သုံးနှစ်အတွင်း အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု စစ်ကိုင်းတိုင်းအများဆုံးဖြစ်၊ ကချင်ပြည်နယ်လည်း ပါဝင်နေ
9 March 2024 – Kachinwaves
ညဏ်လင်းသစ်ရဲ့ သုတေသန ဖော်ပြချက်အရ အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း စစ်ကိုင်းတိုင်းသည် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် အရပ်သားသေဆုံးသူအရေအတွက် အများဆုံးဖြစ်သည်ကို တွေ့ရသည်။
ကချင်ပြည်နယ်လည်း ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း အစုအပြုံလိုက် အရပ်သားသေဆုံးမှု ဒုတိယနှင့် တတိယ အများဆုံးဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်လာလအထိ စစ်ကောင်စီတပ် ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ပေါင်းအနည်းဆုံး ၂၁၀ အထိရှိခဲ့ပြီး သေဆုံးသူအရေအတွက် ၂၀၇၉ ရှိကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသတ်ဖြတ်မှုများမှာ အချိန်အတိုင်းအတာတစ်ခုအတွင်း နေရာတစ်ခု သို့မဟုတ် ဒေသတစ်ခု၌ အစုအဖွဲ့တစ်ခုမှ ကျူးလွန်သည့် အရပ်သား (၅) ဦးနှင့် (၅) ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားခြင်း ဖြစ်သည်ဟု ညဏ်လင်းသစ် သုတေသနအဖွဲ့က ဆိုသည်။
အဆိုပါ အစုအပြုံလိုက် အရပ်သားသေဆုံးခဲ့ရသည့် အကြောင်းရင်းများမှာ တိုက်ပွဲဖြစ်ပွားစဉ်နှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် သတ်ဖြတ်ခံရခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်းပစ်ကူများကြောင့် သတ်ဖြတ်ခံရခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သတ်ဖြတ်ခံရခြင်းများကို ဆန်းစစ်ထားသည်ဟု သိရသည်။