ကျောင်းသားတပ်မတော် (ABSDF) ဖွဲ့စည်းခြင်း (၃၆) နှစ်ပြည့် အခမ်းနားကျင်းပ
–
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၊ မြောက်ပိုင်းဗဟိုဌာနချုပ်၊ စစ်ကြောင်း (၂) နဲ့ စစ်ကြောင်း (၃) စတဲ့ နယ်မြေဒေသ အသီးသီးမှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းဘက်မှာ အခြေပြုလှုပ်ရှားနေတဲ့ ABSDF Column – 3 အမှတ် (၃) စစ်ကြောင်းကတော့ အခမ်းအနားမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကြောင်းမှူး ရဲဘော်မင်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ စစ်ကြောင်း (၃) က ပြန်ကြားရေးရဲဘော် ပြည့်ဖြိုးကျော်က ပြောပါတယ်။
အဲ့ဒီနောက် အဖွဲ့အစည်းအသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခြင်း ပြုလုပ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
“အဓိကကတော့ ဒေသခံပြည်သူတွေရယ်၊ တခြားအဖွဲ့စည်းတွေရယ်နဲ့ ကျေးရွာ ပကဖ၊ ပအဖ အဖွဲ့တွေလည်း တက်ရောက်ခဲ့ကြတယ်”လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်၊ စစ်ကိုင်းတိုင်းအစပ်တွေမှာ အခြေပြုလှုပ်ရှားနေတဲ့ ABSDF Column-2 စစ်ကြောင်း (၂) ကလည်း ရှမ်းမြောက်တစ်နေရာမှာ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာကာက ပြောပါတယ်။
“ပထမအနေနဲ့ ကျွန်တော်တို့ တပ်ဦးအလံတော်ကို အလေးပြုတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ သစ္စာအဓိဌာန် (၄) ချက်ကို ဆိုတယ်ပေါ့နော်။ အဲ့တာပြီးမှ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းတွေ၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတွေ ဟောပြောတယ်။ ပေးပို့လာတဲ့ သဝဏ်လွှာတွေဖတ်ကြားတယ်။ အဲ့တာပြီးတော့ ရှေ့ဆက်လုပ်ဆောင်မဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ပြောခဲ့ကြတယ်။”လို့ ဆိုပါတယ်။
အဲ့ဒီအပြင် အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) မှာလည်း ဘုံကထိန်ခင်းခဲ့ကြသေးတယ်လို့လည်း ပြောပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ အခြေချတဲ့ အမှတ် (၁) စစ်ကြောင်းကတော့ လက်ရှိ စစ်ရေးအခြေနေတွေကြောင့် အကျဉ်းအရုံးကျင်းပဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဟာ ၁၉၈၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံ တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဦးဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေ နေဆဲဖြစ်ပါတယ်။