ထီးချိုင့်က ကျေးရွာဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ ၇ ဦးဒဏ်ရာရ
25 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီကျေးရွာက ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က မနေ့က ဧပြီလ ၂၄ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင် မနက် ၁၀ နာရီအချိန်ခန့်က Y-12 ကင်းထောက်လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း ပတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲအချိန်မှာတော့ ကျေးရွာဆေးခန်းက ကိုယ်ဝန်ဆောင်တွေကို ဆေးကုသမှုပေးနေချိန် တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၅ လုံးကြဲချခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆေးခန်းမှာက OG လည်းရောက်နေတော့ ကိုယ်ဝန်ဆောင်တွေ ဆေးခန်းပြတာနေတာ၊ အဲ့ကိုကြဲတာနေမှာ ဆေးခန်းတည့်တည့်မကျလို့ နောက်မို့ဆို ကိုယ်ဝန်ဆောင်တွေထိတယ်။ အခုက ဆေးခန်းနားက ဈေးဆိုင်တွေကို ထိသွားတာ၊ ဆိုင်တွေလည်းမီးလောင် ပြည်သူတွေကိုလည်း ထိပေါ့။ အဲ့မှာက ဆိုင်တွေလည်းဖွင့် လက်ဖက်ရည်သောက်နေတဲ့သူနဲ့ ဆေးခန်းလာပြတဲ့သူတွေနဲ့ စည်နေတဲ့အချိန်ဖြစ်သွားတာ”ဟု ဆိုပါတယ်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၃၀ နဲ့ ၄၀ နှစ် ဝန်းကျင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးထိခိုက်ခဲ့ပြီး အမျိုးသားတစ်ဦးကတော့ စိုးရိမ်ရကြောင်း ပြောပါတယ်။ ဒါ့အပြင် ဈေးဆိုင်ကြီးတစ်ဆိုင်နဲ့ ဆီဂိုတောင်တစ်လုံး မီးလောင်ခဲ့ပြီး ဆိုင်ခန်းငယ် ၇ လုံးလည်း ထိခိုက်ပျက်စီခဲ့တယ်လို့ ပြောပါတယ်။