ကိုဗစ်ကာလထဲ ရုန်းကန်နေရတဲ့ အမြင်အာရုံချို့တဲ့သူများ
မိုးတဖွဲတဖွဲကျနေချိန် ပုံမှန်အရပ်အမောင်းနှင့် ဗလတောင့်တောင့် ကိုလွမ်းခေါင်င်သည် သူငယ်ချင်း(၃) ယောက်နှင့်အတူ မိုးကာမိုးထားသည့် အိမ်တစ်အိမ်၏ဘေးခန်းတွင် သဲကျောက်နှင့် ဘိလပ်မြေဖျော်နေသည်။ ၎င်းတို့သည် ကားထားမည့်နေရာအတွက် တမန်တလင်း ခင်းနေခြင်းဖြစ်သည်။
မိုးရွာနေသည့်အတွက် တမန်တလင်းခင်းနေသည်ကို ဝင်ရောက်ကူညီနေခြင်းဖြစ်ပြီး မိုးတိတ်သွားလျှင် ခြံထဲဆင်းပြီး အလုပ်လုပ်လေ့ရှိကြောင်း ကိုလွမ်းခေါင်က ဆိုသည်။
ကိုလွမ်းခေါင်သည် အသက်(၂၈)နှစ်ရှိပြီဖြစ်သည်။ မျက်မမြင် လူငယ်တစ်ဦးဖြစ်ပြီး ယခုမြစ်ကြီးနားမြို့နယ် လမုန်ဇွပ်ကျေးရွာမှ မသန်စွမ်းမျက်မမြင်များရိပ်သာ၌ နေထိုင်နေသူဖြစ်သည်။
၎င်းသည်တစ်နှစ်ကျော်အရွယ်တွင် သူငယ်နာဖြစ်ပြီး အမြင်အာရုံချို့တဲ့သွားသည်ဟု ပြောပြသည်။
ပုံမှန်အချိန်ကာလများတွင် နေထိုင်စားသောက်ရေးအတွက် ပူပန်နေစရာ သိပ်မလိုသော်လည်း ယခုအချိန်တွင် Covid-19 ကြောင့် ယင်းရိပ်သာ၌နေထိုင်သော မျက်မမြင်များ၏ဘဝသည် စားသောက်နိုင်ရေးအတွက် စိုးရိမ်စရာများ ဖြစ်လာနေပြီဖြစ်သည်ဟု ကိုလွမ်းခေါင်က ဆိုသည်။
“အစကတော့ ကူညီတဲ့သူတွေများတယ်။ အခုကတော်တော်နည်းသွားပြီ။ ဒီထက်ပိုကြာလာရင်တော့ ဒီမှာနေတဲ့မျက်မမြင်တွေအတွက်တော့ အစားအသောက် ပြတ်သွားမှာစိုးရိမ်းတယ်။”ဟု ကိုလွမ်းခေါင်ကဆိုသည်။
ကိုလွမ်းခေါင်၏ မိခင်သည် ကေအိုင်အိုထိန်းချုပ်နယ်မြေမှာရှိသည့် ရှအစ်ယန် (Sha-it Yang) စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေပြီး မိခင်နှင့်မတွေ့နိုင်သည်မှာ ၁၀နှစ်ရှိသွားပြီဖြစ်၍ အမေနှင့်တွေ့ဆုံလိုသည်ဟု ၎င်းက ဆိုသည်။
၎င်းရိပ်သာတွင် အများစုနေထိုင်သူများသည် မျက်မမြင်များဖြစ်သော်လည်း သူငယ်နာရောဂါကြောင့် ချိုတဲ့သွားသူများပြီး စွမ်းဆောင်မှုအားနည်းသူများ၊ စိတ်ပုံမှန်မဟုတ်သူများ၊ သက်ကြီးရွယ်အိုများ နေထိုင်သည့် ရိပ်သာဖြစ်သည်။ စုစုပေါင်း မျက်မမြင်ဦးရေ (၂၀)ဝန်းကျင်ရှိပြီး ၎င်းတို့ကို ကူညီပေးသည့် မျက်မြင်များလည်း ရှိသည်။
ယင်းရိပ်သာသည် မြစ်ကြီးနား ဂျန်မိုင်ကောင် မျက်မမြင်ကျောင်း၏အခွဲဖြစ်ကာ ဂျန်မိုင်ကောင်တွင် ကျောင်းတက်ပြီး ကျောင်းစာ မလိုက်နိုင်သူများ ပုံမှန်မဟုတ်သူများအား စောင့်ရှောက်ထားသည့် ရိပ်သာဖြစ်သည်။
“အသက်ကြီးသွားတဲ့သူရော၊ ညဏ်ရည်မမီတဲ့သူတွေလည်းပါတယ်။ တစ်ယောက်ကို (တစ်လကျပ်နှစ်သောင်းလေးထောင်) ၂၄၀၀၀ ထောက်ပံ့တယ်။ အဲဒါနဲ့တော့ မလောက်ဘူး။ အလှူရှင်တွေ လာပေးတဲ့ဟာတွေနဲ့ လောက်အောင်စားရတာ။ ဒီကိုဗစ်-၁၉ဖြစ်သွားတော့ တော်တော်ကွာသွားပြီး၊ အရင်ကဆိုရင် အလှူရှင်တွေလည်း နေ့လည်စာတွေ၊ မုန့်ဟင်းခါးတွေလာကျွေး၊ မွေးနေ့တွေ လာလုပ်တယ်။ အခုကဒါတွေ မရှိတော့။ အလှူရှင်တွေမရှိတော့ တော်တော်ခက်ခဲသွားတယ်။”ဟု အဆိုပါရိပ်သာ၏ တာဝန်ခံဆရာမဒေါ်ဘောက်တောင်က ဆိုသည်။
ဆရာမဘောက်တောင်ကိုယ်တိုင် မျက်မမြင်တစ်ဦးဖြစ်ပြီး ယခင်က ဂျန်မိုင်ကောင်မျက်မမြင်ကျောင်း၏ ကျောင်းအုပ်ဆရာမအဖြစ် ၁၅နှစ်လုပ်ကိုင်ခဲ့ပြီး ယခုရိပ်သာတွင် တာဝန်ယူလုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ကျော်သွားပြီဖြစ်ပါသည်။
သူမစတင် တာဝန်ယူခဲ့ချိန်တွင် ခက်ခဲမှုများစွာနှင့် ကြုံခဲ့ရသည်ဟုဆိုသည်။ ကျောင်းတွင် သုံးဖို့ရေးမရှိသည့်အတွက် ဧရာဝတီမြစ်မှာ ရေသွားချိုးရပြီး၊ ရေသွားချိုးချိန် မျက်မမြင်တစ်ဦး ရေနစ်သေဆုံးခဲ့သည့်အဖြစ်ကို ယခုအချိန်ထိ မေ့လို့မရသော အဖြစ်အပျက်တစ်ခုဖြစ်ကြောင်း ဆရာမဘောက်တောင်က ဆိုသည်။
ယခုလို အနည်းငယ် အခြေကျအဆင်ပြေလာသည့်အချိန် Covid-19 သည် ၎င်းတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြန်သည်။
ယခုလတွင်လည်း ရိပ်သာတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများ၏လစာနှင့် စားသောက်စရိတ်များအတွက် အဖွဲ့အစည်းတစ်ခုထံမှ ကျပ်သိန်း ၂၀ကျော် သွားချေးထားရသည်ဟု ဆရာမဘောက်တောင်က ပြောပြသည်။
“ဒီထက်ပိုကြာလာရင် ဒီတစ်ခါတော့ ချေးလို့ရလိုက်တာ၊ နောက်တစ်ခါဆိုရင် ဘယ်ကပြန်ချေးမလဲပေါ့နော်။ ကျွန်မတို့က ဝန်ထမ်းတွေလည်း လျှော့လို့မရဘူး။ သူတို့မရှိရင် ကျွန်မတို့ပဲနေလို့မရဘူး။ မျက်မမြင်တွေကို ကူညီစောင့်ရှောက်နေကြတာ။”ဟု ဆရာမက ဆိုသည်။
ယခင်ပွင့်လင်းရာသီများတွင် နယ်လှည့်ပြီး စင်တင်တေးဂီတလိုက်လံဖျော်ဖြေခြင်းဖြင့် ဝင်ငွေရှာနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ကြောင့် ပြုလုပ်ခွင့်မရှိပဲ၊ အလှူရှင်များလည်း လာရောက်ကူညီမှုများ နည်းသွားသည့်အတွက် ဂျန်မိုင်ကောင်ကျောင်းကြီးပင်လျှင် ကျောင်းအတွက် အသုံးပြုရံပုံငွေ မရှိသည့် အခြေအနေဖြစ်နေကြောင်း ဆရာမက ဆိုသည်။ သူမသည် ဂျန်မိုင်ကောင် မျက်မမြင်ကျောင်းကြီး၏ စာရင်းကိုင်လည်း ဖြစ်သည်။
ရိပ်သာတွင် နေထိုင်သူ အသက် (၄၇)အရွယ် မျက်မမြင်ဖြစ်သူ မချို၏ ပြောပြချက်အရ Covid-19 ဖြစ်နေသည်ကို သိနေသော်လည်း ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ၎င်းတို့ဆီမှာ လာရောက်ပညာပေးသူများ မရှိကြောင်း ဆိုသည်။ သို့သော် ဆရာမက ၎င်းတို့ကို ရောဂါအကြောင်း ပြောပြသည်ဟု ဆိုသည်။
သူမ၏ စိုရိမ်းမှုကလည်း “အခုတောင် ဟင်းတွေမကောင်းလာတော့ဘူး။ ရှေ့ဆက်ပြီး ကြာမယ်ဆိုရင် အစားအသောက်ခက်ခဲသွားမှာကိုစိုးရိမ်တယ်။ စိတ်အားလည်းငယ်လာတယ်။ ကူညီနိုင်တဲ့သူတွေကိုတော့ ကူညီခိုင်းစေချင်တယ်။ ကိုယ့်ဆီမှာ ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။”ဟုပြောပြသည်။
အကယ်၍ မျက်မမြင်များသာ ကူးစက်ခံလာရလျှင် အပေါ့အလေးသွားသည့်ကိစ္စကအစ ခက်ခဲလာမည်ဖြစ်ကြောင်း သိထားသည့်အတွက် ရိပ်သာ၌နေထိုင်နေသည့်သူများ ကူးစက်ခံရမည်ကို တော်တော်စိုးရိမ်နေကြကြောင်း ဆရာမက ဆိုသည်။
ရိပ်သာတွင် အသက် ၇၄ နှင့် ၇၅နှစ် အဖိုးနှင့်အဖွားလည်း ခိုလှုံနေသည်။ ၎င်းတို့နှစ်ယောက်သည် ယခင်က အမြင်အာရုံချို့တဲ့မှု မရှိသော်လည်း ယခုအချိန်တွင် နှစ်ဦးစလုံး မျက်မမြင်ဖြစ်ပြီး ရိပ်သာ၌ လာရောက်နေထိုင်နေခြင်းဖြစ်သည်။ ၎င်းအဖိုးနှင့်အဖွားတွင် သားသမီးမရှိကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကို နံနက်စာဘာနှင့် စားလဲ အဖိုးနဲ့အဖွားဟု မေးကြည့်ရာ “ဘာဟင်းလဲမသိဘူး။ ဟင်းရည်တော့ ပိန်းဥဟုတ်တယ်။ အဖွားက သရက်သီးနဲ့ပဲစားလိုက်တယ်”ဟု အဖွားအိုက ဖြေဆိုပြီး၊ အဖိုးက “ဘာဟင်းလဲမသိဘူး။ ချဉ်တဲ့အရသာပဲ။”ဟု ပြောပြသည်။
အဖိုးနှင့်အဖွားသည် မျက်မမြင်ရိပ်သာရှိ အခန်းတစ်ခု၌ နေထိုင်ခြင်းဖြစ်ပြီး အပြင်းလုံးဝ မထွက်ကြောင်းလည်း ဆိုသည်။ အဖိုးနှင့်အဖွား တစ်နေကုန်အခန်းတွင် နေထိုင်ရသော်လည်း ပျင်းနေချိန် နားထောင်ဖို့ ရေဒီယိုတစ်လုံးတောင် မပိုင်ကြပါ။
“ဘယ်မှမသွားတော့ဘူးဆိုတော့ သိပ်တော့မကြောက်တော့ဘူး။ အခုက ဒီမှာနေပြီး သေမယ့်အချိန်ကိုစောင့်ရတော့မယ်။”ဟု ပြိုင်တူပြောလာကြသည်။
၎င်းတို့နှစ်ယောက် နံနက်စာအဖြစ် စားခဲ့သည့်ဟင်းမှာ သရက်သီးကြော်ဖြစ်သည်ဟု အခြားသူများက ပြောပြသည်။ Covid-19 ကြောင့် အလှူရှင် ရှားပါးလာခြင်း၏ အကျိုးဆက်သည် အဖိုးနှင့်အဖွား၏ နံနက်စာသို့ သက်ရောက်လာခြင်းဖြစ်သည်။
ရိပ်သာတွင် အသက်အငယ်ဆုံးဖြစ်ပြီး အသွက်လက်ဆုံးလည်းဖြစ်သည့် ကိုလွမ်းခေါင်သည် ဂီတာကို ပိုင်နိုင်စွာတီးတတ်သလို၊ ဂျပန်အကြောပြင်ကိုယ်နှိပ်လည်း ကျွမ်းကျင်သူဖြစ်သည်။ သို့သော် ယခုအချိန် ကိုယ်နှိပ်သူများ နည်းနေသည့်အတွက် တခါတလေပဲ နှိပ်ရသည်ဟု ဆိုသည်။
ကိုလွမ်းခေါင်သည် ၎င်း၏ရည်မှန်းချက်ကို ယခုလိုပြောပြသည်။ “ကိုယ်နှိပ်ရင်း အသက်မွေးဝမ်းပြုပြီး လိုအပ်တာတွေကို ကူညီရင်း၊ ဒီမှာပဲနေသွားမယ်လို့ ဆုံးဖြတ်ထားတယ်။”ဟု ၎င်းကဆိုသည်။
၎င်း၏ လတ်တလောဆန္ဒသည် ကိုဗစ်-၁၉ အမြန်ပျောက်ကင်းပြီး ယခင်လို စိုးရိမ်းမှုကင်းစွာနေထိုင်လိုမှုပင်ဖြစ်သည်။