နမ္မတီးရောက် စစ်ဘေးဒုက္ခသည်များ အကူအညီများစွာ လိုအပ်နေ
နမ္မတီးတွင် ရောက်ရှိခိုလှုံနေသည့် ကဆုန့်နှင့် ဇွမ်မိုင်ကျေးရွာမှ တကျော့ပြန် စစ်ဘေးဒုက္ခသည်များသည် (နွေရာသီ)ရေခမ်းချိန်ဖြစ်သည့်အတွက် သောက်သုံးရေ ခက်ခဲမှုများစွာရှိနေပြီး အခြားအကူအညီများလည်း များစွာလိုအပ်နေကြောင်း နမ္မတီး လမ်းခွနှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ လရိန်ကဆိုသည်။
“တစ်ရွာလုံး ရေးခမ်းနေတဲ့အချိန်ဆိုတော့ သောက်သုံးရေ တော်တော်ခက်နေတယ်။ ရေပြသနာ တော်တော်များများတက်နေတယ်။ လူကများတော့ အခြားအကူအညီလည်းများစွာ လိုအပ်နေတယ်”ဟု ဆရာလရိန်ကဆိုသည်။
စစ်ဘေးဒုက္ခသည်ကများပြီး စေတနာဖြင့် လာရောက်ကူညီသည့် အလှူရှင်များလည်း နည်းပါးသည့်အတွက် စားဖို့သောက်ဖို့ သာမက အခြားအခက်အခဲများစွာ ရှိနေကြာင်း ဆိုသည်။
“စားဖို့သောက်ဖို့လည်း မနှစ်က သြဂုတ်လတုန်းကတော့ အားလုံးဝိုင်းဝန်းပြီးမှ စေတနာရှင်တွေ ဝိုင်းဝန်းထောက်ပံ့ခဲ့ကြတယ်။ ဒီတစ်ခေါက်က တော်တော်ခက်တယ်။ နေဖို့ထိုင်ဖို့လည်း အဆင်မပြေဘူး။ သောက်သုံးရေလည်း ဟိုတစ်ခါက အများကြီးလာပေးတဲ့သူလည်းရှိတယ်။”ဟု ဆရာလရိန်က ဆက်လက်ဆိုသည်။
လက်ရှိအချိန် နမ္မတီးတွင် ကဆုန့်၊ ဇွပ်မိုင် စသည့်ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များ အယောက် ၉၀၀ ခန့်သည် စခန်းသုံးခုခွဲပြီး နေထိုင်လျှက်ရှိသည်။
“မိုင်းသံတွေကြား၊ လေယာဉ်ပျံကနေ မိုင်းတွေပစ်ချဆိုတော့၊ စစ်ကြောင်းတွေ ထိုးပြီး ကြောက်ပြီးမှ ထွက်ပြေးခဲ့တာပါ။ လမ်းမှာလည်း အရမ်းခက်တယ်။ ကလေးက ပိုးရတာနဲ့ ပလိုင်းက လွယ်ရတာနဲ့၊ ကလေးက နို့ဆာရင်နို့တိုက်ရသေးတယ်။”ဟု ဇွမ်မိုင်ကျေးရွာမှ ယခုနမ္မတီးမြို့ဦး ကစ်ကလစ်ဘုရားကျောင်းတွင် ရောက်ရှိခိုလှုံနေသူ ကလေး ၄ယောက်မိခင် ဒေါ်ဂျာပန်ကဆိုသည်။
အဆိုပါ ကဆုန့်ပြည်သူများသည် လွန်ခဲ့သည့်နှစ် ၂၀၁၇၊ သြဂုတ်လ ၁၁ရက်နေ့၌ တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၁တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က နမ္မတီးသို့ ထွက်ပြေးခဲ့ရပြီးနောက် ဘာသာရေးခေါင်းဆောင်များနှင့် PCGအဖွဲ့တို့က အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ သြဂုတ်လ ၂၂ ရက်နေ့တွင် မူလရွာဖြစ်သည့် ကဆုန့်ကျေးရွာသို့ ပြန်လည်နေထိုင်ခဲ့သူများဖြစ်သည်။ ပထမဆုံးနေရပ်ပြန်နိုင်ခဲ့ကြသည့် ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ကြသည်။
သို့သော် ၂၀၁၈ ဧပြီလ ၂၀ရက်နေ့မှစတင်ပြီး မိုးကောင်းမြို့နယ် ကဆုန့်ရွာဘက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာသဖြင့် တဖန်ပြန်လည် ထွက်ပြေးတိမ်းရှောင်နေရသူများ ဖြစ်သည်။