Facebook ပေါ်က သတင်းတု၊ သတင်းမှား၊ အမုန်းစကားများသည် ၂၀၂၀အတွက် ဘေးဥပဒ်ဖြစ်လာနိုင်မလား
မရန်
နှစ်ပေါင်း (၅၀)နီးပါးကြာရှည်ခဲ့သည့် စစ်အာဏာရှင်စနစ်ပြီးနောက် ပထမဆုံးသော ပြည်သူ့အစိုးရကို ရွေးကောက်တင်မြောက်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအစိုးရအတွက် စိန်ခေါ်မှုများစွာ ကျန်ရှိနေဆဲဖြစ်သည်။ စိန်ခေါ်မှုများစွာထဲက လူထုကြားမှ “သတင်းအမှားနှင့် တမင်တကာဖန်းတီးထားသည့် အန္တရာယ်ရှိသောသတင်း”များသည် ထိရှလွယ်သည့် ဒီမိုကရေစီပြောင်းလဲမှု လမ်းစဉ်အတွက်အဓိက ပြသနာတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မတိုင်မီအထိ သတင်းအချက်အလက် ဖြန့်ဝေခြင်းကို ပိတ်ဆို့ခဲ့သော်လည်း ဒီမိုကရေစီလမ်းစဉ်သို့ ပြောင်းလဲလာချိန်နှင့်အညီ အင်တာနက်ဆက်သွယ်မှုများ တိုးတက်လာမှုအပါအဝင် အသစ်ပြောင်းလဲမှုများစွာလည်း ရှိလာခဲ့သည်။
သိန်း(၃၀)ဝန်းကျင်တန် ဖုန်းကဒ်များသည် ၂၀၁၄ ခုနှစ်တွင် ဈေးချရောင်းလိုက်သည့်အခါ ဖုန်းပိုင်ဆိုင်ခြင်းသည် ယခင်လို အထက်တန်းလွှာဆန်ဆန်ပိုင်ဆိုင်ရသည့် ပစ္စည်းသဖွယ်မဖြစ်တော့ပါ။ မြန်မာနိုင်ငံ နေရာအနံှ့အပြားမှ ပြည်သူများက စတင်သုံးစွဲလာနိုင်ကြသည်။
Telenor ဆက်သွယ်ရေကမ္ပဏီ၏ Digital Myanmar 2018 စစ်တမ်းအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှုသည် ၁၀၅ရာခိုင်နှုန်းထိရှိပြီး ၎င်းရာခိုင်နှုန်းထဲမှ ၈၀ရာခိုင်နှုန်းခန့်သည် စမတ်ဖုန်းများဖြင့် သုံးစွဲကြကြောင်းတွေ့ရှိရသည်။
တကမ္ဘာလုံးက ဆိုရှယ်မီဒီယာအမျိုးမျိုးသုံးစွဲကြသော်လည်း မြန်မာနိုင်ငံအတွက်မူ Facebook လူမှုကွန်ရက်သည် လူသုံးအများဆုံးဖြစ်သည်။
ဒီမိုကရေစီပြောင်းလဲမှုအတွက် နိုင်ငံရေး၊ လူမှုဘဝပြောင်းလဲမှုများကို လွမ်မိုးနိုင်ရန်ရည်ရွယ်ချက်များဖြင့် Facebook ကို အသုံးပြုကြသလို၊ မြန်မာနိုင်ငံ၏ သတင်းအမှားနှင့် တမင်တကာဖန်းတီးထားသည့် မမှန်သတင်းများသည် အမျိုးသားရေးပြင်းထန်သည့် အဖွဲ့အစည်းအချို့က စနစ်တကျပုံဖော်ကာ အသုံးပြုနေကြသည်။
တပ်မတော်ကလည်း ပြည်သူများအပေါ် ပြည်တွင်းစစ်အတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးဖိနိုင်အောင် ဆိုရှယ်မီဒီယာများကို အသုံးပြုသကဲ့သို့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း ၎င်းတို့အား ထောက်ခံအားပေးသည့် ပြည်သူများ၏ ထောက်ခံအားပေးမှု ပိုမိုရရှိလာအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ လုပ်ဆောင်နေကြသည်။
မြန်မာနိုင်ငံတွင် များစွာသောမငြိမ်မသက်မှု၊ ဆူပူမှုတို့သည် face book ပေါ်မှ သတင်းအမှား၊ လုပ်ကြံသတင်းများမှ စတင်လာခြင်းဖြစ်သည်။
အထင်ရှာဆုံး ဥပမာတစ်ခုက ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများကြား ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခတစ်ခုဖြစ်သည်။
သတင်းအမှားနှင့် သတင်းတုများသည် မြန်မာနိုင်ငံမှာရှိသည့် မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်လူမျိုးများကြား အကြမ်းဖက်မှုများ လှုံ့ဆော်သည်သာမက ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင်လည်း ပဋိပက္ခများကို ပိုမိုကြီးပွားအောင် လှုံ့ဆော်မှုများရှိနေသည်။
မြန်မာနိုင်ငံအတွက် စဉ်းစားစရာတစ်ခုက ပိုမိုများပြားလာသော Facebook သုံးစွဲမှုက သတင်းတုများ၊ အမုန်းစကားများ ပိုမိုထုတ်လုပ်လာနိုင်ပြီး လာမည့် ၂၀၂၀ရွေးကောက်ပွဲကို ထိခိုက်လာနိုင်မလားဆိုသည့် အချက်ပဲဖြစ်ပါသည်။
“သတင်းတုတွေက နာလည်မှုလွဲပြီး ဆုံးဖြတ်ချက်အမှားတွေချဖို့ ဦးဆောင်နေတယ်။ သတင်းတုတွေက လူ့အသိုင်းအဝိုင်းကြားမှာ ပြသနာတွေကို ပိုများပြားလာအောင် ဖန်တီးနေတယ်။”ဟု မော်ကွန်းမဂ္ဂဇင်း၏ အယ်ဒီတာ ဦးဇေယျာလှိုင်က ဆိုသည်။
ဦးဇေယျာလှိုင်သည် မီဒီယာကောင်စီမှ မီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည်။
မြန်မာနိုင်ငံမှ ပညာတတ်အများဆုံးနေထိုင်သည့် စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာပင်လျှင် သတင်းတုများကြောင့် ကျဆုံးမှုများမြင်တွေ့နေရကြောင်း ဦးဇေယျာလှိုင်က ထောက်ပြသည်။
လွန်ခဲ့သည့်နှစ်နှစ်က မူဆလင်အများအပြားနေထိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ဦးအား မူဆလင်များမှ ရိုက်နှက်သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း စာတိုသတင်းစကားအမှားတစ်စောင်သည် Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ယင်းသတင်းသည် လူမှုအဖွဲ့အစည်းနှစ်ခုကြား အဓိကရုဏ်းဖြစ်ပေါ်လာအောင် ဦးဆောင်ခဲ့ကြောင်း ဦဇေယျာလှိုင်က ထောက်ပြသည်။
“အဲဒီလုပ်ကြံဖန်တီးထားတဲ့ သတင်းကိုတွေ့လိုက်တဲ့အချိန် ကျွန်တော် တော်တော်တုန်လှုပ်သွားပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ အဲဒီသတင်းကြောင့်လည်း ဗုဒ္ဓဘာသာဝင်နှင့်မူဆလင်များကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့တာ။”ဟု ဦးဇေယျာလှိုင်က ပြောသည်။
၂၀၁၃ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံမှာ သတင်းတုများနှင့် အမုန်းစကားများ Facebook ပေါ်တွင် ဖြစ်ပျက်နေပြီဖြစ်သည်။ မြန်မာလူမျိုးအများပိုင်းသည် သတင်းတုများ အမုန်းစကားများကို စဉ်းစားပြီးတုန့်ပြန်နိုင်ရန် လုံလောက်သော အသိပညာစွမ်းဆောင်ရည် မရှိသည်ကိုတွေ့ရသည်။
မြန်မာအစိုးရအနေနှင့်လည်း ထိရောက်သည့် မည်သည့်လုပ်ဆောင်မှုမှ မရှိသေးကြောင်း ဦးဇေယျာလှိုင်က ထောက်ပြသည်။
“သတင်းတုတွေကို တိုက်ဖျက်တဲ့နေရာမှာ အစိုးရထိရောက်တဲ့လုပ်ဆောင်မှုတွေ လုပ်ဆောင်တာတွေကို ကျွန်တော်မတွေ့ရသေးဘူး။”ဟု ဦးဇေယျာလှိုင်က ဆိုသည်။
မြန်မာအစိုးရက ယမန်နှစ်က နိုင်ငံတော်လုံခြုံရေးအတွက် social မီဒီယာကို စောင့်ကြည့်ရန် ကျပ်သန်းပေါင်း ၆၀၀၀ ကျော်သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အစိုးရက ၎င်းသုံးစွဲငွေများကို မည်သည့်နေရာတွင် သုံးစွဲခဲ့ကြောင်း ပြန်လည်ရှင်းတမ်း လုပ်ထားခြင်း မရှိပဲ၊ လွှတ်တော်တွင်မေးမြန်းရာတွင်လည်း ဖြေကြားရန်ငြင်းဆိုခဲ့ကြောင်း ဦးဇေယျာလှိုင်က ဆိုသည်။
Youth and media literacy ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့သည့် Paul Miki L Seng Du ၏ စစ်တမ်းတွင် ရန်ကုန်သတင်းစာပညာကျောင်းမှ ဒါရိုက်တာဆရာရဲနိုင်မိုးက ယခုလိုပြောဆိုထားသည်။
“ဆိုရှယ်မီဒီယာရဲ့ ခြိမ်းခြောက်မှုတစ်ခုက သတင်းတစ်ပုဒ်ဟာ မှားမှားမှန်မှန် သေချာစဉ်းစားတွေးခေါ်ခြင်းမရှိပဲ အချိန်တိုအတွင်း လူသန်းချီကို ရောက်သွားနိုင်တာပါပဲ။”ဟုဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ သတင်းမီဒီယာအသိုင်းအဝိုင်းကလည်း သတင်းတုများစီးဆင်းမှုကို တုန့်ပြန်နိုင်ရန် လုံလောက်သည့် စွမ်းဆောင်ရည်များ မရှိသေးကြောင်းလည်း ပြောဆိုထားသည်။
အရှစင်တာ၏ ဒါရိုက်တာ James Gomez ကလည်း ဘာသာရေးလွှမ်းမိုးမှုရှိသည့် နိုင်ငံများတွင် သတင်းတုများ ပိုပြီးဖြစ်ပျက်လျှက်ရှိကြောင်း မေးကြည့်အဖွဲ့နှင့်အင်တာဗျူး၌ ပြောကြားထားသည်။ ၎င်းဘာသာရေး လွှမ်းမိုးသည့်နိုင်ငံများသည် မြန်မာအပါအဝင် အင်ဒိုနီးရှားနှင့်မလေးရှားတို့ဖြစ်ကြောင်း ပြောဆိုသည်။ အခြားလွှမ်းမိုးမှုရှိသည့် နယ်ပယ်တစ်ခုမှာ နိုင်ငံရေးဖြစ်ကြောင်းလည်း ဆိုထားသည်။ နိုင်ငံရေးနှင့်ပတ်သက်ပြီး၊ အထူးသဖြင့် ရွေးကောက်ပွဲကာလတွင် ဖြစ်ပွားတတ်ပြီး အင်ဒိုနီးရှားနှင့်ထိုင်း ရွေးကောက်ပွဲများတွင်လည်း အလားတူဖြစ်ပွားခဲ့ကြောင်း ပြောဆိုထားသည်။
သာမန်ပြည်သူများသာမက တိုင်းပြည်ကို ဦးဆောင်နေသူများကြားတွင် မီဒီယာနှင့်ပတ်သက်ပြီး အသိပညာအမြင်မရှိခြင်းသည် မြန်မာအသိုင်းအဝိုင်းအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။
သတင်းတုပြသနာသည် မြန်မာနိုင်ငံတွင်သာ ဖြစ်ပျက်နေသည်မဟုတ်ပဲ ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသည့် ပြသနာတစ်ခု ဖြစ်သည်။ ဆင်းရဲချမ်းသာမရွေး ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျှက်ရှိသည်။ ၎င်းနိုင်ငံတိုင်းကလည်း သတင်းတုများကို တိုက်ဖျက်ရန် ကြိုးစားနေကြသည်။
စင်ကာပူ
စင်ကာပူတွင် သတင်းတုများဖြစ်ပွားခဲ့သည့် ဥပမာများရှိပါသည်။ ယခုလည်းဖြစ်ပွားနေဆဲဖြစ်သည်။ ဥပမာတစ်ခုမှာ အိမ်ရာတစ်ခုမှ ခေါင်မိုးပျက်စီးနေပြီဆိုသည့်သတင်းဖြစ်ပါသည်။ ထိုသတင်းသည် ခေါင်မိုးပျက်အဖြစ်ဖန်တီးထားသည့် ဓာတ်ပုံကိုအသုံးပြုပြီး အင်တာနက်ပေါ် ဖြန့်ချီလိုက်ရာ လူတော်တော်များများထံ ရောက်သွားပါသည်။ တာဝန်ရှိရဲများမှ ယင်းအိမ်ရာသို့ သွားရောက်စစ်ဆေးရာ သတင်းသည် လုပ်ကြံသတင်းအတုသာ ဖြစ်နေခဲ့သည်။
နောက်တစ်ခုမှာ ဆယ်ကျော်သက်လူငယ်လေးက တင်လိုက်သော ပိုစ့်တစ်ခုပဲဖြစ်ပါသည်။ ထိုပိုစ့်သည် ၂၀၁၅ ခုနှစ်တွင် ခေါင်းဆောင်လီကွမ်ယု ဆေးရုံတက်နေချိန် တင်လိုက်သည့် သတင်းတစ်ပုဒ်ပဲဖြစ်ပါသည်။ သတင်းသည် ဝန်ကြီးချုပ် လီကွမ်ယုမဆုံးမီ ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကို screenshot အတုလုပ်ပြီး သတင်းတင်လိုက်ခြင်းဖြစ်ပါသည်။ ပုံအတုလုပ်ပြီး သတင်းအတုပြုလုပ်ခြင်းဖြစ်သည်။ ၎င်းသတင်းတုကို ပြုလုပ်ခဲ့သူ မည်သူဖြစ်ကြောင်းကိုလည်း အစိုးရမှ စုံစမ်းသိရှိခဲ့ပါသည်။
“အဲဒီသတင်းရဲ့နောက်ကွယ်ကလူက ၁၅နှစ်သာရှိသေးတဲ့လူငယ်ပဲ။ သူက သတင်းဆိုက်အတုနဲ့ သတင်းအတုကိုဖန်တီးတယ်။ သူကိုယ်တိုင်လည်း ဝန်ခံတယ်။ သူက ဒေါသထွက်လို့ လုပ်တယ်လို့ပြောတယ်။ ဘာကြောင့်လဲဆို သူ့သူငယ်ချင်းတွေက အင်တာနက်ပေါ်က သူတို့ဖတ်သမျှကို ယုံကြည်ကြတယ်။ ဒါကြောင့် သူကသတင်းအတုလုပ်ရတာ ဘယ်လောက်လွယ်လဲဆိုတာကို သူ့သူငယ်ချင်းတွေကို ပြချင်လို့ လုပ်တာလို့ ပြောတယ်။ ကံကောင်းတာကတော့ အစိုးရက သူ့ကိုအရေးမယူခဲ့ဘူး။”ဟု Dr. Carol Soon ကပြောသည်။
Dr. Carol Soon သည် စင်ကာပူနိုင်ငံ မီဒီယာစာပေကောင်စီ၏ ဒုတိယဥက္ကဌဖြစ်သည်။ ပေါ်လစီပိုင်းနှင့်ပတ်သက်ပြီး သုတေသနပြုလုပ်နေသူလည်း ဖြစ်သည်။
သတင်းတုထုတ်လုပ်သည်မှာ ငွေကြေး၊ ဒေါသထွက်မှု၊ နိုင်ငံရေး စသည့် အကြောင်းများကြောင့် ထုတ်လုပ်ကြကြောင်း Dr. Carol Soon က ဆိုသည်။
စင်ကာပူနိုင်ငံသည် သတင်းအတုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကဲ့သို့ ဖောင်းပွမှုမရှိသော်လည်း ၎င်းတို့တွင် သတင်းတုနှင့်ပတ်သက်သည့် ဥပဒေတစ်ခုကို ၂၀၁၉ ခုနှစ် မေလတွင် အတည်ပြုခဲ့ကြသည်။ ယင်းဥပဒေတွင် သတင်းအတုဖြန့်ချီကြောင်း ထင်ရှားလျှင် စင်ကာပူဒေါ်လာ တစ်သန်းနှင့်ထောင်ဒဏ် (၁၀)နှစ်အထိ ပြစ်ဒဏ်ပေးနိုင်သည့် ပုဒ်မပါရှိသည်။ လူ့အခွင့်အရေးလှုပ်ရှားသူများက ၎င်းဥပဒေသည် အခွင့်အရေးတောင်းဆို ဆန္ဒထုတ်ဖော်သူများအတွက် ပြသနာဖြစ်လာနိုင်ကြောင်း ဝေဖန်ကြသည်။
World Press Freedom ၏ ၂၀၁၉ အစီရင်ခံစာအရ မီဒီယာလွတ်လပ်မှု တိုင်းတာချက် ၁၈၀နိုင်ငံတွင် စင်ကာပူနိုင်ငံသည် ၁၅၁၌ရှိသည်။
Dr. Carol Soon ၏ အစီရင်ခံစာအရ ၎င်းတို့နိုင်ငံတွင် အင်တာနက်အသုံးပြုသူများသည် You Tube ၇၅ရာခိုင်းနှုန်းခန့် သုံးစွဲကြပြီး Facebook ကို ၇၂ရာခိုင်နှုန်း၊ WhatsApp ကို ၆၇ရာခိုင်နှုန်းနှင့် Instagram ကို ၄၃ရာခိုင်းနှုန်းခန့် အသုံးပြုကြောင်းတွေ့ရသည်။
စင်ကာပူနိုင်ငံသားများအတွက်ဆိုလျှင် သတင်းအမှား ဟုတ်မဟုတ် စစ်ဆေးရသည်မှာ အလွန်လွယ်ကူးကြောင်းလည်း Dr. Lim Sun Sun က ဆိုသည်။
“စင်ကာပူက မြန်မာလို အရမ်းပြင်းပြင်းထန်းထန်းတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ စင်ကာပူအစိုးရက တော်တော်လေးကို ပြင်ဆင်ထားတယ်။ ဥပမာ ကျွန်မက အစိုးရနဲ့ပတ်သက်ပြီး သတင်းတုတစ်ခုရလိုက်တယ် ထားပါတော့ ဖုန်းယူပြီး သက်ဆိုင်ရာကို ချက်ချင်းဖုန်ဆက်ပြီး မေးမြန်းကြည့်လို့ ရတယ်။”ဟု Dr. Lim Sun Sun ကဆိုသည်။
Dr. Lim Sun Sun သည် နည်းပညာနှင့် ဒီဇိုင်းတက္ကသိုလ်၊ မီဒီယာနှင့်ဆက်သွယ်ဆက်ဆံရေးဌာန၏ ပါမောက္ခတစ်ဦးဖြစ်ပြီး မီဒီယာ literacy ကောင်စီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
လူမျိုးရေး၊ ဘာသာရေးကို အသုံးပြုပြီး သတင်းတုများ မပြန့်ပွားရန် စင်ကာပူနိုင်ငံတွင် ထိန်းချုပ်ထားသည့် အခြားဘာသာရေးနှင့် ပတ်သက်သည့် ဥပဒေတစ်ခုလည်း ရှိနေသေးသည်။
“စင်ကာပူအစိုးရက ကြိုတင်ပြင်ဆင်နေရတဲ့အစိုးရ ဟုတ်တယ်။ ပြသနာမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ချင်တာ။”ဟု Dr. Carol Soon ကဆိုသည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှားသည် လူဦးရေသန်း ၂၆၁သန်းရှိပြီး ကမ္ဘာစတုတ္ထ လူဦးရေအများဆုံးနိုင်ငံ ဖြစ်သည်။ မူဆလင်ဘာသာ လူဦးရေအများဆုံးဖြစ်သည့် နိုင်ငံဖြစ်သည်သာမက တိုင်းရင်းသားလူမျိုးစု ၃၀၀ကျော် အတူတကွနေထိုင်သည့်နိုင်ငံလည်း ဖြစ်သည်။
SSRN ဟု အမည်ရသည့် Information Disorder in Asia and the Pacific သုတေတန စစ်တမ်းအရ အင်ဒိုနီးရှားနိုင်ငံတွင် Facebook အသုံးပြုသူ ၁၂၆သန်းအထိရှိပြီး ကမ္ဘာတွင် တတိယအများဆုံး Facebook သုံးစွဲသည့်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။ Facebook တစ်ခုတည်း အသုံးပြုသည်မဟုတ် WhatApps, Twitter တို့ကိုလည်း အသုံးပြုများသည်။ ကမ္ဘာ့နံပါတ်(၅) Twitter အသုံးပြုသည့် နိုင်ငံအဖြစ်လည်း တွေ့ရသည်။
၂၀၁၆ကရေးသားထားသည့် BBC ၏ သတင်းတစ်ပုဒ်အရ အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေး၊ တိုင်းရင်းသားအရေး၊ အစိုးရတာဝန်ရှိသူများအကြောင်း သတင်းတုဖြန့်ဝေသည့်အဖွဲ့များမှ သံသယရှိသူ (၃)ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၉ သမ္မတရွေးကောက်ပွဲတွင်လည်း သမ္မတလောင်းနှစ်ဦး၏ ကောလဟာလ သတင်းတုများကို လူမှုကွန်ရက်စာမျက်နှာများတွင် တော်တော်များများပြန့်နှံ့ခဲ့သည်။
“2019 သမ္မတရွေးကောက်ပွဲကိုပြန်ကြည့်လျှင် နှစ်ဖက်အဖွဲ့ထံမှလာသော တစ်ယောက်အကြောင်းတစ်ယောက် ပုတ်ခတ်သည့် သတင်းတုများက အများကြီးပဲ။”ဟု CNN အင်ဒိုနီးရှားမှ Jafar Bau က ဆိုသည်။
သတင်းတုများကို တိုက်ဖျက်သည့် Mafindo အဖွဲ့အစည်းကလည်း နည်းပညာကုမ္ပဏီများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သတင်းတုများကို တိုက်ဖျက်နေသည်။ ကျောင်းများ၊ ဝန်ထမ်းများ၊ ပြည်သူများကို အင်တာနက်နှင့်ပတ်သက်သည့် ပညာပေးသင်တန်းများကိုလည်း လိုက်လံပြုလုပ်လျှက်ရှိသည်။
အင်ဒိုနီးရှားသည် Facebook နှင့်ပူးပေါင်းကာ အချက်အလက်များကို စစ်ဆေးပေးခြင်းကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများလည်း ရှိသည်။ သို့သော် သတင်းတုများကို ချေမှုန်းနိုင်ရန် စိန်ခေါ်မှုကကြီးနေဆဲဖြစ်သည်။
ပြင်သစ်
ပြင်သစ်သည် ၂၀၁၈ခုနှစ်တွင် သတင်းတုနှင့်ပတ်သက်ပြီး ဥပဒေနှစ်ခုပြဌာန်းခဲ့ပါသည်။ ရွေးကောက်ပွဲအတွင်း သတင်းတုများကို တိုက်ဖျက်ရန် ဥပဒေပြဌာန်းထားသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ထိုဥပဒေကို ရွေးကောက်ပွဲကာလအတွင်းသာ ကျင့်သုံးသည်။ ၂၀၁၇ သမ္မတရွေးကောက်ပွဲတွင် ရုရှား၏ဝင်ရောက်စွက်ဖက်မှုရှိသည်ဟု ပြောဆိုပြီးနောက် ၎င်းဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေသည် သတင်းတုများ ဖြန့်နေသည်ဟု ယူဆရသည့်နိုင်ငံခြားရုပ်သံလိုင်းများကို ရပ်နားနိုင်ရန် လုပ်ပိုင်ခွင့်များ ပေးထားသည်။
ဥပဒေကို ချိုးဖောက်သူ မည်သူမဆို ထောင်ဒဏ်တစ်နှစ်နှင့် ယူရိုငွေ ၇၅၀၀၀ ဒဏ်တပ်ခံရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။
ပြင်သစ်အပါအဝင် သတင်းတုနှင့်ပတ်သက်ပြီး ဥပဒေရှိသည့်နိုင်ငံများမှာ ဂျာမဏီ၊ ရုရှား၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ဖြစ်သည်။
Facebook နှင့် မြန်မာ
တစ်ခြားနိုင်ငံများနည်းတူ Facebook သည် ရာနှင့်ချီသည့် မြန်မာအကောင့်တု၊ page အတုများကို ဖယ်ရှားခဲ့ပါသည်။
“၂၄နာရီကို မနားတမ်း အလုပ်လုပ်တယ်။ ဘာသာစကားတော်တော်များများနဲ့ လုပ်တယ်။ ကျွန်တော်တို့ အကြောင်းအရာများကို စောင့်ကြည့်ရန် မြန်မာဝန်ထမ်းတွေလည်း ရှိတယ်။ မခိုင်လုံတဲ့ မမှန်ကန်တဲ့ သတင်းတွေကို စစ်ဆေးတာ။ မကြာသေးခင်ကပဲ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ပါကစ္စတန်က Facebook အကောင့်တော်တော်များများကို ဖြုတ်ချခဲ့တယ်။ ဟောင်ကောင် ဆန္ဒပြပွဲအတွင်းလည်း အလားတူ pages တွေကို ဖြုတ်ချခဲ့ရတယ်။ အဲဒါက မခိုင်လုံတဲ့ သတင်းတုတွေကို ကျွန်တော်တို့ဘက်မှ ကြိုးစားပြီး လုပ်ကိုင်နေတာပါ။”ဟု Aya က ဆိုသည်။
Aya Lowe သည် Strategic Partner Development, News Partnerships, APAC, Facebook and Instagram မှ ဖြစ်သည်။
Facebook သည် နိုင်ငံပေါင်း ၃၈နိုင်ငံမှ အချက်အလက်စစ်ဆေးသည့် partners ၅၅ဖွဲ့နှင့် ဘာသာစကား ၄၀ကျော်ဖြင့် အလုပ်ပေါင်းလုပ်နေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းမရှိသေးကြောင်း ဆိုသည်။
“မြန်မာနိုင်ငံမှာ third party မရှိတဲ့အတွက် မလက်ဖောင်းပေါ်မှာတက်လာတဲ့ သတင်းတုတွေ အမုန်းစကားတွေ အကုန်လုံးကို ဖယ်ရှားနိုင်တယ်လို့ ပြောဖို့တော့ ခက်တယ်။”ဟု Aya Lowe က ဆိုသည်။
မြန်မာနိုင်ငံ၏အခြေအနေ
မြန်မာနိုင်ငံတွင် စင်ကာပူ၊ ရုရုား၊ ပြင်သစ်နိုင်ငံများကဲ့သို့ သတင်းတုနှင့်ပတ်သက်သည့် ဥပဒေမရှိသော်လည်း မြန်မာနိုင်ငံတွင်လည်း ဆက်သွယ်ရေးဥပဒေ မီဒီယာဥပဒေများ ရှိနေပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ Facebook အသုံးပြုသူ ၁၈သန်းမှ ၂၀ခန့်ရှိနေသည်။ အသုံးပြုသူများလာခြင်းကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် သတင်းတုများ အမုန်းစကားများအတွက် အသံပိုကျယ်လောင်လာနိုင်ကြောင်း ဖော်ပြထားသည်။ ၎င်းကိစ္စများသည် ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုပြုလုပ်ရာတွင် အနှောင့်အယှက်၊ ဘေးဥပဒ်ရှိလာနိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ၆သန်းခန့်သာ ရှိခဲ့သည်။
ဦးဇေယျာလှိုင်က မြန်မာနိုင်ငံမှာလည်း သတင်းတုများကို တိုက်ဖျက်ရန်နှင့် ပညာပေးမှုများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းအချို့ ရှိကြောင်းပြောသည်။
“မြန်မာမှာလည်း social မီဒီယာနဲ့ပက်သက်ပြီး Phandeeryar, MIDOနှင့် Fifth Estate စသည့် အဖွဲ့တွေတော့ရှိတယ်။ ဒါပေမဲ့ နယ်ပယ်က သေးသေးလေးပဲလုပ်နိုင်တယ်။”ဟု ဦးဇေယျာလှိုင်က ဆိုသည်။
ပြီးတော့ မီဒီယာကောင်စီမှလည်း မီဒီယာကျင့်ဝတ်နှင့်မကိုက်ညီသည့် Facebook pages များ website များကို ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည်။ မီဒီယာကောင်စီအနေဖြင့် Facebook အဖွဲ့အစည်းနှင့်တွေ့ဆုံရန်လည်း ပြင်ဆင်ထားကြောင်း ဦးဇေယျာလှိုင်က ဆိုသည်။
ဦးဇေယျာလှိုင်က သတင်းတုများကို တိုက်ဖျက်ရန် နယ်ပယ်အားလုံးက ပါဝင်သင့်ကြောင်း ဆိုသည်။ လူထုများကို ပညာပေးခြင်း၊ မီဒီယာများမှတစ်ဆင့် သတင်းတုများကို ဖော်ပြမှုများ media literacy နှင့်ပတ်သက်ပြီး အသိပညာပေးခြင်များကိုသာ လုပ်သင့်ကြောင်းဆိုသည်။
မြန်မာ့မီဒီယာအရေးကို ကျွမ်းကျင်သူလည်းဖြစ်ပြီး မလေးရှားနိုင်ငံ Nottingham တက္ကသိုလ်မှ လက်ထောက် ပါမောက္ခ Gayatary Venkiteswarn က မြန်မာအစိုးရအနေနှင့် သတင်းတုများကို တိုက်ဖျက်ရန် နိုင်ငံရေးနှင့် မီဒီယာ အသိပညာအမြင်ဖွင့် လုပ်ငန်းများဖြင့် ဖြေရှင်းသင့်ကြောင်း အကြံပြုသည်။
“Facebook ကို တစ်ရက်ပိတ်ရင် ပိတ်နိုင်မယ်။ ဒါပေမဲ့ ဒါက အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး။ ဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံရေးအရဖြေရှင်းမှုတွေ ရှိသင့်တယ်။”ဟု ၎င်းက ဆိုသည်။
မြန်မာ့ဒီမိုကရေစီသည် ထိလွယ်ရှလွယ် ရှိနေဆဲဖြစ်ပြီး မည်သူမှလည်း ဒီသတင်းတုများကြောင့် တိုင်းပြည်ကို ပိုဆိုးသည်ဘက်ကို မရောက်စေလိုသည်မှာ အမှန်ပင်ဖြစ်သည်။
“သတင်းတုနှင့်သတင်းအမှားပေးခြင်းက ဒီမိုကရေစီပြောင်းလဲမှုကို နောက်ကိုဆွဲသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီသတင်းတုတွေကြောင့် ဒီမိုကရေစီလမ်းစဉ်အတွက် ရှေ့ဆက်ဆုံးဖြတ်ချက်ချရာမှာ ဝေဝါးသွားနိုင်တယ်။”ဟု ဦးဇေယျာလှိုင်က ဆိုသည်။
(Maran participated in the Asian Journalism Fellowship at Institute of Policy Studies, National university of Singapore and funded by Temasek Foundation.)