ဝက်လက်မြို့နယ်တွင် စစ်ရှောင်ပြည်သူများ ရှိသည့်ဘက်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့၍ ထိခိုက်မှုများရှိ
25 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ထုံးဘိုကုန်းကျေးရွာ အနောက်တောရှိ စစ်ရှောင်ပြည်သူများ ရှိသည့်ဘက်သို့ ယမန်နေ့ည ၁၂ နာရီခွဲအချိန်ခန့်နှင့် ယနေ့နံနက် ၆ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲချခဲ့ကြောင်း ကင်းထောက်မြေပြင် သတင်း-ဝက်လက်အဖွဲ့ထံမှ သိရသည်။
ရွှေဘိုမြို့နယ် တောင်လှတောင်ပေါ်တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့များမှ ၎င်းတို့နယ်မြေ စိုးမိုးလိုနေသည့်အတွက် အကြောင်းမဲ့သက်သက် ဒရုန်းဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု သတင်းဝက်လက်အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“နယ်မြေစိုးမိုးချင်နေလို့ သက်သက်မဲ့ ကြဲနေတာပါ။ ညက ၂ ချက်ကြားရတယ်။ ဒီမနက်တော့ ဘယ်နှစ်လုံးလည်း မသိရဘူး။ မီးလောင်ဗုံးတွေ ဖြစ်ဖို့များပါတယ်။”ဟု ဆိုသည်။
အဆိုပါ ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲ ၂ လုံးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောသည်။
“ညကချတဲ့ဟာကတော့ မမိုးဆိုတဲ့ အမျိုးသမီးတစ်ယောက် နဖူးအနည်းငယ် ထိတယ်။ အစမှန်တာနေမှာ၊ မနက်အိမ်တစ်လုံး၊ ညအိမ်တစ်လုံး မီးလောင်တယ်၊ စုစုပေါင်း ၂ လုံး။”ဟု ဆိုသည်။
ဧပြီ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ်က ရွှေအင်းရွာကို ဒရုန်းဖြင့် ဗုံး ၅ လုံးကြဲချခဲ့ပြီး အထိအခိုက် မရှိကြောင်းလည်း ပြောသည်။
ဧပြီလ ၁၉ ရက်နေ့ကလည်း ညနေ ၆ နာရီကနေ ည ၁၁ နာရီအချိန်ထိ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် စဉ့်ကူးမြို့နယ် ဘုံသာကုန်းကျေးရွာမှ ပြည်သူ ၂ ဦး ထိခိုက်ခဲ့ပြီး နွားနှစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။