မျက်မမြင်နှင့် ခြေထောက်မသန်သူ နှစ်ဦးရဲ့ ၃ရက်ကြာ တကျော့ပြန် အသက်လုပွဲ
မရန်
ဧပြီ ၂၄
ကလေးသုံးယောက်ဖခင် မျက်မမြင်တစ်ဦးဖြစ်သူ တကျော့ပြန် စစ်ဘေးဒုက္ခသည် ဦးဆိုင်းအောင်သည် တောထဲတောင်ထဲ ချောင်းရေများကို ဖြတ်လျှောက်ရပြီးနောက် သုံးရက်မြောက်နေ့မှ မြစ်ကြီးနားမြို့နယ် နမ်ကျင်းကျေးရွာသို့ ရောက်ရှိလာခဲ့ပါသည်။
သူသည် နမ်ကျင်းကျေးရွာသို့ ရောက်ရှိချိန်တွင် ကချင်ပြည်နယ် လဝကမှ စစ်ဆေးကာ မိသားစုဓာတ်ပုံများ ရိုက်ယူပြီးနောက်၊ နမ္မတီးမြို့ မြို့ဦးရပ်ကွက်ရှိ ကစ်သလစ်ဘုရားကျောင်း၌ ခိုလှုံလျှက်ရှိပါသည်။
အဆိုပါဇွပ်ရာ ကျေးရွာဒေသခံများသည် ၂၀၁၇ သြဂုတ်လတုန်းကလည်း ကဆုန့်ပြည်သူများနှင့်အတူ ထွက်ပြေးတိမ်ရှောင်ခဲ့ရပြီးနောက် တိုက်ပွဲငြိမ်သက်သွားသဖြင့် နေရပ်ပြန်ခဲ့ကြသည်။
နေရပ်ပြန်ပြီး နေထိုင်သည့် (၈)လတာကာလတွင် တဖန်ပြန်လည်ထွက်ပြေးခဲ့ရသည့် ရွာသားများထဲမှ မျက်မမြင်တစ်ဦးဖြစ်သူ ဦးဆိုင်းအောင်အတွက်တော့ ယခုတစ်ခေါက် စစ်ပြေးရသည်မှာ အခက်အခဲပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ရသည်။ ယခင်တစ်ခေါက် ထွက်ပြေးစဉ် ဆင်နဲ့သယ်ဆောင်ပေးခဲ့သည့်အတွက် ယခုတစ်ခေါက်လောက် ပင်ပန်းခက်ခဲခြင်း မရှိခဲ့ကြောင်း ဆိုသည်။
“ကျွန်တော်က ဒီတိုင်းလမ်းလျှောက်တယ်ဆိုတော့။ ခြေသလုံးတွေကလည်း သစ်ပင်တွေနဲ့တိုက်မိပြီး အကုန်ရောင်ကုန်ပြီ။ ကုန်းတက်တွေမှာလည်း ခဏခဏလဲကျခဲ့တာ။”ဟု မျက်မမြင် ဦးဆိုင်းအောင်က တောတောင်တွေကိုဖြတ်ပြီး ၃ရက်ကြာ လမ်းလျှောက်ခဲ့သည့် အတွေ့အကြုံကို ပြောပြသည်။
ဦးဆိုင်းအောင်သည် မြို့ဦးဘုရားကျောင်းဝင်းရှိ ဟောခန်းမှ သမံတလင်းပေါ်တွင် ခင်ထားသည့် မိုးကားပေါ်ထိုင်နေပြီး ၎င်းဖြတ်သန်းခဲ့ရသည့် စစ်ပြေးခရီးစဉ်အကြောင်းကို ပြန်လည်ပြောပြနေခြင်းဖြစ်သည်။
“ငါ့သမီးအကြီးပဲ ရှေ့ကနေ တုတ်နဲ့ဆွဲတာ။ တောင်ပေါ်တက်လည်း ဒီတိုင်းတက်တယ်။ အောက်အဆင်းတွေမှာ ပိုခက်တယ်။ နောက်ဆုံးတော့ ခြေပန်းကျသွားတယ်။ လမ်းနည်းနည်းမှ ထပ်မလျှောက်ချင်တော့ဘူး။ လျှောက်လည်း မလျှောက်နိုင်တော့ဘူး။”ဟု ဦးဆိုင်းအောင်ကဆိုသည်။
သူတို့သည် တပ်မတော်စစ်ကြောင်း ကျေးရွာနားသို့ ရောက်လာပြီး လေယာဉ်များဖြင့်လည်း ဗုံးကျဲခဲ့သည့်အတွက် ဧပြီလ ၂၀ရက်နေ့ နေ့လည်ကတည်းက တောဘက်သို့ စတင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကို ဦးဆောင်သူ ဆရာ ဒူးပီတာဆိုင်းဘူကဆိုသည်။
“ဒီတစ်ခေါက်ပြေးတာက တော်တော်ဒုက္ခရောက်တယ်။ ညဆိုလည်းကြောက်လို့ မအိပ်တော့ဘူး။ လမ်းကတောလမ်း တောင်တက်တောင်ဆင်းပဲဆိုတော့ ကလေးတွေကများ၊ ဖျားတဲ့သူကလည်းပါတော့ တော်တော်ဒုက္ခရောက်ကြတယ်။”ဟု ဆရာ ဒူးပီတာ ဆိုင်းဘူကဆိုသည်။
ညမှာထမင်းချက်ထားပြီး မိုးလင်းမှ ညနေမိုးချုပ်သည်အထိ လမ်းလျှောက်ကြသည်။ ညနားသည့်အချိန်မှ ထမင်းချက်စားကြသည်။ ၎င်းတို့သည် မိုးကားလုံလောက်အောင် မပါခဲ့သည့်အတွက် ညအချိန်၌လည်း သစ်ပင်အောက်မှာ ဒီတိုင်းအိပ်ခဲ့ရကြောင်း သိရသည်။ ၎င်းတို့ ဇွပ်မိုင်ဒေသခံများသည် အယောက် ၃၀၀ကျော်ဖြစ်ပြီး ကဆုန့်ကျေးရွာမှ ထွက်ပြေးလာသည့် ပြည်သူများအပါအဝင် လက်ရှိအချိန်တွင် နမ္မတီး၌ စစ်ဘေးဒုက္ခသည်ပေါင်း ၉၀၀ခန့် ရောက်ရှိနေပြီဖြစ်သည်။
မျက်မမြင်ဦးဆိုင်းအောင်လည်း အခြားထွက်ပြေးလာသည့် ရွာသားများနှင့်ပြိုင်တူလျှောက်သည်။ လမ်းတွင်ချော်လဲသော်လည်း ပြန်ထသည်။
“လမ်းလျှောက်တဲ့အချိန် ချောလဲပြီး နဖူးနဲ့ဝါးတိုက်မိတာ အဲတာတော့ တော်တော်နာတယ်။ အခုထိလည်း နာတုန်းပဲ။ မျက်မမြင်လည်း စားရတယ်ဆိုတော့ ဆန်ထည့်ထားတဲ့ ခြင်းတောင်းလည်း သယ်ရတယ်။ ထမင်းတော့ စားရတယ်။ ဟင်းကဆားပဲ။”ဟု ဦးဆိုင်းအောင်က ဆိုသည်။
လမ်းခရီးတွင် ဦးဆိုင်းအောင်နှင့်အလားတူ ကလေးမိခင်များကလည်း ကလေးငယ်များကို ပိုးခေါ်လာရသည့်အတွက် ပင်ပန်းခဲ့ကြသည်။
“လမ်းမှာလည်း အရမ်းခက်တယ်။ ကလေးက ပိုးရတာနဲ့ပလိုင်းက လွယ်ရတာနဲ့၊ ကလေးက နို့ဆာရင်နို့တိုက်ရသေးတယ်။”ဟု ဇွမ်မိုင်ကျေးရွာမှ ယခုနမ္မတီးမြို့ဦး ကစ်သလစ်ဘုရားကျောင်းတွင် ရောက်ရှိခိုလှုံနေသူ ကလေး ၄ယောက်မိခင် ဒေါ်ဂျာပန်ကဆိုသည်။
ထွက်ပြေးလာသူများထဲတွင် ကလေး (၇)ယောက်ဖခင် ဦးလဟာလနူးလည်း ပါဝင်သည်။ သူသည် သစ်ပင်ပေါ်ကပြုတ်ကျပြီး ခြေဆာသွားသူဖြစ်သည်။
သူသည်လည်း ဦးဆိုင်းအောင်နှင့်အတူ ၃ရက်ကြာ ခက်ခက်ခဲခဲ အသက်လုပြေးသူများတွင် ပါဝင်ခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သူဖြစ်သည်။
သူ့ကိုတော့ သူ့သားအပါအဝင် ကျေးရွာမှ အားကောင်းသည့် သူများက ၃ရက်တာ ကျောကုန်းပိုးပြီး ခေါ်ဆောင်လာခြင်း ဖြစ်သည်။
“အရမ်းပင်ပန်း စိတ်ဓာတ်ကျလာလို့ ထားခဲ့ပြီး၊ ခင်ဗျားတို့ပဲလွတ်အောင် သွားတော့လို့လည်း သူငယ်ချင်းတွေကို ပြောခဲ့သေးတယ်။”ဟု ဦးလနူးကဆိုသည်။
သူသည် ထိုသုံးရက်အတွင်း ပင်ပန်းလွန်းသည် သာမက ၎င်းကို ကျောကုန်းပိုးခေါ်ဆောင်ခဲ့သူများကိုလည်း အားနာလာသည့်အတွက် တောထဲမှာထားခဲ့ရန် ပြောခဲ့သော်လည်း သူ့သားနှင့်သူငယ်ချင်းများက မထားခဲ့ကြသည့်အတွက် ယခုစစ်ဘေးဒုက္ခသည်စခန်းတွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျွန်တော့်ကိုလည်း ငါ့သားအကြီးက ကျောကုန်းပိုးတယ်။ တောမှာကသူပဲပိုးတယ်။ လမ်းနည်းနည်း ကောင်းတဲ့ နေရာရောက်ရင်တော့ အခြားရွာသွားတွေ တစ်ယောက် တစ်လှည့်စီပိုးပြီး ရောက်လာတာ ဟုတ်တယ်။”ဟု ဦးလဟာလနူးကဆိုသည်။
နဂိုကတည်းက ရှိနေသည့်လမ်းမဟုတ်ပဲ လမ်းမရှိသည့်တောကိုဖြတ်ပြီး လမ်းလျှောက်ခဲ့ရသည့်အတွက် တကယ်ကို ခက်ခဲခဲ့ကြောင်း ထွက်ပြေးလာသည့် ပြည်သူများကဆိုကြသည်။
ဦးဆိုင်းအောင်သည် ယခုအချိန် စခန်းသို့ ရောက်ရှိသွားသော်လည်း အခက်အခဲများစွာဖြင့် ကြုံတွေ့နေရဆဲဖြစ်သည်။ နေအိမ်တွင် တစ်ယောက်ထဲနေပြီး အသက်ရှင်နိုင်သော်လည်း နေရာသစ်ဖြစ်သည့် ယခုစခန်းတွင် အလေးအပေါ့သွားခြင်းကအစ လူတစ်ယောက်၏အကူအညီ အမြဲတမ်းယူရတော့သည်။
“အိမ်မှာက တစ်ယောက်တည်း နေတာဟုတ်တယ်။ တစ်ယောက်တည်းချက်စားတာ။ ဘယ်မှာအိမ်ရှိတာ ဘယ်မှာအိမ်သာရှိတာ အကုန်မှတ်မိတယ်။ ဒီမှာက သွားလာဖို့ အခက်အခဲဖြစ်သွားပြီ။ အခုက အပေါ့အလေးသွားဖို့တောင် ကလေးတွေကို ခေါ်သွားရတာ။”ဟု ဦးဆိုင်းအောင်က ၎င်း၏ဒုက္ခကို ပြောပြသည်။
ယခုစစ်ဘေးဒုက္ခသည်များ ဘယ်လောက်ပင် ဒုက္ခများနေသည်ဖြစ်သော်လည်း ဒုက္ခခံနေရသည့် ဒုက္ခသည်ချင်းတူနေသော်လည်း မျက်မမြင် တစ်ဦးဖြစ်သော တကျော့ပြန်စစ်ဘေးဒုက္ခသည် ဦးဆိုင်းအောင်သည် အာမခံချက်ရှိသည့် ငြိမ်းချမ်းရေးရပြီဆိုမှ နေရပ်အိမ်ကိုပြန်မည်ဟု ခံယူထားလိုက်သူဖြစ်သည်။
“အခုက အမှန်တကယ်ငြိမ်းချမ်းပြီး အာမခံချက်ရှိပြီဆိုမှ ပြန်တော့မယ်။ ကျွန်တော် မျက်မမြင်က ကိစ္စမရှိဘူး။ မျက်မမြင် မဟုတ်တဲ့သူတွေ သူငယ်ချင်းတွေကို ဒုက္ခပေးမိတာကို အားနာတယ်။ ကျွန်တော်ကတော့ ဆွဲခေါ်တဲ့နောက် လိုက်ရုံပဲ။”