ထွက်ပြေးတိမ်းရှောင်ပြီးနောက် နေရပ်ပြန်အခြေချနေထိုင်ခဲ့သည့် ကဆုန့်ရွာသားများ ပြန်လည်ထွက်ပြေးရန်ပြင်ဆင်
မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအနီးရှိ ကေအိုင်အေ တပ်ရင်း (၁၁)ဘက်တွင် တိုက်ပွဲများပြင်းထန်လာနေ၍ စစ်ဘေးဒုက္ခသည်စခန်းမှ နေရပ်ပြန် နေထိုင်ခဲ့သောကျေးရွာပြည်သူအများစုမှာ ကျေးရွာဘုရားကျောင်း၌ စုရုံးပြီး နေနေကြရကြောင်း ယင်းကျေးရွာမှ သင်းထောက်ဆရာ ဦးလဂျောင်ကပြောသည်။
ကဆုန့်ရွာသားများသည် လွန်ခဲ့သည့်နှစ် ၂၀၁၇၊ သြဂုတ်လ ၁၁ရက်နေ့ တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၁တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က နမ္မတီးသို့ တိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲငြိမ်သွားပြီးနောက် ဘာသာရေးခေါင်းဆောင်များနှင့် PCGအဖွဲ့တို့က အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ မူလရွာဖြစ်သည့် ကဆုန့်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်သူများဖြစ်သည်။
“ရွာကနေ လက်နက်ကြီးသံတွေကြားနေရတယ်၊ ဒီနေ့ဆိုလေယာဉ်နဲ့လည်းလာပစ်တယ်၊ ရွာသားတွေကတော့ အားလုံးကြောက်လှန့်ပြီး ဘုရားကျောင်းမှာ စုနေကြတာ အားလုံးတစ်ထောင်နီးပါးရှိတယ်၊ ကျွန်တော်တို့ကို ကူညီပေးကြဖို့ အသင်းတော်အသီးသီးကို အကြောင်းကြားထားတယ်၊ PCG (ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့) ကိုလည်း အကြောင်းကြား ထားတယ်” ဟု ဦးလဂျောင် ဆိုသည်။
ထို့အပြင်ထွက်ပြေးတိမ်းရှောင်ဖို့ဆိုရင်လည်း မိုးချုပ်နေပြီဖြစ်သဖြင့် တိုက်ပွဲအခြေအနေကို စောင့်ကြည့်၍သာနေကြရကြောင်း တပ်မတော်ဘက်ကတော့ ကျေးရွာပြည်သူများ တိမ်းရှောင်ရန်မလိုကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ဦးလဂျောင်က ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) မှ ဦးလမိုင်ဂွန်ဂျာကတော့ ကဆုန့်ကျေးရွာပြည်သူများက ဆက်သွယ်လာသောကြောင့် အကူအညီပေးနိုင်ရန် နည်းလမ်းရှာနေသည်ဟု ဆိုသည်။
“တပ်ကိုခွင့်သွားတောင်းပြီး သူတို့ကိုသွားခေါ်ထုတ်ဖို့ ဆိုရင်လည်း တပ်ဘက်က PCG နဲ့ KBC ကိုမတွေ့ချင်ဘူး ပြောထားတော့ ကျွန်တော်တို့လည်း အခက်အခဲ ဖြစ်နေတယ်၊ ဒါကြောင့် (ကဆုန်)ပြည်သူတွေ လမ်းကြောင်း တစ်ခုခုကနေ မြို့ဘက်ကိုထွက်လာပြီးမှ လမ်းတဝက်ကနေ ကျွန်တော်တို့ ပြန်သွားကြိုတာမျိုးလုပ်ရင် ကောင်းမလား၊ ဘယ်လိုလုပ်မလဲဆိုတာ တိုင်ပင်နေကြပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါကဆုန့်ပြည်သူများမှာ လွန်ခဲ့သည့်နှစ် ၂၀၁၇၊ သြဂုတ်လ ၁၁ရက်နေ့၌ တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၁တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က နမ္မတီးသို့ ထွက်ပြေးခဲ့ရပြီး သြဂုတ်လ ၂၂ ရက်နေ့တွင် ရွာသို့ပြန်လာနိုင်ခဲ့သော ပထမဆုံးနေရပ်ပြန်နိုင်ခဲ့ကြသည့် ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ကြသည်။
ယခုတဖန်စစ်ဘေးတိမ်းရှောင်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။