ဖော်ဆောင်နေဆဲ ရူနိုဒန်စစ်ဆင်ရေးနှင့် ၂၀၂၄ ၏ စစ်ရေးရလဒ်များ
စစ်ရေးသုံးသပ်ချက်ဆောင်းပါး။ By KW. 16 January 2025
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ပထမဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ နံနက်တွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို KIA က သွားရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း လိုင်ဇာမြို့နှင့် မိုင်နှစ်ဆယ်ကျော်သာဝေးသော မိုးမောက်မြို့နယ်ရှိ အလောဘွမ် (Alaw Bum) ဗျူဟာကုန်းကြီးအား သိမ်းပိုက်ခဲ့သည့် တိုက်ပွဲကလွဲလျှင်၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ မတိုင်မီကာလအထိ သိသာထင်ခြားသော စစ်ဆင်ရေးဖော်ဆောင်မှုများကို မတွေ့ခဲ့ရပေ။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကျမှ တစ်ပြည်လုံးအတိုင်းအတာ ဖော်ဆောင်သည့် စစ်ဆင်ရေး၏ စနက်တံအစကို မြင်တွေ့ခဲ့ရသည်။
အာဏာသိမ်းပြီးနောက် KIO/KIA ၏ စစ်ရေးလှုပ်ရှားမှုများကို လေ့လာသုံးသပ်ကြည့်လျှင် စစ်ကောင်စီတပ်ကြောင့် ပြည်သူလူထု၏ အသက်သွေးမြေကျခဲ့ရသည့် ရက်စွဲများနှင့် မရှေးမနှောင်းမှာပဲ စတင်လေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။
၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဆယ်ဇင်းကျေးရွားအနီးရှိ စစ်ကောင်စီတပ်စခန်းကို KIA တပ်ရင်း (၆) က သွားရောက်တိုက်ခိုက်ခဲ့သောနေ့သည် မတ်လ ၈ ရက်နေ့၌ မြစ်ကြီးနားလူထုသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ကိုဇင်မင်းထက် (ခ) ဖိုးလုံး နှင့် ဦးကိုကိုလေး (ခ) ချိုးသားတို့နှစ်ဦး သေဆုံးခဲ့ပြီးနောက်နှစ်ရက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အလားတူ စစ်ကောင်စီ၏ ပြင်းအားကြီး လက်နက်ပစ်ခတ်မှုကြောင့် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများ အစုအပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် (၁၁) ရက်အကြာ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့တွင် မြစ်ကြီးနား – ဗန်းမော်လမ်း နမ်ဆန်ယန်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ အရေးပါသည့် လိုင်လွမ် (အောင်ဂျာ) စခန်းကုန်းကြီးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၎င်းစခန်းကုန်းအနီး ဝန်းကျင်နယ်မြေဖြစ်သော မြစ်ကြီးနား – ဗန်းမော် ကားလမ်း၊ နမ်ဆန်ယန် (Nam San Yang) ကျေးရွာထိပ်၌ ဇူလိုင် ၃ ရက်နေ့၌ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ရာမှစ၍ ကချင်ပြည်နယ်တွင် ၂၀၂၃ နှစ်ကုန်ပိုင်းအထိ စစ်ရေးအရှိန်တက်နေခဲ့သည်။
ကချင်လွတ်လပ်ရေးတပ် (KIA) သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများအနေဖြင့် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ပစ်သတ်ဖြိုခွင်းမှုများ မဖြစ်ပေါ်အောင် ထိန်းသိမ်းရှောင်ရှားသွားရန်နှင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် ကြားဝင်ဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်လာမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (Peace-talk Creation Group – PCG) မှတဆင့် သတင်းစကားပါးခဲ့သည်ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က သတင်းမီဒီယာများကို ထိုအချိန်က ပြောဆိုခဲ့သည်။ သို့သော် အာဏာသိမ်းစစ်ကောင်စီက ရဲနဲ့စစ်တပ်တို့၏ လုပ်ဆောင်မှုများတွင် KIO ပါဝင်စွက်ဖက်မှုမပြုရန်၊ ပါဝင်စွက်ဖက်မှုများရှိလာလျှင် အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်မည်ဖြစ်ကြောင်း (ရာဇသံပေး) တုံ့ပြန်လာသည်ဟု သိခဲ့ရသည်။
စစ်ကောင်စီ အာဏာသိမ်းစ ကာလတွင် KIA နှင့် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှု ငြိမ်နေခဲ့ပြီး၊ မဟာမိတ်အဖွဲ့ဖြစ်သော အာရက္ခတပ်တော် (AA) နှင့်လည်း စစ်တပ်က အပစ်ရပ်ရေးဆွေးနွေးကာ တိုက်ပွဲငြိမ်နေခဲ့သည့် ကာလဖြစ်သည်။
သို့သော်လည်း KIO က စစ်ကောင်စီ၏ အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သော ရာဇသံကိုကြားသိရပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် “အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ အားလုံးကို ကြိုဆိုပါကြောင်း” ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာခြင်းသည် KIA ၏ ထောက်ပံ့မှုကြောင့် ဖြစ်သည်ဟုဆိုကာ KIO/KIA ဌာနချုပ် လိုင်ဇာမြို့၏ ရှေ့တန်းစစ်မျက်နှာသို့ ထိုးစစ်ဆင်ရန် စစ်ရေးလှုပ်ရှားလာခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လမှစတင်ပြီး စစ်ကောင်စီက စစ်ကိုင်းတိုင်း၏ စစ်မီးအညှာ KIA ဌာနချုပ်ကို ရှင်းထုတ်ရမည်ဆိုသော ၎င်းအားထောက်ခံသူများ၏ တိုက်တွန်းချက်နှင့်အတူ ထိုးစစ်ဆင်ရန် လှုပ်ရှားလာခဲ့သည်။
- နွေးဦးတော်လှန်ရေး အောင်မြင်ဖို့ခရီး နီးမလား၊ ဝေးမလား မြင်တွေ့ရမယ့် နှစ်တစ်နှစ်
- ကချင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေ
- မျှော်လင့်ချက်ပေး မိန့်ခွန်းများထက် လက်တွေ့ဖော်ဆောင်သွားမည့် လုပ်ဆောင်ချက်များနှင့် ဖြစ်ပေါ်လာမည့် ရလဒ်များကို စောင့်ကြည့်လိုသည့် နှစ်တစ်နှစ်
- စစ်ကောင်စီတပ် စစ်မာန်စွယ်ကျိုးခဲ့ရသောနှစ်
- KIA ရဲ့ စစ်ရေးသမိုင်းမှာ အကြီးမားအကျယ်ပြန့်ဆုံး စစ်ဆင်ရေး မြင်တွေ့ရတဲ့ (၆) လတာ
၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် စခဲ့သည့် နမ်ဆန်ယန် (Nam San Yang) ကျေးရွာထိပ်၌ စတင်ခဲ့သော တိုက်ပွဲမှစတင်၍ မြစ်ကြီးနား – ဗန်းမော်လမ်းကြောတွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကို KIA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က လနှင့်ချီခုခံနေသည်။ သို့သော် အောက်တိုဘာလ ၉ ရက်နေ့ည၌ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု ဖြစ်ပွားပြီးနောက်မှ နမ်ဆန်ယန်ကျေးရွာအနီးရှိ လိုင်လွမ် (အောင်ဂျာ) စခန်းကုန်းကြီးကို KIA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
၎င်းလိုင်လွမ်(အောင်ဂျာ) စခန်းသိမ်းတိုက်ပွဲ နောက်ပိုင်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို အရှိန်အဟုန်နှင့် တွေ့မြင်လာရသည်။ စစ်ဆင်ရေးကို အများပြည်သူ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်မှာ ဗဟိုဌာနချုပ်၏ ရှေ့တန်းစစ်မျက်နှာဖြစ်သည့် မြစ်ကြီးနား – ဗန်းမော် လမ်းကြောတစ်လျှောက်ရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းများကို တစ်ပြိုင်းတည်း ထိုးစစ်ဆင်ဖော်ဆောင်ခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့နောက်ပိုင်း ဖြစ်သည်။
ထိုသို့ စစ်ဆင်ရေး အရှိန်အဟုန်မြင့်တင်လာသည့် ၂၀၂၄ ခုနှစ်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ထူးခြားသောအပြောင်းအလဲ ဖြစ်လာနိုင်သည့်နှစ်ဟု KIO ဥက္ကဌက ပြောကြားခဲ့သည်။ KIO/KIA သည် အထူးစစ်ဆင်ရေးဆောင်ရွက်နေသည်ဟု ဩဂုတ်လ ၁၀ ရက်နေ့၊ ကချင်အာဇာနည်နေ့မိန့်ခွန်းမှတဆင့် ပြည်သူလူထုကို KIO ဥက္ကဌက ပြောကြားခဲ့သည်။ ၎င်းအထူးစစ်ဆင်ရေးသည် အာဏာရှင်စနစ် ပင်မအမြစ်ဖြတ်စစ်ဆင်ရေး (Ru Nu Dan Majan Masing – ရူနိုဒန်) ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၅ ရက်နေ့၊ KIO ဖွဲ့စည်းခြင်း (၆၄) နှစ်ပြည့်မိန့်ခွန်းကျမှ အများပြည်သူကို အသိပေးခဲ့သည်။
လက်ရှိအချိန်အထိ KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ကချင်ပြည်နယ်ရှိ မြို့နယ်အဆင့်မြို့ (၆) မြို့၊ မြို့နယ်ခွဲ သို့မဟုတ် မြို့ငယ် (၈) မြို့နှင့် တပ်စခန်းပေါင်းအနည်းဆုံး (၁၆၉) သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ကို Kachin Waves ၏ စစ်ရေးသတင်း စောင့်ကြည့်လေ့လာမှုအရ တွေ့ရသည်။ ထို့အပြင် အပြီးသတ် မသိမ်းပိုက်နိုင်သေးသော်လည်း နယ်မြေစိုးမိုးထိန်းချုပ်မှု အများပိုင်းပြုလုပ်ထားနိုင်သည့် မြို့နယ်အဆင့်မြို့ (၄) မြို့ ရှိသည်ကိုလည်း တွေ့ရသည်။ ယခုဖော်ပြထားသည့် တပ်စခန်းများ သိမ်းပိုက်မိုင်မှု အရေအတွက်သည် Kachin Waves ၏ သတင်းစောင့်ကြည့်မှုမှ ရရှိသည့် အချက်အလက်သာဖြစ်ပြီး၊ အမှန်တကယ် သိမ်းပိုက်နိုင်သည့် တပ်စခန်းများမှာ သည်ထက်မက များနိုင်ကြောင်း အသိပေးလိုသည်။ ယခုလို စစ်ရေးရလဒ်များနှင့် ပတ်သက်သော KIA ၏ တရားဝင် ထုတ်ပြန်ကြေညာချက်ကိုတော့ မတွေ့ရသေးပေ။ KIO/KIA သိမ်းပိုက်ခဲ့သော အဆိုပါဒေသများတွင် ယခင်စစ်အစိုးရ လက်ထက်ကတည်းက ကချင်ပြည်နယ်အထူးဒေသ (၁) ဟု သတ်မှတ်ခဲ့သော ဒေသတစ်ခုလုံးလည်း ပါဝင်ပြီး၊ ကချင်အထူးဒေသ (၁) သတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း KIO က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။
ကချင်ပြည်နယ်အထူးဒေသ (၁) ကို ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army – Kachin) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရကြား ငြိမ်းချမ်းရေးယူပြီးနောက် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ New Democratic Army – Kachin (NDAK) သည် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။
သိမ်းပိုက်ထားနိုင်သော မြို့နယ်အဆင့်ရှိသည့်မြို့များမှာ အင်ဂျန်းယန်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ မိုးမောက်မြို့၊ ချီဖွေမြို့၊ ဆော့လော်မြို့နှင့် မံစီမြို့များဖြစ်သည်။ မြို့နယ်ခွဲ သို့မဟုတ် မြို့ငယ်များမှာ ဖီမော် နယ်စပ်မြို့၊ ပန်ဝါ နယ်စပ်မြို့၊ ကံပိုင်တည် နယ်စပ်မြို့၊ ဆဒုံးမြို့၊ ဆင်ဘိုမြို့၊ ဒေါ့ဖုန်းယန်မြို့၊ လွယ်ဂျယ် နယ်စပ်မြို့နှင့် မြို့လှမြို့များ ဖြစ်သည်။ နယ်မြေစိုးမိုးထိန်းချုပ်မှု အများပိုင်းပြုလုပ်ထားနိုင်သည့် မြို့များမှာ ဖားကန့်မြို့၊ ဝိုင်းမော်မြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့နယ်များ ဖြစ်သည်။
KIO/KIA သည် ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ရေးဖော်ဆောင်မှု ပြုလုပ်ခဲ့ပြီး၊ မြို့နယ်အဆင့်မြို့ဖြစ်သည့် မဘိမ်းမြို့အပါအဝင် အခြားကျေးရွာနှင့် စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ မိုးမိတ်မြို့ကို ၂၀၂၄ ဇန်နဝါရီလတွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြသော်လည်း အပြီးသတ်သိမ်းပိုက်ခါနီးကျမှ ထိုးစစ်ကိုဆုတ်ခွာခဲ့ရသည်။ ထို့နောက် ဇူလိုင်လတွင် TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း မိုးမိတ်မြို့ကို တိုက်ခိုက်သိမ်းပိုင်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA (တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်)၊ MNDAA ကိုးကန့်တပ် (မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) အဖွဲ့နှစ်ဖွဲ့နှင့် KIA (ကချင်လွတ်လပ်ရေးတပ်မတော်) တို့ကြား မကြာခဏ မြေပြင်အငြင်းပွားမှု ပြဿနာများ ပေါ်ပေါက်နေသည်ကို ၂၀၁၄ ခုနှစ်အတွင်း ပိုမိုတွေ့မြင်ခဲ့ရသည်။
၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ခဲ့သော တပ်စခန်းများမှာ ဧရာဝတီမြစ်၏ အခြေဘက်ခြမ်းရှိ တပ်စခန်းများ အများဆုံးဖြစ်ပြီး၊ လက်ရှိလည်း ဧရာဝတီအရှေ့ဘက် မြစ်ကမ်းနံဘေးရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေဆဲ ဖြစ်သည်။
ခြုံကြည့်လျှင် KIO/KIA နှင့် ပူးပေါင်းအဖွဲ့သည် (၁၈) မြို့နယ်ဖြင့် ဖွဲ့စည်းထားသော ကချင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းတွင် (၈၀) ရာခိုင်နှုန်း သိမ်းပိုက်နိုင်ခဲ့ပြီး၊ ပြည်နယ်တစ်ခုလုံး၏ (၅၀) ရာခိုင်နှုန်းကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ သို့ဖြစ်၍ KIO/KIA ၏ ရူနိုဒန်စစ်ဆင်ရေး (ပင်မအမြစ်ဖြတ်စစ်ဆင်ရေး) ကို ဆက်လက် ဖော်ဆောင်သွားလျှင် ၂၀၂၅ ခုနှစ်အတွင်း ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများ ထပ်မံမြင်တွေ့လာနိုင်သည်။