ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ဆက်နွယ်နေသည့် လူ့အခွင့်အရေး ထိခိုက်နစ်နာမှုများ
HR.
11 April 2024 – Kachinwaves
မတ်လသည် ကချင်ပြည်နယ်အတွင်း KIA ဦးဆောင်ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် ပူးပေါင်းစစ်ဆင်ရေး အရှိန်မြင့်ဖော်ဆောင်မှု စတင်ခဲ့သည့် လဖြစ်သည်။ မတ်လအတွင်း ဖြစ်ပွားခဲ့သော “တိုက်ပွဲ နောက်ဆက်တွဲ အရပ်သားပြည်သူများ၏ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုများ”ကို စောင့်ကြည့်လေ့လာတင်ပြခြင်း ဖြစ်ပါသည်။
ကချင်ပြည်နယ် (သေဆုံးသူအရေအတွက်)
သေဆုံးခဲ့ရသူအရပ်သားများနှင့် ၎င်းတို့သေဆုံးခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၁၆) ဦး၊
တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ (၄) ဦး၊
သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် သေဆုံးသူ (၃) ဦး၊
မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသူ (၂) ဦး
စစ်ကျန်လက်နက်ကြောင့် သေဆုံးသူ (၁) ဦး
တိုက်ပွဲကြောင့် ပိတ်မိနေစဉ် သေဆုံးသူ (၁) ဦး
ဗန်းမော်မြို့နယ် (၆) ဦး သေဆုံး
ခူးလီကျေးရွာမှ ပစ်သတ်ခံရသူ အသက် ၄၀ နှစ်ခန့်ရှိသည့် ဦးကျော်နိုင် သည် မိုးမောက်မြို့နယ် ဒါဆိုင်းရွာရှိ အမှတ် (၂၃၇) ခလရ တပ်စခန်းသိမ်းပိုက်ခံရသဖြင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ထဲက အသက်အရွယ်ကြီးပြီး အမောဆို့နေသည့် စစ်သားကို ဆိုင်ကယ်ဖြင့် ဗန်းမော်မြို့သို့ လိုက်ပို့ပေးသည့်လမ်းတွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ အခြား (၅) ဦးသည် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများ ဖြစ်သည်။
မိုးမောက်မြို့နယ် (၃) ဦး သေဆုံး
မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် လက်နက်ကြီး ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ (၃) ဦး သေဆုံးခဲ့ရသည်။
လိုင်ဇာမြို့ (၃) ဦး သေဆုံး
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ မြို့လူနေရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့၍ (၃) ဦး သေဆုံးခဲ့ရသည်။
ဝိုင်းမော်မြို့နယ် (၄) ဦး သေဆုံး
အောင်မြေ (၂) ကျေးရွာပြည်သူများသည် ကျေးရွာအတွင်း ဖြစ်ပွားလာသည့် တိုက်ပွဲကြောင့် ပိတ်မိနေ၍ အမျိုးသမီး (၃) ဦး လက်နက်ထိမှန်ကာ သေဆုံးခဲ့ရသည်။ အခြား သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးလည်း အစားအသောက်နှင့်ရေ ရှားပါးခက်ခဲမှုအပြင် နေရာထိုင်ခင်းပြည့်ကြပ်မှုကြောင့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ရသည်။ စစ်ကောင်စီတပ်သည် ၎င်းကျေးရွာ ပြည်သူများအား ကျေးရွာမှ တိမ်းရှောင်ခွင့်မပြုဘဲ အဟန့်အတား ပြုလုပ်ခဲ့သည်။ သို့သော် ဘာသာရေး ခေါင်းဆောင်များနှင့် ရပ်မိရပ်ဖ အဖွဲ့အစည်းများက ကြားဝင်ညှိနှိုင်းခဲ့၍ အောင်မြေ (၂) ကျေးရွာပြည်သူများ တိမ်းရှောင်ခွင့် ရရှိခဲ့သည်။
မိုးကောင်းမြို့နယ် (၄) ဦး သေဆုံး
စစ်ကောင်စီ၏ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ၎င်း၏တူနှင့် ရန်ဖြစ်နေသူအား ပစ်သတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ထို့အပြင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ နမ္မတီးမြို့ လမ်းခွအသင်းတော်မှ ဘာသာရေးဆရာ ဦးခွန်ဂျော်လီ အား အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်ခဲ့သည်။ ဦးခွန်ဂျော်လီ သည် ၎င်း၏ ကွန်ပျူတာစာစီစာရိုက်မိတ္တူဆိုင်၌ ရှိနေစဉ် ဝင်ရောက်ပစ်သတ်ခံရခြင်း ဖြစ်သည်။ အခြား (၂) ဦးမှာ မြေမြုပ်မိုင်းကြောင့် သေဆုံးခဲ့ရသူများ ဖြစ်သည်။
မိုးညှင်းမြို့နယ် (၁) ဦး သေဆုံး
စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိ သေနတ်ကိုင်သည့်အုပ်စုက ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
ဖားကန့်မြို့နယ် (၆) ဦး သေဆုံး
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ မြို့လူနေအိမ်ရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် (၅) ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် နန့်မှော်ကျေးရွာတွင် အသက် ၃၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီးကျည်တစ်လုံးကို ကျောက်ခဲဖြင့် ထုရိုက်စဉ် ပေါက်ကွဲလာ၍ သေဆုံးခဲ့သည်။
ကချင်ပြည်နယ် (ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုများ)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပစ္စည်းဥစ္စာပျက်စီးမှုများ ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ (၂) ဦး၊
တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် ထိခိုက်ခံရသူ (၂) ဦး၊
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခံရသူ (၈) ဦး၊
သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် ထိခိုက်ခံရသူ (၁) ဦး၊
မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ခံရသူ (၁) ဦး
စစ်ကျန်လက်နက်ကြောင့် ထိခိုက်ခံရသူ (၂) ဦး
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ထိခိုက်မှုဖြစ်စဉ် (၄) ခု
လူသားဒိုင်းအဖြစ် အသုံးချသည်ဟု စွပ်စွဲခံရသည့် ဖြစ်စဉ် (၄) ခု
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ ဗန်းမော်မြို့နယ်တွင် (၂) ဦးရှိခဲ့သည်။
တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာတိုက်ပွဲအတွင်း ပိတ်မိနေစဉ် လေးနှစ်အရွယ်နှင့် ဆယ့်သုံးနှစ်အရွယ်ကလေး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဗန်းမော်မြို့နယ်တွင် (၁) ဦး၊ မိုးမောက်မြို့နယ်တွင် (၁) ဦး၊ မြစ်ကြီးနားတွင် (၁) ဦး၊ ဖားကန့်မြို့နယ်တွင် (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီစစ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့၍ ထိခိုက်ခံရသူ မြစ်ကြီးနားမြို့နယ်တွင် (၁) ဦး ရှိခဲ့သည်။
မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံရသူ လွယ်ဂျယ်မြို့နယ်ခွဲတွင် (၁) ဦး ရှိခဲ့သည်။
စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ထိခိုက်ခံရသူ ဖားကန့်မြို့တွင် (၂) ဦး ရှိခဲ့သည်။ နန့်မှော်ကျေးရွာတွင် မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီးကျည်တစ်လုံးအား အသက် ၃၀ နှစ်ခန့်အရွယ် အမျိုးသားသုံးဦးက ကျောက်ခဲဖြင့် ထုရိုက်စဉ် ပေါက်ကွဲခဲ့၍ ထိခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ထိခိုက်မှုဖြစ်စဉ် ဗန်းမော်မြို့နယ်တွင် (၁) ခု၊ မိုးမောက်မြို့နယ်တွင် (၁) ခု၊ ဝိုင်းမော်မြို့နယ်တွင် (၁) ခု၊ မြစ်ကြီးနားမြို့နယ်တွင် (၁) ခု ရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချသည်ဟု စွပ်စွဲခံရသည့် ဖြစ်စဉ်များ ရွှေကူမြို့နယ်တွင် (၁) ကြိမ်၊ ဗန်းမော်မြို့နယ်တွင် (၁) ကြိမ်၊ ဝိုင်းမော်မြို့နယ်တွင် (၁) ကြိမ်နှင့် ဖားကန့်မြို့နယ်တွင် (၁) ကြိမ် ရှိခဲ့သည်။ ၎င်းဖြစ်စဉ်များအတွင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာတိုက်ပွဲတွင် ပိတ်မိနေသော ပြည်သူများ တိမ်းရှောင်သွားပြီးနောက်တွင် ကျေးရွာအတွင်း နေအိမ်တံခါး၊ အိမ်ခန်းထဲမှ သေတ္တာသော့များ ရိုက်ဖွင့်ကာ မွှေနှောက်ပြီး ပစ္စည်းများ သိမ်းယူခဲ့ကြောင်း သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း
မတ်လအတွင်း ကွတ်ခိုင်မြို့နယ်မှ အမျိုးသား (၁) ဦးအား MNDAA (မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်) က ဖမ်းဆီးသတ်ဖြတ်မှု တစ်ခုရှိခဲ့သည်။
မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် အမျိုးသား (၁) ဦး သေဆုံးခဲ့သည်။ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၅) ဦးလည်း မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကျန်လက်နက်ကြောင့် သေဆုံးသူ (၁) ဦးလည်း ရှိခဲ့သည်။ ကွတ်ခိုင်မြို့နယ်မှ အသက် ၆၀ နှစ်ကျော် အမျိုးသားတစ်ဦးသည် ကောက်ရသည့် စစ်ကျန်လက်နက်ကို ထုရိုက်နေစဉ် ပေါက်ကွဲသွား၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ်များ၊ ဆိုင်ခန်းများမှ ပစ္စည်းများကို ခိုးယူသိမ်းပိုက်နေသည့် သတင်းလည်း တွေ့ရှိရသည်။ မိုးမိတ်မြို့သည် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သော်လည်း မြို့ကိုအပြီးမသိမ်းခဲ့ဘဲ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလိုက်သည့်မြို့ ဖြစ်သည်။
ဖမ်းဆီးသတ်ဖြတ်မှုဖြစ်စဉ်
ကွတ်ခိုင်မြို့နယ်မှ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား MNDAA (ကိုးကန့်တပ်ဖွဲ့) က သိန်းနီမြို့နယ် ဟိုမင်ရွာတွင် ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့၌ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ MNDAA တပ်ဖွဲ့ဝင်များက ခိုင်လုံသည့် အကြောင်းပြချက် မပေးနိုင်ဘဲ သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ “ကိုးကန့်စစ်သားတွေ ပြောတာက သူ (သတ်ဖြတ်ခံရသူ) က ကိုးကန့်စစ်သားကို ဓားနဲ့ခုတ်လာလို့ ရိုက်ရင်း လက်လွန်သွားတာလို့ ပဲပြောတယ်။”ဟု သတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။
သတ်ဖြတ်ခံရသူသည် အကြားအာရုံချို့ယွင်းသူ အိမ်ထောင်ရှင်အမျိုးသား ဖြစ်ကြောင်း သိရသည်။ ၎င်းသည် သုံးလေးနှစ်ခန့် မလုပ်ဘဲ ပစ်ထားခဲ့ရသည့် ၎င်းတို့မိသားစု၏ လယ်ကွက်ကို ပြန်လည်လုပ်ကိုင် စိုက်ပျိုးရန်အတွက် ဆွေမျိုးများထံ စပါးမျိုးစေ့သွားယူပြီး ပြန်လာသည့်လမ်းတွင် MNDAA စစ်သားများနှင့် ဆုံမိသွား၍ စစ်ဆေးမေးမြန်းကြသဖြင့် နှိပ်စက်သတ်ဖြတ်မှု ကျူးလွန်သွားခြင်း ဖြစ်နိုင်ကြောင်း သတင်းအချက်အလက်များအရ သိရှိရသည်။
သတ်ဖြတ်ခံရသည့် အလောင်းအား မြုပ်ထားသောနေရာကို မိသားစုနှင့် ရပ်ရွာပြည်သူများက တူးဖော်ယူခဲ့စဉ် “လက်ကိုကြိုးတုတ်ပြီး ခေါင်းမှာစွပ်ထားရင်း တန်းလန်းမြုပ်ထား ကြတယ်။”ဟု သတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။ အလောင်းအား မြေမြုပ်ထားသည့်နေရာ၌ စပါးမျိုးစေ့အိတ်ကို တွေ့ခဲ့ကြောင်း သိရသည့်အပြင် ဓါတ်ပုံမှတ်တမ်းများကိုလည်း တွေ့ရှိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ MNDAA ဘက်က ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရပြီး၊ အမှုနှင့်ပတ်သက်၍ ကူညီဖြေရှင်းပေးရန် သက်ဆိုင်ရာ KIO (ကချင်လွတ်လပ်ရေးအဖွဲ့) သို့လည်း တင်ပြထားကြောင်း သိရှိရသည်။
ယခုတင်ပြထားသည့် လူ့အခွင့်အရေး အချက်အလက်များသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းများကို တင်ပြနေသည့် သတင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များနှင့် မြေပြင်သတင်းအချက်အလက် စုဆောင်းမှုများမှရရှိသော သတင်းအချက်အလက်များကို အခြေခံ၍ ဆန်းစစ်တင်ပြထားခြင်း ဖြစ်ပါသည်။