ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခံထားရသူ ဆရာမင်ဆိုင်း ယနေ့ရုံးထုတ်
၂၀၁၃ ခုနှစ်က အင်ခါဂါးမှာ တိုက်ပွဲဖြစ်ပွားချိန် ကေအိုင်အေ သတင်းပေးလုပ်ခဲ့သူဟု စွပ်စွဲခံထားရတဲ့ ဆရာမင်းဆိုင်းရဲ့အမှုကို ဒီနေ့ မချမ်းဘော့တရားရုံးမှာ အမှုဆွဲတင်ခဲ့ပါတယ်။
အမှုကို မချမ်းဘော့မြို့တွင် အခြေစိုက်တဲ့ ခလရ(၁၃၇)မှ ဗိုလ်ကြီးသက်ထွန်းအောင် တရားလိုလုပ်ပြီး အမှုဖွင့်စွပ်စွဲထားခြင်းဖြစ်ပါတယ်။
ဒီနေ့တရားရုံးတွင် ပူတာအိုနှင့် မချမ်းဘော့မြို့နယ်မှ ဒေသခံများ အယောက် ၁၀၀ကျော် ခန့် တရားရုံးချိန်းကို လာရောက်ကြည့်ရှုကြားနာခဲ့ကြပါတယ်။
ဆရာမင်ဆိုင်းဟာ ဘာသာရေးဆရာဟောင်းဖြစ်ပြီး ယခုအချိန် ပူတာအိုတွင် အခြေစိုက်တဲ့လူထုအခြေပြု နမ်ရှနီလူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းကို ဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
ဆရာမင်ဆိုင်းဟာ အင်ခါဂါးကျေးရွာ သာမက ကြွက်ဘေးဆိုက်၍ အစာငတ်မွတ်ခေါင်းပါးမှုကျရောက်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှစတင်ပြီး မချမ်းဘော့မြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၇ ရွာတွင် စပါးဘဏ်များပြုလုပ်ခြင်းဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသလူလည်း ဖြစ်ပါတယ်။
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့သတ်မှတ်မယ့် ကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းထားသော ကွင်းဆင်းစစ်ဆေးအဖွဲ့တွင် Third party အနေဖြင့် ဆရာမင်ဆိုင်းပါဝင်ပါတယ်။
ဆရာမင်ဆိုင်းဟာ ကလေး ၃ယောက်ရဲ့ ဖခင်ဖြစ်ပြီး ပူတာအိုတွင် အခြေစိုက်ကာ လူထုဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဆရာမင်ဆိုင်းအမှုကို ယခုလ ၂၇ ရက်နေ့တွင် ပြန်လည်ရုံးချိန်းလိုက်ပါတယ်။