ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သားတစ်ဦး သေဆုံး
–
စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်း ၃ နာရီခွဲအချိန်ခန့်၌ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ TNLA တပ်သားတစ်ဦး သေဆုံးကြောင်း သိရသည်။
လေယာဉ်ဗုံးသည် ကွတ်ခိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းအနီးရှိ အခွန်ရုံးနှင့် အရပ်သားလူနေအိမ်များ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အခွန်းရုံးမှ TNLA တပ်သားတစ်ဦး သေဆုံးကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။ လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
ဗုံး (၃) လုံးထက်မနည်း ကျရောက်ပေါက်ကွဲသည်ဟု ကွတ်ခိုင်ဒေသခံက ဆိုပြီး၊ စစ်ကောင်စီကြဲချသည့် ဗုံးများသည် ဆင့်ကဲပေါက်ကွဲမှုများရှိနေ၍ ကျရောက်ပေါက်ကွဲခဲ့သည့် ဗုံးအလုံးရေ အတိအကျ မသိကြောင်းလည်း ပြောပါသည်။
ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့သည့် မြို့ဖြစ်ပြီး၊ စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့မဈေးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုနှင့် မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။