လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် သတိပေး ခေါင်းလောင်းသံများ
သတင်းသုံးသပ်ချက်ဆောင်းပါး။ 24 March 2023 – Kachinwaves
ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအပါအဝင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ နိုင်ငံရေးနှင့် တော်လှန်ရေး ဂုဏ်သိက္ခာများကို ထိပါးစေသော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းများ ဖေဖေါ်ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ၎င်းသတင်းများအပေါ် ဝေဖန်ထောက်ပြမှုများလည်း သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းထဲ ပြန့်နှံ့မှုများ ရှိခဲ့သည်။ ၎င်းလူ့အခွင့်အရေး ချိုးဖောက်မှုသတင်းအတွက် စွပ်စွဲခံရသည့် အဖွဲ့များမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မိုးကောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (UG BlACK K) တို့ ဖြစ်ကြသည်။
- TNLA ဝေဖန်ခံရသည့် ကိစ္စ
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ကြောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို ဝင်ရောက် စီးနင်းခဲ့စဉ် ကျေးရွာအရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားခဲ့ကြောင်း ကချင်ဒေသ သတင်းဌာနအချို့တွင် ဖော်ပြခဲ့သည်။
TNLA သတင်းရင်းမြစ်များတွင် ဖော်ပြခဲ့သည်မှာ “ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့တွင် စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းတက်ရောက်နေသည့် တအာင်းလူမျိုး (၁၂၇) ဦးတို့အား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သွားရောက်ခေါ်ဆောင်ကာ ကယ်ထုတ်နိုင်ခဲ့သည်။”ဟု ဖော်ပြထားသည်။
သို့သော် အခြားသတင်းဌာနများတွင် ဖော်ပြထားသလို ပြည်သူ့စစ်စခန်းသို့ စီးနင်းဝင်ရောက်ခဲ့စဉ် စစ်အင်အား ၄၀၀ ကျော်ရှိသည့် TNLA စစ်ကြောင်းတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သားပြည်သူ (၇၀) ကျော်ခန့်အား အဓမ္မခေါ်ဆောင်သွားသည့် အချက်အလက်များကိုတော့ တစုံတရာ ဖော်ပြထားခြင်း မတွေ့ရပေ။
၎င်းဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းကို Kachin News Group သတင်းဌာနတွင် ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောပြထားသည်ကို တွေ့ရသည်။
“မနက်မိုး မလင်းသေးဘူး။ တံခါးလာဆောင့်ကန်ဖွင့်ပြီး ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ။ ၁ နှစ်ကျော်အရွယ် ကလေးတစ်ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးလည်း ပါတယ်။ ကျမတို့ အမျိုးသမီးတွေက ၇ ယောက် ဟုတ်တယ်။ ယောက်ျားတွေ အားလုံးကိုတော့ ကြိုးနဲ့ချည်ထားပြီး ကန်တဲ့သူကကန် သေနတ်ဒင်နဲ့ ထုတဲ့သူကထု အဲ့လိုမျိုးနဲ့ KDA တပ်စခန်းဝင်းဘက် ခေါ်သွားတာ။ သူတို့က အနောက်ကနေလိုက် ကျမတို့ကို အရှေ့မှာထားပြီး ခေါ်ဝင်သွားတယ်။”ဟု ဖော်ပြထားသည်။
ဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း Kachinwaves ကို ယခုလို ပြောပြသည်။ “ဂျာယန်ပြည်သူ့စစ်စခန်းမှာ တအာင်းလူမျိုး ကလေးလူငယ်တွေ ပြည်သူ့စစ်သင်တန်းတက်နေတာ မှန်ပေမဲ့ အဲဒီကလေးတွေဟာ မိဘတွေကိုယ်တိုင်က လာအပ်ထားတဲ့ ကလေးတွေ ဟုတ်တယ်။ သဘောက ကလေးတွေကို ကျောင်းထားပေးပြီး ပြည်သူ့စစ်သင်တန်းလည်း တက်ခိုင်းတယ်ဆိုတဲ့ သဘောပဲ”ဟု ဆိုသည်။
ဂျာယန်ပြည်သူ့စစ်အရာရှိတစ်ဦးက KNG သတင်းဌာနတွင် အလားတူ ဖြေကြားထားသည်ကိုလည်း တွေ့ရသည်။
ဒေသခံသတင်းရင်းမြစ်၏ ပြောပြချက်အရ TNLA က ခေါ်ထုတ်သွားခဲ့သော တအာင်းလူမျိုး ကလေးလူငယ်များလည်း ယခုအချိန် ၎င်းတို့၏ ကျေးရွာနေအိမ်များတွင် မနေရဲသည့်အတွက် တိမ်းရှောင်နေကြသည်ဟု ဆိုသည်။
အထက်ပါဖြစ်စဉ်တွင် ပြည်သူ့စစ်စခန်းမှ တအာင်းကလေးလူငယ်များကို ခေါ်ထုတ်သွားခြင်းအပေါ် စောဒကတက် ဝေဖန်သည်ကို မတွေ့ရသော်လည်း ၎င်းတို့ကို သွားရောက်ခေါ်ထုတ်ရာတွင် အရပ်သားပြည်သူများအား စစ်ကြောင်းနှင့်အတူ လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားသည့် TNLA စစ်ကြောင်း၏ လုပ်ရပ်အပေါ် ပြည်သူအချို့က ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ၎င်းဂျာယန်ပြည်သူ့စစ်စခန်း စီးနင်းမှုဖြစ်စဉ်တွင် ပြည်သူ့စစ်နှင့် TNLA စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ၊ TNLA စစ်ကြောင်း ပြန်လာသည့်လမ်းတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း ဂျာယန်ပြည်သူ့စစ်စခန်းတွင်လည်း ပြည်သူ့စစ်အဖွဲ့က နဂိုအတိုင်း စခန်းချနေထိုင်လျှက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဂျာယန်ပြည်သူ့စစ်စခန်းသည် ၁၉၉၁ ခုနှစ်တွင် KIA တပ်ဟာ (၄) မှ ခေါင်းဆောင်အချို့နှင့် တပ်ဖွဲ့ဝင်များ နဝတ စစ်အစိုးရထံသို့ လက်နက်ချ ငြိမ်းချမ်းရေးယူသွားပြီး Kachin Defence Army – KDA အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ကာ ၂၀၁၀ ခုနှစ်တွင် ကောင်းခါးပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားခဲ့သည့် အဖွဲ့၏ စခန်းဖြစ်သည်။
- KIA နှင့် UG BLACK K ဝေဖန်ခံရသည့်အမှု
ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အပေါ် ကချင်ပြည်သူများက ဝေဖန်မှု ပြင်းထန်နေသည့် အရပ်သားသတ်ဖြတ်ခံရမှု သတင်းတစ်ပုဒ် ဖေဖေါ်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည်။ ၎င်းသတင်းဖြစ်စဉ်မှာ ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ရွာရှိ အခင်းခြံထဲ၌ လာရောက်ဆုံဆည်းနေကြသည့် အရပ်သားပြည်သူ (၉) ဦးကို KIA စစ်သားများနှင့် UG BLACK K (မိုးကောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) တို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ကျူးလွန်မှုဖြစ်ပါသည်။
အဆိုပါ (၉) ဦးအား KIA စစ်သားများနှင့် UG BLACK K တို့က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းမထွက်ပေါ်သေးချိန်တွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ခေါင်းဆောင် ဦးကျော်စိုး (ခ) မင်းမင်းလှိုင်ခေါ်သူနှင့် အဖွဲ့ဝင် (၉) ဦးတို့ကို ပဲစိုက်ခင်းအတွင်း ဖမ်းဆီးရမိနိုင်ခဲ့သည်ဟု UG BLACK K မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည့် KNG သတင်းစာမျက်နှာ၌ တွေ့ရှိရသည်။
သို့သော် အဆိုပါ (၉) ဦးမှာ SNA အဖွဲ့ဝင်များ မဟုတ်ဘဲ မှားယွင်းဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် သတင်းများထွက်ပေါ်လာသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူများ၏ သက်ဆိုင်ရာ မိသားစုဝင်များနှင့် ဒေသခံများကလည်း အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဖွဲ့ကာ လိုက်လံစုံစမ်းမှု ပြုလုပ်လာပြီးနောက်တွင် အရပ်သား (၉) ဦးအား မတရားဖမ်းဆီး သတ်ဖြတ်ခဲ့မှုအဖြစ် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ယင်းသတင်း ထွက်ပေါ်လာပြီးနောက် KIA အား ပြစ်တင်ဝေဖန်သည့် ရေးသားပြောဆိုမှုများ အွန်လိုင်းလူမှု ကွန်ရက်စာမျက်နှာများတွင် တွေ့ရှိလာရသည်။ အမှုနှင့်ပတ်သက်ပြီး KIA က စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း KIO ၏ သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း သတင်းဌာနများကို ဖြေကြားထားသည်။
တစ်လနီးပါး လိုက်လံစုံစမ်းပြီးနောက် သတ်ဖြတ်ခံရသူ (၉) ဦး၏ အလောင်းများကို မိသားစုများမှ ပြန်လည်ရရှိခဲ့ကြောင်း အမှုမှန်ပေါ်ပေါက်ရေး ကော်မတီတွင် ပါဝင်သူတစ်ဦးက KNG သတင်းဌာနမှာ ဖြေကြားထားသည်ကို တွေ့ရသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူများထဲမှ အသက် (၅၅) နှစ် ဦးလဇွမ်တူးလွမ့်၊ အသက် (၅၀)နှစ် ဦးမြင့်ထွေး၊ အသက် (၃၅)နှစ် ဦးလဇွမ်ထွယ်ရှောင် (ထွန်းအေး) နှင့် အသက် (၂၇)နှစ် ဦးထွန်းယုံတို့သည် ဗန်းမော်မြို့မှ ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့ လေးဦးထဲမှ ဦးလဇွမ်တူးလွမ့်သည် အသင်းတော်တစ်ပါး၏ ကျောင်းဆောင် ဆောက်လုပ်ရေးအတွက် ရံပုံငွေရှာဖွေရေး တာဝန်ခံဖြစ်ကျောင်း သိရသည်။ ထို့အပြင် အသက် (၄၉) နှစ် ဦးလော်ဒေယောဟန်သည် မိုးကောင်းမြို့နယ် နမ္မတီးမြို့မှ လူထုအခြေပြု မူယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan) လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။ အိမ်ထောင်သည် အမျိုးသမီးများဖြစ်ကြသည့် အသက် (၂၈)နှစ် ဒေါ်ဖေါ်မာခေါန်ဘူနှင့် အသက် (၂၈)နှစ် ဒေါ်အင်ဒေါင်ထုနန်တို့နှစ်ဦးမှာ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ ဖြစ်သည်။ အသက် (၄၉) နှစ် ဦးကျော်စိုးနှင့် အသက် (၂၇) နှစ် ကိုဖြိုးလေး တို့နှစ်ဦးမှာ မိုးကောင်းမြို့မှ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသည့် (၉)ဦးသည် အသိမိတ်ဆွေများဖြစ်ကြ၍ အခင်းဖြစ်ပွားခဲ့သည့်ခြံ၌ ဆုံဆည်းကာ ခြံအနီးရှိ ငါးကန်များမှ ငါးဖမ်းပြီး ချက်ပြုတ်စားသောက်နေကြစဉ် ဇန်နဝါရီလ ၂၄ ရက်နေ့ည ၈ နာရီဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးသတ်ဖြတ်မှုသတင်းကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား ဖမ်းဆီးရမိသည့် သတင်းအဖြစ် သတင်းမှား ထုတ်ပြန်ခဲ့သလို၊ ကျူးလွန်မှုအတွက် တာဝန်ရှိသော မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ် (UG BLACK K) သုံးစွဲခဲ့သည့် Facebook page ဟု ယူဆလို့ရသော “UG BLACK K” page တွင် ဒလန်ဖမ်းဆီးရမိကြောင်း သတင်းများနှင့် စစ်ကောင်စီပြုလုပ်သော ပွဲလမ်းသဘင်များ၊ လူစုလူဝေးနေရာများသို့ သွားရောက်ခြင်း မပြုလုပ်ရန်နှင့် ည ၈ နာရီမှ မနက် ၄ နာရီအတွင်း မြို့တွင်း သွားလာခြင်း မပြုလုပ်ရန် သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
UG BLACK K သည် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ယခု ဖမ်းဆီးသတ်ဖြတ်မှုမှာလည်း KIA ၏ အမှတ် (၂) တပ်မဟာ၊ အမှတ် (၂၀) လှုပ်ရှားတပ်ရင်း တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည့်အတွက် KIA သည် အဓိက တာဝန်ယူဖြေရှင်းရမည့် အဖွဲ့ဖြစ်လာသည်။
အလားတူ လူ့အခွင့်အရေးနှင့် ဆန့်ကျင်သည့် ဖမ်းဆီးသတ်ဖြတ်မှုသတင်းမျိုး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်လည်း စစ်ကိုင်းတိုင်း၊ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါ်ခဲ့သည်။ ၎င်းအမှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သွေဖြည်နေသည့်အတွက် စုံစမ်းစစ်ဆေးအရေးယူမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင်လည်း Tiger Force Mandalay အဖွဲ့သည် လင်မယားနှစ်ဦးကို စစ်ကောင်စီ၏ CID ရဲမှူးစိုးကိုကိုနှင့် မှားယွင်းပစ်သတ်ခဲ့သည့်အမှု ဖြစ်ပွားခဲ့သည်။ ၎င်းမှားယွင်းပစ်သတ်မှု မှန်ကန်ပါက တစ်ချိန်ချိန်မှာ အပြစ်အတွက် ခံယူသွားမည်ဖြစ်သည်ဟု Tiger Force Mandalay ၏ တာဝန်ခံ ဗိုလ်လရောင်က ကတိပေး ထုတ်ပြန်ခဲ့သည်။
အထက်တွင် ဖော်ပြခဲ့သော အမှုဖြစ်စဉ်များသည် အာဏာရှင်စနစ်ကို တော်လှန်နေကြသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ နိုင်ငံရေးနှင့် တော်လှန်ရေး ဂုဏ်သိက္ခာများကို ထိပါးစေသည့် လုပ်ရပ်များဖြစ်သည့်အတွက် အလားတူ ထပ်မံမဖြစ်ပွားအောင် သတိထားဆင်ခြင်ရမည့် အရေးကြီးသည့် သတိပေးခေါင်းလောင်းသံများ ဖြစ်ပါလိမ့်မည်။
PDF တပ်ဖွဲ့များသည် တော်လှန်ရေးသွေး အရှိန်တက်နေပြီး စနစ်တကျဖွဲ့စည်းကွပ်ကဲမှု မခိုင်မာသေးခြင်းနှင့် လက်နက်ကိုင် တော်လှန်ရေး အတွေ့အကြုံ နည်းနေသေးသော်လည်း ဒလန်သုတ်သင်ရှင်းလင်းရေးများ လုပ်ဆောင်ရာတွင် ၁၉၉၂ ခုနှစ်၌ မြောက်ပိုင်းကျောင်းသားတပ်မတော်တပ်အတွင်း ဖြစ်ပျက်ခဲ့သည့် ပါဂျောင် သတ်ဖြတ်မှုမျိုးကို သင်ခန်းစာယူပြီး ဆင်ခြင်လုပ်ဆောင်သင့်သည်ဟု မြင်သည်။ ထို့အပြင် KIA လို လက်နက်ကိုင်တော်လှန်ရေး သက်တမ်း နှစ်ပေါင်း ၆၀ ကျော်ပြီး အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖွဲ့စည်းထားကာ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် အစိုးရသဖွယ် အုပ်ချုပ်နေသည့် အဖွဲ့အစည်းမျိုးက အရပ်သားပြည်သူများကို ဖမ်းဆီးပြီးနောက် နာရီပိုင်းအတွင်း သတ်ဖြတ်ခဲ့သည့်အမှုမျိုးတွင် ပါဝင်ပတ်သက်နေခြင်းသည် မဖြစ်သင့်မဖြစ်ထိုက်သော ကိစ္စအဖြစ် သတ်မှတ်နိုင်သည်။ ထို့ကြောင့် ဖြစ်ပြီးကိစ္စအတွက် အပြည့်အဝ တာဝန်ယူဆောင်ရွက်ပြီး နောက်နှောင်တွင်လည်း အလားတူအမှားမျိုးကို ရှောင်ရှားနိုင်မှသာ ပြည်သူလူထု၏ ထောက်ခံမှု ဆက်လက် အားကောင်းနေလိမ့်မည်ဟု သုံးသပ်မိပါသည်။