လေတပ်ဗိုလ်ကြီးတစ်ဦးနဲ့ ဒုအရာခံဗိုလ်တစ်ဦးကို PLA တပ်က ပစ်ခတ်ရှင်းလင်းခဲ့
–
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လေတပ်ဗိုလ်တစ်ဦးနဲ့ ဒုအရာခံဗိုလ်တစ်ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အမှတ် – ၈၁၅ (အနောက်မြောက်စစ်ဒေသ) က ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ PLA တပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၇ နာရီလောက်လောက်မှာ တောင်သာမြို့အနောက်ဘက် ရွာတစ်ရွာမှာ လက်ဖက်ရည်ဆိုင် ထိုင်သောက်နေချိန် ပစ်ခတ်ခဲ့တာလို့ PLA တပ်ရဲ့ အမှတ် (၈၁၅) တပ်ရင်း (အနောက်မြောက် စစ်ဒေသ)က တာဝန်ရှိသူက ပြောပါတယ်။
“တောင်သာမြို့နယ် အနောက်ဘက်က ရွာတစ်ရွာမှာ လေတပ်ဗိုလ်ကြီးတယောက် လက်ဖက်ရည် လာသောက်လေ့ရှိတယ်ကြားလို့ ကျနော်တို့ လျှို့ဝှက်စောင့်ဆိုင်းပြီး ဖမ်းမလို့လုပ်တာ။ ထွက်ပြေးတာနဲ့ ပစ်လိုက်ရတာပါ။ ပစ်ပြီးတာနဲ့ သူ့သေနတ်ကောက်ပြီး ချက်ချင်း ပြန်ဆုတ်လာခဲ့တာပါ။”လို့ ဆိုပါတယ်။
ပစ်ခတ်ခံခဲ့ရတဲ့သူတွေဟာ မိတ္ထီလာ ရှမ်းတဲလေတပ်က လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနဲ့ သူ့တပည့်ဖြစ်သူ ဒုအရာခံဗိုလ် ပြည့်ဖြိုးအောင်တို့ဖြစ်ပြီး၊ အလောင်းကိုတော့ မိတ္ထီလာ လေတပ်ထဲကိုပဲ ပြန်သယ်ဆောင်သွားကြတယ်လို့ ပြောပါတယ်။
လေတပ်ဗိုလ်ကြီးကိုင်ဆောင်ခဲ့တဲ့ MA 5 MK ၁လက်၊ ကျည် ၂၉ ထောင်၊ ကျည်ဘောက် ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို PLA က ရရှိခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ တောင်သာမြို့နယ်နဲ့ မိတ္ထီလာလေတပ်ဟာ (၃၈) မိုင် ကွာဝေးပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့တွေ ပြင်နေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူရွာက ကင်းပတ်နေတဲ့ ပျူစောထီးတွေကို PLA၊ အမှတ် (၈၁၅) တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) ကပဲ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ခေါင်းဆောင် အပါအဝင် ပျူစောထီး (၂) ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း သိရပါတယ်။