသရတဲ့ ငှက်ဖျားရောဂါ အဖြစ်များလာတယ်လို့ အထက်ပါ CDM ကျန်းမာရေးဝန်ထမ်းကပဲ ပြောပါတယ်။ ငှက်ဖျားပိုးရှိမရှိ ဆေးစစ်ပေးဖို့ ကိရိယာအလုံအလောက် မရနိုင်တဲ့အတွက်လည်း အားလုံးကို မစစ်ပေးနိုင်ဘဲ သံသယံရှိတဲ့ လူနာတွေကိုသာ ဦးစားပေး စစ်ပေးတယ်လို့ ပြောပါတယ်။
“အရင်က အစိုးရဝန်ထမ်းလုပ်ခဲ့တဲ့ အချိန်တုန်းက ငှက်ဖျားကို ၂ ယောက်၊ ၃ ယောက် ထက်ကျော်ရင် outbreak လို့ သတ်မှတ်ပြီးမှ အလုပ်လုပ်ရတာ ပေါ့နော်။ ကွင်းဆင်းပြီးမှ သေချာလုပ်ရတာ။ ခုက ငှက်ဖျားကို တော်တော်များများ ဖြစ်တာ။ တစ်လ၊ တစ်လမှာ ၁၀ ယောက်၊ ၁၅ ယောက် အဲ့လိုတွေဖြစ်လာပြီ။ ငှက်ဖျားဆေးနဲ့ စစ်တဲ့ test လည်း လုံလုံလောက်လောက် မရနိုင်တာရယ်ကြောင့် အကုန်လုံး မစစ်နိုင်ဘူး။ သံသယရှိတဲ့ သူတော့လက်လှမ်းမီသလောက် စစ်ပေးတယ်။ စစ်လိုက်တိုင်း လူတော်တော်များများမှာ ၁၀၀ စစ်ရင် ၈၀ လောက်ကတွေ့တယ်။”လို့ CDM ကျန်းမာရေးဝန်ထမ်းက ဆိုပါတယ်။
အလားတူ HIV/AIDS နဲ့ တီဘီရောဂါ သံသယလူနာတွေကိုလည်း သေချာအတည်ပြု ဆေးစစ်ပေးနိုင်တဲ့ အခြေအနေမျိုး မရှိဘူးလို့ Mr. Zet ကလည်း ဆိုပါတယ်။ ဒီလိုလူနာတွေကို သေသေချာချာ ဆေးစစ်ကုသပေးနိုင်တဲ့ မြို့ပြကဆေးရုံ၊ ဆေးခန်းတွေဆီ ပို့ဆောင်ပေးဖို့ကလည်း ကုန်ကျစာရိတ် ကြီးမားလွန်းနေတဲ့အပြင် လမ်းခရီးကြန့်ကြာမှုတွေလည်း ဖြစ်တတ်တယ်လို့ ပြောပါတယ်။ ဒီလိုကူးစက်တတ်တဲ့ ရောဂါတွေကို အတည်ပြု ကုသပေးဖို့ မလုပ်နိုင်တဲ့အတွက် လူထုကြားမှာ ဘယ်လောက် အတိုင်းအတာထိ ရောဂါတွေကူးစက်ပျံ့နှံ့နေလဲ ဆိုတာတောင် အတည်မပြုပေးနိုင်ဘူလို့ Mr. Zet က ပြောပါတယ်။
“တီဘီဆိုရင်လည်း သူတို့ကိုသလိပ်တွေ စစ်တယ်။ တချို့ကျတော့လည်း သလိပ်စစ်ဖို့ နေရာက ဝေးလွန်းတဲ့ခါကျတော့ ကျွန်တော်တို့က သလိပ်ကိုယူတယ်။ သလိပ်ကိုယူပြီး မြစ်ကြီးနားကို ပြန်ပို့တယ်ပေါ့နော်။ ကားကြုံတွေနဲ့၊ လိုင်းကားတွေနဲ့ သလိပ်ကိုပြန်ပို့တယ်။ မြစ်ကြီးနားရောက်မှ သလိပ်ကိုပြန်စစ်တယ်။ သို့သော်လည်း လမ်းပိတ်တာတို့ ဘာတို့ဆိုရင် တခါတလေ လေးငါးခြောက်ရက်နေမှ သလိပ်ခွက်က ရောက်လာတယ်။ ဆိုတော့အဲ့သလိပ်က Quality မကောင်းတော့ဘူး။ စစ်လိုက်ရင်က မပေါ်တော့ဘူး။ ဒါပေမဲ့ သူဖြစ်နေတဲ့ လက္ခဏာတွေက တီဘီလက္ခဏာပေါ့လေ။”လို့ ၎င်းတို့ ကချင်နယ်လှည့် ကျန်းမာရေးအဖွဲ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ကချင်ပြည်နယ် အခြေစိုက် အခြားအစိုးရမဟုတ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးကလည်း HIV ပိုးရှိပြီး ART (HIV ထိန်းချုပ်ဆေး) သောက်သုံးနေသူများအတွက်လည်း ဆေးဝါးရရှိဖို့ ခက်ခဲလာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဆေးကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးရုံတွေမှာ ကာယကံရှင် ကိုယ်တိုင်ပါမှ ဆေးထုတ်ပေးတဲ့စနစ် လုပ်လာတဲ့အတွက် တစ်ချို့ ART ဆေး သောက်သုံးနေသူတွေက ဆေးမထုတ်ယူတော့ဘဲ ဆေးသောက်သုံးမှုကို ရပ်လိုက်သူတွေလည်း ရှိတယ်လို့ အဖွဲ့နဲ့ နာမည်ကို မဖော်ပြလိုတဲ့ အဆိုပါသတင်းရင်းမြစ်က အခုလို ပြောပါတယ်။
“၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ တုန်းကတော့ ကျနော်တို့က ဆေးကိုသွားပြီး ထုတ်ပေးတာတွေ အဆင်ပြေခဲ့တယ်။ အခုနောက်ပိုင်းက ၂၀၂၁၊ ၂၀၂၂ မှာကျတော့ (ကာယကံရှင်ကို) ဆေးရုံခေါ်သွားပြီးမှသာ ဆေးထုတ်ယူလို့ရတဲ့ အနေအထားတွေ ဖြစ်သွားတယ်။ ပြီးရင် ဆေးရရှိဖို့လည်း ကြာလာတယ်။ အဲသလို အခက်အခဲတွေရှိတယ်။ တစ်ချို့က HIV positive ဖြစ်နေပေမဲ့ ဆေးရုံမသွားချင်လို့ ဆေးသောက်သုံးတာကို ရပ်လိုက်တဲ့သူတွေလည်း ရှိတယ်။”
အကန့်အသတ်နဲ့ စိန်ခေါ်မှုတွေ များနေတဲ့ စီမံကိန်းများ
ကျေးလက်ဒေသတွေမှာ ကျန်းမာရေး ကုသစောင့်ရှောက်မှု ရရှိနိုင်ရန် ခက်ခဲလာတဲ့အတွက် ပြည်သူတွေဟာ ကြီးကြီးမားမား ဖျားနာမှုမဟုတ်ရင် ရွာမှာပဲ ရတဲ့နည်းတွေနဲ့ ကုကြကာ အခြေအနေဆိုးရွားလာမှ ဆက်သွယ်လာတဲ့ လူနာတွေလည်းရှိခဲ့ပြီး၊ နယ်လှည့်ကျန်းမာရေး အဖွဲ့အနေနဲ့လည်း တာဝန်ယူကုသမှု မလုပ်နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ Kachin Back Pack အဖွဲ့ရဲ့ တာဝန်ခံ Mr. Zet က ဆိုပါတယ်။
“နေမကောင်း ဖြစ်လာတယ်ဆိုရင် ဘယ်မှာသွားလို့ သွားရမှန်း မသိဘူး။ မသိတဲ့ခါကျတော့ အိမ်မှာပဲ ဆေးမြီးတိုတွေနဲ့ တိုင်းရင်းဆေးနဲ့ ကုကြတယ်။ ကုပြီးတော့မှ လုံးလုံးကို အဆင်မပြေတဲ့ အခါကျမှ တအားကြီးဆိုးလာတဲ့ အခြေအနေမျိုးရောက်မှပဲ ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီးတော့မှ လူနာလွဲပြောင်းတဲ့ အပိုင်းတွေဖြစ်လာတယ် ပေါ့နော်။ တအားကြီးဆိုးသွားတဲ့ case လိုမျိုးဆိုရင် ကျွန်တော်တို့လည်း မကယ်နိုင်ခဲ့တဲ့အခါမျိုး အများကြီးကြုံခဲ့တယ်ပေါ့နော်။”လို့ Mr. Zet က ပြောပါတယ်။
ဆေးဝါးထောက်ပံ့မှုအပိုင်းကိုလည်း ရရာနည်းလမ်းနဲ့ ရှာကြံဖြေရှင်းရသလို ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်မယ့် လူ့အရင်းအမြစ် လိုအပ်ချက်ကိုလည်း ကျေးလက်ဒေသတွေမှာ စေတနာ့ဝန်ထမ်းတွေ မွေးထုတ်ခြင်းနည်းလမ်းနဲ့ Back Pack အဖွဲ့က ဖြေရှင်းနေတယ်လို့ ဆိုပါတယ်။
“လက်လှမ်းမီတဲ့ ကျေးရွာတွေမှာ စေတနာ့ဝန်ထမ်းတွေ မွေးထုတ်တယ်။ ဝန်ထမ်းတွေကို ဆေးဝါးတွေ ပို့ဆောင်ပေးတယ်။ အစပိုင်းက စေတနာ့ဝန်ထမ်းတွေကို ဖုန်း၊ တယ်လီဂရန်နဲ့ ချိတ်ဆက်ပြီး ကုသပေးတဲ့အပိုင်းတွေ လုပ်ဆောင်ပေးတယ်။”လို့ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ နည်းလမ်းရှာပြီး ကျေးလက်ဒေသအတွက် ကျန်းမာရေး လုပ်ဆောင်ပေးတာကို ပြောပြပါတယ်။
လက်ရှိ နိုင်ငံရေး အခြေအနေမှာ ဒီဖြေရှင်းမှုက အထောက်အကူဖြစ်တယ်ဆိုပေမဲ့ စိန်ခေါ်မှုတွေတော့ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေဖြစ်ပွားပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်မှုကြောင့် ဒေသခံစေတနာ့ဝန်ထမ်းနဲ့ အဖွဲ့ရဲ့ ကျန်းမာရေးလုပ်သားတွေကြား အဆက်အသွယ်မရရှိတဲ့ အခြေအနေမျိုးတွေဟာ လက်ရှိချိန်ထိ ဖြေရှင်းဖို့မလွယ်ကူသေးတဲ့ ပြဿနာတစ်ရပ်လို ဖြစ်နေတယ်လို့ Back Pack အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို သွားမယ်ဆိုရင် ကြိုတင်သိထားတဲ့အတွက် ပြင်ဆင်မှုအားကောင်းပြီး အန္တရာယ်ကို လျှော့ချနိုင်ပေမဲ့ တခါတလေ သွားလာနေချိန် မမျှော်လင့်ထားပဲ တိုက်ပွဲတွေနဲ့ ကြုံသွားရတဲ့အခါမျိုးမှာတော့ ကျန်းမာရေးလုပ်သားတွေရဲ့ လုံခြုံရေး ပိုပြီးစိန်ခေါ်မှုကြီးတယ်လို့ လို့ Mr. Zet က ပြောပါတယ်။
“ကျန်းမာရေး လုပ်သားတွေရဲ့ လုံခြုံရေးကလည်း တိုက်ပွဲသိပ်မဖြစ်တဲ့ နေရာတွေသွားရင် ပိုစိုးရိမ်ရတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေဆိုရင် ကြိုတင်ပြင်ဆင်ရတဲ့အပိုင်းတွေ ပိုအားကောင်းတယ်ပေါ့နော်။ ပိုအားကောင်းတယ်ဆိုတာက တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ ခါကျတော့ လုံခြုံရေးကိုဘယ်လိုပုံစံနဲ့ ပြင်ဆင်ပြီးမှ သွားမယ်ဆိုတာကို ကြိုခန့်မှန်းပြင်ဆင်ပြီးမှ သွားတာကိုး အဲ့တော့အဆင်ပြေတယ်။”လို့ ပြောပါတယ်။
အခုလို ကချင်ပြည်နယ်တွင်းမှာ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ အခြား NGO/INGO အဖွဲ့အစည်းတွေ ရှိပါသေးတယ်။ ဒါပေမဲ့ လက်ရှိ စစ်ကောင်စီရဲ့ စည်းမျဉ်းတွေအောက်မှာပဲ လှုပ်ရှားနေရတဲ့ အဆိုပါအဖွဲ့အစည်းတွေရဲ့ ပေါ်လစီတွေကြောင့် ကျေးလက်ကျန်းမာရေး ကဏ္ဍအတွက်တော့ သူတို့အနေနဲ့ လုပ်ဆောင် မပေးနိုင်တဲ့ အခြအနေဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကြောင့် အဆိုပါ အဖွဲ့အစည်းတွေဟာ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာ ထောက်ပံ့ပေးမှုမလုပ်နိုင်ပဲ စစ်ကောင်စီစိုးမိုးမှု အားကောင်းနေတဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စတဲ့ မြို့ဧရိယာဝန်းကျင် နယ်မြေတွေမှာပဲ စီမံကိန်းလုပ်ဆောင်မှုတွေ ထပ်နေတဲ့ သဘောတွေ့ရကြောင်း Mr. Zet က ဆိုပါတယ်။
ပူတာအိုဒေသမှာ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေသူ ကိုဖုန်အောင် (အမည်လွှဲ) ကလည်း မြို့ကြီးတွေမှာ ကျန်းမာရေးဝန်ဆောင်မှု ပေးမယ့်အဖွဲ့အစည်းတွေ မှိုလိုပေါက်နေပေမယ့်လည်း သာမန်ဖျားနာမှုကိုကုဖို့ ပါရာစီတမောလို အခြေခံဆေးဝါးတွေတောင် ပြတ်လပ်နေတဲ့အပြင် ပဋိပက္ခတွေကြားမှာ ကူကယ်ရာမဲ့နေတဲ့ ကျေးလက်လူထုအတွက် နယ်လှည့်ပြီး ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်တဲ့ အဖွဲ့အစည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“နယ်လှည့် ပရဟိတ ဆေးကုသရေးအဖွဲ့တွေ အများကြီးလိုအပ်တယ်။ အသေးစား ခွဲစိတ်မှုကိုပါ လုပ်ပေးနိုင်တဲ့ အဖွဲ့တွေပေါ့။ အစိုးရကို တင်ပြနေရင်လည်း မထူးပါဘူး။ ဒါကြောင့် ပရဟိတ အဖွဲ့တွေအနေဖြင့် နယ်လှည့် ဆေးဝါးကုသပေးဖို့ တောင်းဆိုချင်ပါတယ်။”