ကချင်ရိန်းဂျားစစ်သားဟောင်းကြီး
၁၁ ဖေဖော်ဝါရီ ၂၀၂၀
မရန်
စစ်မြေပြင်တွင် ကျည် ၇ချက်ထိသည့်တိုင် တိုက်ပွဲဝင်ခဲ့သည့် ကချင်စစ်သားဟောင်းကြီး နန်ဇိန်ထွဲဝါ (Nangzing Htoi Wa)သည် ယခုအချိန်ထိ ယခင်စစ်သားဘဝ အတွေ့အကြုံများကို မှတ်မှတ်ရရ ဖြစ်နေဆဲဖြစ်သည်။
“Burma Campaign” စာတမ်းပါ ရင်ထိုးလေးကို ဧည့်သည်လာတိုင်းထုတ်ပြပြီး ရင်ထိုးထားလျှက်ရှိသည်။
ယင်းရင်ထိုးလေးသည် ကချင်ရိန်းဂျားတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်းပြသသည့် အမှတ်အသား သင်္ကေတ တစ်ခုဖြစ်သည်။
အသက်၉၆နှစ်အရွယ် နန်ဇိန်ထွဲဝါသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တောတွင်းသူရဲကောင်းများဟု ကျော်ကြားခဲ့သည့် ဝမ်းအိုဝမ်း(101) ကချင်ရိန်းဂျိန်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။
“ဗုံးနှစ်ခါကြဲခံရတယ်။ ကျည်ခုနှစ်ချက်ထိတယ် ဘာမှမဖြစ်ခဲ့ဘူး”ဟု နန်ဇိန်ထွဲဝါက ဂုဏ်ယူစွာပြောသည်။
တိုက်ပွဲများစွာရင်ဆိုင်ခဲ့ရသော်လည်း သေကံမရောက်သက်မပျောက်ခဲ့ခြင်းသည် ၎င်းလိုက်နာစောင့်ထိန်းခဲ့သည့် အချက်လေးချက်ကြောင့်ဖြစ်သည်ဟု ကချင်စစ်သားဟောင်းကြီးက ခံယူထားသည်။
နန်ဇိန်ထွဲဝါ ကချင်ရိန်းဂျားတပ်ဖွဲ့သို့ ဝင်ရောက်ချိန်တွင် သင်းအုပ်ဆရာတစ်ဦးမှ ယင်းအချက်လေးချက်ကို လိုက်နာပါက အန္တရာယ်ကင်းဘေးရှင်းမည်ဟု မှာကြားခဲ့ခြင်းဖြစ်သည်။
နေ့စဉ်ဆုတောင်းမေတ္တာပို့သပြီး အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းအပါအဝင် နှိပ်စက်ခြင်းများမပြုလုပ်ရန် မှာကြားခဲ့သည်ဟု နန်ဇိန်ထွဲဝါက ရှင်းပြသည်။
ထို့အပြင် ပြည်သူကိုနှိပ်စက်ညှင်းပန်းခြင်း မပြုလုပ်ဘဲ၊ သူတစ်ပါးပစ္စည်းကိုလည်း အပ်တိုတစ်ချောင်းမျှ မယူဆောင်မိစေရန် ထိန်းသိမ်းခဲ့ကြောင်း ဝမ်းအိုဝမ်း စစ်သားဟောင်းကြီးက ရှင်းပြသည်။
၁၉၄၂ – ၄၃ ဝန်းကျင်ကာလများတွင် မြန်မာနိုင်ငံမှ ဂျပန်တပ်များကို တိုက်ထုတ်ရန် အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ စီစဉ်ခဲ့ကြသည်။ Burma Campaign ဟု အမည်ပေးထားသည့် ယင်းအစီအစဉ်တွင် ကချင်၊ ချင်း၊ နာဂ စသည့် တိုင်းရင်းသားများလည်း ပါဝင်ခဲ့ကြသည်။
ထို့နောက် ဖက်ဆစ်ဂျပန်တပ်များကို တိုက်ထုတ်ရန် ဝမ်းအိုဝမ်း ကချင်ရိန်းဂျားတပ်ဖွဲ့ကို အမေရိကန်ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဝမ်းအိုဝမ်း ဟုခေါ်သည့် အမေရိကန်နည်းဗျူဟာတပ်ဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည့် ရိန်းဂျားတပ်ဖွဲ့တွင် ကချင်တိုင်းရင်းသားနှစ်သောင်းကျော် ပါဝင်ခဲ့သည်။
ယင်းတပ်ဖွဲ့ဝင်များတွင် မိုးမောက်မြို့နယ်၊ ပရံခူးတုံ(Prang Hkudung)ကျေးရွာမှ နန်ဇိန်ထွဲဝါခေါ် ကချင်လူငယ်လေးတစ်ဦးလည်း အပါအဝင်ဖြစ်သည်။
၁၉၄၃ ခုနှစ် သြဂုတ်လ၊ ကချင်ရိန်းဂျားတပ်ဖွဲ့သို့ ဝင်ရောက်ချိန်တွင် နန်ဇိန်ထွဲဝါသည် အသက်၁၉နှစ်ခန့်သာ ရှိသေးသည်။
ရိန်းဂျားတပ်ဖွဲ့သို့ မဝင်ရောက်မီတွင် နန်ဇိန်ထွဲဝါသည် ဂျပန်တပ်ဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရဖူးသည်။ မင်္သကာမူဖြင့် ဖမ်းဆီးခံရပြီးနောက် ဂျပန်စစ်သားများ၏ နှိပ်စက်ခြင်းကိုလည်း သူခံစားခဲ့ရသည်။ ဂျပန်တပ်များ ကျေးရွာများအတွင်း ဝင်ရောက်လာပါက ကြက်၊ နွားစသည့် တိရိစ္ဆာန်များအား ရိက္ခာအတွက် ဖမ်းဆီးသွားခြင်းများကို ဒေသခံများကြုံတွေ့ခဲ့သည်ဟု နန်ဇိန်ထွဲဝါက ပြန်ပြောင်းပြောပြသည်။
ယင်းအခြေအနေတွင် ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ရန် ခေါင်းဆောင်များဖြစ်ကြသည့် တန်ဂျီး၊ မုန်ပါတူး စသည့်ဒေသခံခေါင်းဆောင်များ၏ တိုက်တွန်းမူအရ တစ်အိမ်ထောင်တွင် အမျိုးသား၃ဦးရှိပါက ၂ဦးမှာ ကချင်ရိန်းဂျားတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။
“ငါတို့ ပြည်နယ်၊ ငါတို့တိုင်းပြည်ကို ကာကွယ်ရမယ်ဆိုပြီးဝင်ခဲ့ကြတာ”ဟု နန်ဇိန်ထွဲဝါက ကချင်ဘာသာစကားဖြင့် ပြောပြသည်။
ကချင်ရိန်းဂျားတပ်ဖွဲ့ဝင် နန်ဇိန်ထွဲဝါ၏ ပထမဆုံးတိုက်ပွဲအတွေ့အကြုံမှာ ဆန်ဂါယန်ဒေသတွင်ဖြစ်သည့် တိုက်ပွဲဖြစ်သည်။
ထို့နောက် လားရှိုး၊ နမ့်ခမ်း၊ မူဆယ်ဒေသများအပြင် ထိုင်းနယ်စပ်အထိ စစ်ဆင်ရေးများစွာတွင် ပါဝင်ခဲ့ရပြီး ဂျပန်တပ်များနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ပြောပြသည်။
သူပါဝင်ခဲ့သည့် ကချင်ရိန်းဂျားတပ်ဖွဲ့၏ အဓိကတာဝန်တစ်ခုကိုလည်း နန်ဇိန်ထွဲဝါက ယခုလိုပြောပြသည်။
“ဂျပန်တွေရဲ့ ရိက္ခာကိုဖြတ်တောက်တာ” ဟု ပြောသည်။
ရိန်းဂျားစစ်သားဟောင်းကြီးနန်ဇိန်ထွဲဝါ၌ မမေ့နိုင်သည့် စစ်မြေပြင်အတွေ့အကြုံများစွာ ရှိနေပါသည်။ ယင်းတိုက်ပွဲများအနက် လားရှိုးဒေသတိုက်ပွဲလည်း ပါဝင်သည်။
ဂျပန်တပ်များအလုံးအရင်းတပ်စွဲထားသည့် လားရှိုးမြို့သို့ဝင်ရောက်တိုက်ခိုက်ရန် နန်ဇိန်ထွဲဝါတို့တပ်ဖွဲ့ တာဝန်ပေးအပ်ခြင်းခံရသည်။ တိုက်ပွဲဖြစ်စဉ်တစ်ခုအတွင်း ကျည်ခုနှစ်ချက်ထိမှန်ခဲ့သော်လည်း သေကံမရောက်ခဲ့ဟု ရိန်းဂျားစစ်သားဟောင်းကြီးက မှတ်ညဏ်ကောင်စွာဖြင့် ပြန်ပြောင်းပြောပြသည်။
နန်ဇိန်ထွဲဝါ ဆောင်းထားသည့်ဦးထုပ်တွင် ကျည်၃ချက်၊ လွယ်အိတ်ကြိုးနှင့် ဘောင်းဘီဂွကြားအပါအဝင် စုစုပေါင်းကျည်၇ချက်ထိမှန်ခဲ့ခြင်းဖြစ်သည်။
“တစ်ချက်မှအသားကိုမထိခဲ့ဘူး”’ဟု ၎င်းကပြောသည်။
အဆိုပါဝတ်စုံကို နန်ဇိန်ထွဲဝါက အမှတ်တရသိမ်းဆည်းခဲ့သေးသည်။ သို့သော် ကံအကြောင်းမလှစွာ ဆုံးရှုံးခဲ့ရသည်။ ၁၉၉၄ မတိုင်မီကာလက တပ်မတော်နှင့် KIAတို့ ၎င်း၏ဇာတိကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နေအိမ်မီးလောင်ခဲ့ခြင်းကြောင့် ၎င်းတန်ဖိုးထားရသည့် ဝတ်စုံကိုဆုံးရှုံးခဲ့ရသည်။
နောက်ထပ် မမေ့နိုင်သော ဖြစ်ရပ်တစ်ခုသည် နမ်မှူးခမ်းဒေသတိုက်ပွဲဖြစ်သည်။ ဂျပန်လေတပ်မှ ကြဲချခဲ့သည့် ဗုံးတစ်လုံးက နန်ဇိန်ထွဲဝါ၏အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ပေသုံးဆယ်လောက်လွင့်သွားတယ်”ဟု နန်ဇိန်ထွဲဝါက ပြောပြသည်။
နန်ဇိန်ထွဲဝါသည် ဗုံးဆန်မထိမှန်ခဲ့သော်လည်း ပေါက်ကွဲသည့် အရှိန်ကြောင့် ၂နာရီခန့် ယင်းနေရာတွင်ပင် သတိလစ်သွားခဲ့သည်။ ၎င်း၏တပ်ဖ့ွဲဝင်များက နန်ဇိန်ထွဲဝါကို သေပြီဟု သတ်မှတ်ခဲ့ကြသည်။
ဗုံးဒဏ်ကြောင့် ၂နာရီခန့်သတိလစ်ရာကနေ သတိပြန်ရလာခဲ့ကြောင်း နန်ဇိန်ထွယ်ဝါက သေမင်းခံတွင်းနှင့် လက်တစ်ကမ်းအလို အခြေအနေကို ပြောပြသည်။ ရိန်းဂျားတပ်ဖွဲ့ဝင် နန်ဇိန်ထွဲဝါအတွက် ဗုံးကြဲခံရသည်မှာ တစ်ကြိမ်တည်းမဟုတ်ပါ။ အင်အားအများအပြားပါဝင်သည့် ဂျပန်တပ်ဖွဲ့တစ်ခုနှင့် တိုက်ပွဲဖြစ်ချိန်တွင်လည်း လေယာဉ်ဗုံးဆန်တစ်ခု ၎င်း၏အနီးတွင်ကျရောက်ခဲ့ဖူးသည်။ ယင်းဖြစ်စဉ်တွင်လည်း ဗုံးဆန်မထိမှန်ခဲ့ဘဲ အချိန်အတော်ကြာ သတိလစ်နေခဲ့သည်။
“သတိရတာနဲ့သေနတ်ကိုင် ပြန်တိုက်တာပဲ။ အမေရိကန် စစ်ဗိုလ်ကတောင်အံ့သြသွားတယ်”ဟု နန်ဇိန်ထွဲဝါက ပြန်ပြောင်းပြောပြသည်။ ယင်းဖြစ်စဉ်ကြောင့် အမေရိကန်စစ်ဗိုလ်က ၎င်းကို လေးစားသမူဖြင့် “ဒူဝါ”ဟု ခေါ်ခဲ့သည်ဟု စစ်သားဟောင်းကြီးက ပြုံးရယ်လျှက် ဂုဏ်ယူစွာပြောပြသည်။
သို့သော် ဗုံးပေါက်ကွဲမူအရှိန်ပြင်းအားသည် ရိန်းဂျားစစ်သားကြီးနန်ဇိန်ထွဲ၏ အကြားအာရုံကို ယုတ်လျော့သွားစေခဲ့သည်။ အသက်အရွယ်ကြီးရင့်လာချိန်တွင် အခြေအနေပိုဆိုးလာပြီး နားနှင့်အနီးကပ်ပြောမှသာ ကြားနိုင်တော့သည်ဟု နန်ဇိန်ထွဲဝါ၏မြေးဖြစ်သူ ဒေါ်ဘောက်အောင်က ဆိုပါသည်။
လားရှိုးတိုက်ပွဲအပြီးတွင်မူ နန်ဇိန်ထွဲဝါတို့ ကချင်ရိန်းဂျားတပ်ဖွဲ့သည် စိန်လုံဒေသတွင် မနောင်ပွဲတော်ကို ကြီးကျယ်စွာ ကျင်းပခဲ့ကြသည်။ ၎င်းမနောင်ပွဲတော်သည် ဂျပန်ကိုစစ်အောင်နိုင်သည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော ပဒါန်မနောင်ဖြစ်သည်ဟု ဆိုပါသည်။
၎င်းတို့၏တပ်ဖွဲ့သည် ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်နေသည့်ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် မန္တလေးမြို့တွင် တွေ့ဆုံခဲ့ဖူးသည်ဟု ရိန်းဂျားစစ်သားဟောင်းကြီးက ဆိုပါသည်။
“နိုင်ငံ့အတွက်အတူပူးပေါင်းလုပ်ကြရအောင်လို့ အားပေးတာတွေရှိတယ်”’ဟု နန်ဇိန်ထွဲဝါက ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်ကို ပြန်ပြောင်းမျှဝေသည်။
ကချင်ရိန်းဂျားတပ်ဖွဲ့၌ ၂နှစ်ကျော်တာဝန်ထမ်းဆောင်အပြီးတွင် နန်ဇိန်ထွဲဝါသည် ဗြိတိသျှတပ်မတော်၏ ဒုဗိုလ်အဆင့်ဖြင့် စစ်မူထမ်းခဲ့သည်။
လွတ်လပ်ရေးရရှိပြီးနောက် ရိန်းဂျားစစ်သားကြီးသည် ဗမာ(မြန်မာ့)တပ်မတော်တွင် တပ်သားအဆင့်မှ တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။
ဗမာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလတွင်မူ ကွန်မြူနစ်များနှင့်အဓိက တိုက်ခဲ့ရသည်ဟု နန်ဇိန်ထွဲဝါက ပြောပြသည်။
အင်အားခုနှစ်ရာကျော်ပါဝင်သည့် ကွန်မြူနစ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့ရသော ပခုက္ကူဒေသတိုက်ပွဲကိုလည်း ရိန်းဂျားစစ်သားဟောင်းကြီးက အမှတ်ရနေဆဲဖြစ်သည်။
“ငါတို့ဖက်က ခုနှစ်ယောက်ကျတယ်၊ နှစ်ယောက်အဖမ်းခံရတယ်”ဟု ပြောပြသည်။
ပခုက္ကူတိုက်ပွဲ စွမ်းဆောင်ရည်ကြောင့် နန်ဇိန်ထွဲဝါသည် တပ်ကြပ်ရာထူးကို တိုးမြင့်ခြင်းခံခဲ့ရသည်။ ဖက်ဆစ်တော်လှန်ရေးမှစ၍ ကချင်ရိန်းဂျားတပ်ဖွဲ့၊ ဗြိတိသျှတပ်မတော်နှင့် ဗမာ့တပ်မတော်တို့တွင် နှစ်ပေါင်း၂၀ခန့် ကျရာတာဝန် ထမ်းဆောင်ခဲ့သူ နန်ဇိန်ထွဲဝါသည် ၁၉၆၃ မတ်လတွင် အငြိမ်းစားယူခဲ့သည်။
ဗမာ့တပ်မတော်တွင် ၁၅နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ကြပ်ကြီးရာထူးဖြင့် အနားယူခဲ့ခြင်းဖြစ်သည်။
ပင်စင်လစာခံစားခွင့်ရသော်လည်း အစိုးရအဆက်ဆက်မှ အခြားတစ်စုံတစ်ရာအသိအမှတ်ပြု ချီးမြင့်ခြင်းမျိုးမရှိဟု ရိန်းဂျားစစ်သားဟောင်းကြီးက ဆိုသည်။ ယင်းသို့ရှင်းပြနေချိန် အသက်ကိုးဆယ်ကျော်အရွယ် ရိန်းဂျားစစ်သားဟောင်းကြီး၏ မျက်နှာတွင် စိတ်မကောင်းဖြစ်သည့် မျက်နှာသွင်ပြင်ကို အထင်သားမြင်တွေ့ရသည်။
သို့သော်အမေရိကန်နှင့် ဗြိတိန်တို့က အသိအမှတ်ပြု ထောက်ပံ့ချီးမြင့်မှုများ ရှိကြောင်း ၎င်းကရှင်းပြသည်။
အမေရိကန်သံအမတ်ကြီးနှင့် စစ်သံမှူးတို့ လာရောက်တွေ့ဆုံမူများရှိကြောင်းလည်း မှတ်တမ်းမှတ်ရာများကို ပြသလျှက်ဂုဏ်ယူစွာ ပြောပြသည်။
“အသိအမှတ်ပြုပေးလို့ စိတ်အရမ်းချမ်းသာတယ်”ဟု ကချင်ရိန်းဂျားစစ်သားအိုကြီးက ပြောသည်။
နန်ဇိန်ထွဲဝါသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် စစ်သံမှူးတို့ ချီးမြင့်ထားသည့် ဂုဏ်ပြုလက်မှတ်များ၊ စစ်သားဘဝ အမှတ်အသားတံဆိပ်များကိုလည်း အမြတ်တနိုးသိမ်းဆည်း ထားဆဲဖြစ်သည်။ ဧည့်သည်များလာရောက်လျှင် ဂုဏ်ယူစွာပြသလေ့ရှိသည်။
နှစ်၂၀ခန့် တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့သည့် ကချင်ရိန်းဂျားစစ်သားကြီးသည် ရဲဘော်ရဲဘက် မိတ်ဆွေများကိုလည်း သတိရလေ့ရှိသည်။
“တခါတလေ စဉ်းစားမိရင်ငိုမိတယ်”ဟု ၎င်းကညှိုးနွမ်းစွာ ပြောဆိုသည်။
လက်ရှိကာလတွင် ရဲဘော်ရဲဘက်အများစုသည် ကွယ်လွန်သွားပြီဖြစ်ကြောင်း နန်ဇိန်ထွဲဝါက ဆိုသည်။
ခေတ်အဆက်ဆက် အတွေ့အကြုံအမျိုးမျိုးကို ကျင်လည်ခဲ့ရသူ ကချင်စစ်သားဟောင်းကြီးသည် လက်ရှိအချိန်တွင် သားသမီး၊ မြေးများနှင့်အတူ မြစ်ကြီးနားမြို့တွင် နေထိုင်လျှက်ရှိပါသည်။ ၎င်း၌ သားသမီး၆ဦး ထွန်းကားပြီး၊ ဇနီးဖြစ်သူသည် လွန်ခဲ့သည့် ၁၀နှစ်ခန့်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။
အသက် ၉၀ကျော်ပြီ ဖြစ်သော်လည်း စစ်သားဟောင်းကြီးသည် ကျန်းမာနေဆဲဖြစ်သည်။ အကြားအာရုံအနည်းငယ်ချို့တဲ့သည်မှအပ ၎င်း၏အတွေ့အကြုံများကို မှတ်ဉာဏ်ကောင်းကောင်းဖြင့် မျှဝေနိုင်ဆဲဖြစ်သည်။
ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သတ်၍လည်း နန်ဇိန်ထွဲဝါက အောက်ပါအတိုင်း မှတ်ချက်ပြုသည်။
ဟိုတစ်ဖွဲ့က သေနတ်နှင့်ပစ်လိုက်၊ ဒီတစ်ဖွဲ့က သေနတ်နှင့်ပစ်လိုက်၊ လက်နက်ကြီး ချလိုက်ဆိုလျှင် ဘယ်ချိန်မှ လွတ်လပ်နေနိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။ မည်သည့် လူမျိုးမဆို လူသားသာဖြစ်ကြောင်း ဗမာဖြစ်စေ၊ တရုတ်ဖြစ်စေ အားလုံး စည်းစည်းလုံးလုံးနေလျှင် ငြိမ်းချမ်းရေးရနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“အခု ကျွန်တော့သက်တမ်းမှာ မဟုတ်ရင်တောင် ကျွန်တော့သားသမီး မြေးတွေရဲ့ခေတ်မှာတော့ ဒီတိုင်းပြည်ကို ငြိမ်းချမ်းသွားစေချင်တယ်။”