ကန့်ဘလူနဲ့ ရေဦးမြို့နယ်အစပ်မှာ စစ်ကောင်စီစစ်ကြောင်းတွေ မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ပြည်သူ (၃၀) ကျော် မလွတ်သေး
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကိုလည်း ဖမ်းဆီးထားတဲ့အပြင် ရေဦးမြို့နယ်ထဲက ပင်စိမ်းခင်းရွာနဲ့ မုံလှစံပြကျေးရွာက ခရစ်ယာန်ဘုရားကျောင်းကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကျောက်တိုင်နဲ့ ကျီစုရွာကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။ အလားတူ အောက်တိုဘာ ၃၀ ရက်နေ့၊ မနက် ၆ နာရီအချိန်လောက်မှာလည်း ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ စစ်ကောင်စီတပ်စခန်းမှာ ရောက်ရှိနေတဲ့ စစ်သားနဲ့ပျူစောထီးအင်အား (၁၃၀) လောက်က အိုင်ပေါင်းချောင်ကျေးရွာ၊ ကျီစုကျေးရွာ၊ ကျောက်တိုင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး၊ ပြည်သူတွေရဲ့ ပစ္စည်းတွေသိမ်းယူခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
အဲ့ဒီနောက် ကျောက်တိုင်နဲ့ ကျီစုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ကျေးရွာက အမျိုးသား (၃၄) ဦးနဲ့ အမျိုးသမီး (၃) ဦးကို ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားပြီး၊ ပစ္စည်းများနဲ့အတူ ကာဘိုးပျူစောထီးအထိုင်စခန်းကတဆင့် ကန့်ဘလူ ၆၀၀၆ တပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“အိုင်ပေါင်းချောင်ရွာ ဘုန်းကြီးကျောင်းထဲ စစ်ရှောင်နေချိန် မိသွားတယ်လို့ သိရတယ်။ ယောကျာ်းသား (၃၄) ဦး၊ အမျိုးသမီး (၃) ဦး ပေါင်း (၃၇) ဦးကို PDF နဲ့ ပက်သက်ဆက်နွယ်တယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတယ်လို့ သိရပါ တယ်။ အခုချိန်ထိမလွတ်သေးဘူး။ ကန့်ဘလူ (၆၀၀၆) ကို ဖမ်းခေါ်သွားတယ်။”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျောက်တိုင်ရွာက ဘုန်းကြီးကျောင်း (၁) ကျောင်း၊ စာသင်ဆောင်တစ်ဆောင်နဲ့ ကျီစုရွာက ဘုန်းကြီးကျောင်းနှစ်ကျောင်းအပြင် အဆိုပါရွာနှစ်ရွာက အိမ်ခြေ (၇၀၀) လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကန့်ဘလူနယ်က ကျောက်တိုင်နဲ့ ကျီစုရွာကို မီးရှို့နေစဉ် ရေဦးမြို့နယ်ထဲက ပင်စိမ်းခင်ရွာနဲ့ မုံလှကျေးရွာကို ဒရုန်းနဲ့ဗုံးလေးလုံး ကြဲချတိုက်ခိုက်သေးတယ်လို့လည်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ဆီကနေ သိရပါတယ်။
“ကျောက်တိုင်ရွာကို မီးရှို့နေချိန် Drone တွေနဲ့ ရေဦးနယ်မြောက်ဘက်ခြမ်း ပင်စိမ်းခင်းရွာထဲကို ဗုံးနှစ်လုံး အရင်ကြဲချတိုက်ခိုက်တယ်။ ပင်စိမ်းခင်းကို ဗုံးကြဲတိုက်ခိုက်ပြီး၊ မုံလှရွာ ခရစ်ယာန်ဘုရားကျောင်းကို ဗုံးသီးနှစ်လုံး ထပ်ကြဲချတိုက်ခိုက်ခဲ့တယ်။ ကာဘိုးကနေ စစ်ကြောင်းစထွက်လာကတည်းက ပြည်သူတွေကို ကြိုထုတ်ထားတော့ ပြည်သူတွေ ထိခိုက်တာ မရှိခဲ့ဘူး။”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးသီးတွေကြောင့် မုံလှကျေးရွာက ဘုရားကျောင်းခေါင်းလောင်စင်နဲ့ ကျောင်းဆောင်အတွင်းက မျက်နှာကြက်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ ကာဘိုးရွာအထိုင်စခန်းမှာပဲ ရှိနေသေးတဲ့အတွက် အနီးနားဝန်းကျင်က ကျေးရွာပြည်သူ တစ်သောင်းကျော်လောက်ဟာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။