ကချင်နယ်စပ်ဒေသထွက် ကြံတွေကို တရုတ်ကုမ္ပဏီဘက်က ဈေးနှိမ်ဝယ်နေတာကြောင့် ကြံစိုက်တောင်သူတွေ အခက်ကြုံနေရတယ်လို့ပြော
–
ကိုဗစ်ရောဂါ အကြောင်းပြပြီး ဈေးနှိမ်ဝယ်ခဲ့တဲ့ကြံဈေးကို ပြန်လည်တိုးမြင့်ပေးရန် တောင်းဆိုပေမဲ့ တရုတ်ကုမ္ပဏီဘက်က သဘောမတူတာကြောင့် ကချင်နယ်စပ်ဒေသက ကြံစိုက်တောင်သူတွေ အခက်ကြုံနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တရုတ်ကုမ္ပဏီနဲ့ နှစ်ဖက်သဘောတူညီချက် စာချုပ်အရ KIO ရဲ့ အရှေ့ပိုင်းတိုင်း ထိန်းချုပ်နယ်မြေ နယ်စပ်ဒေသရှိ ကြံခင်းတွေကနေ ထွက်ရှိတဲ့ကြံတွေကိုလည်း တရုတ်ပြည်တွင်းမှာပေးတဲ့ ဝယ်ဈေးအတိုင်း ကုမ္ပဏီဘက်က ဝယ်ယူပေးရန်ပါရှိပေမဲ့ စာချုပ်အတိုင်း ဝယ်ယူပေးတာ မရှိဘူးလို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ တရုတ်ဘက်က နယ်စပ်ဂိတ်တွေကနေ ကုန်စည်တင်သွင်းမှုတွေကို တားမြစ်ခဲ့တဲ့အတွက် ကြံကိုအဓိကစိုက်ပျိုးနေတဲ့ ကချင်နယ်စပ်ဒေသ ကြံစိုက်တောင်သူတွေဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး၊ ကုမ္ပဏီဘက်ကလည်း ကုန်ကျစာရိတ် ပုံမှန်အချိန်ထက် မိုပိုကုန်ကျရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဈေးနှိမ်ပြီးဝယ်ခဲ့တယ်လို့ ကြံစိုက်တောင်သူတွေက ပြောကြပါတယ်။
ကိုဗစ်-၁၉ ကာလမှာ ခက်ခဲခဲ့တဲ့အကြောင်းကို နယ်စပ်ဒေသ ကြံစိုက်တောင်သူတစ်ဦးက အခုလို ပြောပါတယ်။
“နယ်စပ်ခြံစည်းရိုး ကာလိုက်တာက ပြဿနာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာက တရားဝင်နယ်စပ်ဂိတ်ကနေ ကားကြီးတွေနဲ့ တင်ပို့ရတာဖြစ်လို့။ ဒီရောဂါကြောင့် တရုတ်ဘက်မှာ Lock down ဆိုရင်တော့ ကျနော်တို့ဘက်က ဘာမှလုပ်လို့ မရတော့ဘူး။ အဲ့သလိုတွေကြောင့် အခက်အခဲတွေက အများကြီးပဲ၊ ဒီနယ်စပ်တကြောမှာက။ ကျနော်တို့က အဲ့ဒီ (ကြံစိုက်ခင်း) မှာပဲ အားလုံးထည့်ထားတာ။ ကျောင်းသားတွေဆိုရင်လည်း ကျောင်းပိတ်ချိန်တွေမှာ နေ့စားဝင်လုပ်ပြီး ကျောင်းစာရိတ်လောက်တော့ ရှာယူလို့ရခဲ့တယ်။ ဆန်ကတော့ ထားလိုက်ပါတော့ ရေဖိုးမီးဖိုးတွေကအစ မိသားစုမှာတော့အရမ်းကို ခက်ခဲသွားတယ်။”လို့ ၂၀၂၂ ခုနှစ် ကိုဗစ်-၁၉ ဖြစ်ပွားခဲ့တဲ့ကာလမှာ ကြံစိုက်တောင်သူတစ်ဦးက Kachin Waves ကို ပြောပြခဲ့ပါတယ်။
ကြံစိုက်တောင်သူတွေ ကိုယ်စားဖွဲ့စည်းထားတဲ့ ကြီးကြပ်ရေးကော်မတီကနေတဆင့် ကြံဈေးကို တိုးမြင့်သတ်မှတ်ပေးရန် တရုတ်ကုမ္ပဏီနဲ့ ဒီနှစ် ဒီဇင်ဘာလမှာ ညှိနှိုင်းပေးခဲ့ပေမဲ့ ကုမ္ပဏီဘက်က သဘောမတူတဲ့အတွက် ကြံခုတ်တင်ပို့ရန် တောင်သူတွေက အခက်အခဲ ဖြစ်နေကြောင်း သိရပါတယ်။
ကုမ္ပဏီဘက်က ကြံတစ်တန်အတွက် တရုတ်ယွန်ငွေ ၄၅၀ – ၄၈၀ ကြား ပေးဝယ်ခဲ့ပြီး၊ ကိုဗစ်ရောဂါဖြစ်ပြီးနောက် သယ်ယူရေးစာရိတ်ကုန်ကျမှုကို အကြောင်းပြပြီး ၃၈၀ – ၃၉၀ ကြားသာ ဈေးပေးခဲ့ကြောင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။ ကိုဗစ်မဖြစ်ခင် ပေးခဲ့တဲ့ဈေးနဲ့ ကိုဗစ်ဖြစ်ပြီးနောက် ကုမ္ပဏီဘက်ကပေးတဲ့ဈေးဟာ ယွန်ငွေ ၆၀ ကနေ ၁၀၀ ထိကွာဟ သွားတဲ့သဘော ဖြစ်ပါတယ်။
ဈေးထပ်တိုးမပေးပေမဲ့ Kying Hkan ခေါ် တရုတ်သကြားစက်ရုံက နယ်စပ်ဒေသကြံခင်းတွေကို လာမယ့် မတ်လ နှစ်ဆယ်ကျော်မှာအပြီး ခုတ်သိမ်းရန် ပြောဆိုလာကြောင်း သိရပါတယ်။ ကချင်ပြည်နယ် နယ်စပ်ဒေသက တောင်သူတွေဟာ စပါးထက်ကြံကို အဓိက စိုက်ပျိုးလာခဲ့တာ ဆယ်နှစ်ကျော်၊ နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။