မြစ်ကြီးနားမြို့အတွက် ယာဉ်ထိန်းရဲဝါသနာပါသူများကို ဖိတ်ခေါ်
မြစ်ကြီးနားမြို့တော်လူဦးရေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ညီမျှမှု မရှိသေးသောကြောင့် ယာဉ်ထန်းရဲတပ်ဖွဲ့သို့ ဝင်ချင်သူများကို လက်ခံစုဆောင်းကာ ရဲသင်တန်းကျောင်းသို့ ပို့ဆောင်ပေးလျှက်ရှိကြောင်း အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှသိရသည်။
ယာဉ်ထိန်းရဲအဖြစ်လျှောက်မည့်သူများသည် အသက် (၁၈)နှစ်နှင့် (၂၅)နှစ် ကြားရှိရမည်ဖြစ်ပြီး အမျိုးသားများမှာ ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းနှင့် အရပ် (၅)ပေ (၆) လက်မရှိရမည်ဖြစ်သလို အမျိုးသမီးဆိုပါက တက္ကသိုလ်ဒုတိယနှစ်အောင် နှင့် အရပ် (၅)ပေ (၄)လက်မ ရှိဖို့လိုအပ်ကြောင်း ထိုအပြင် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရမည်ဖြစ်ပြီး အမြင်အာရုံအားနည်းခြင်းနှင့် ဆေးမင်ကြောင်ကင်းရှင်းနေဖို့ လိုမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
“ကျွန်တော်တို့က ဒီမှာ ပဏာမအရင်စစ်ဆေးတယ်၊ အသက်ကျော်မကျော်၊ ထောက်ခံချက်တွေပြည့်စုံမှုရှိမရှိ စိစစ်တယ်၊ အားလုံးကိုက်ညီလို့ရှိရင် တပ်သားသစ်ခန့်တယ်၊ ပြီးရင် သင်တန်းကျောင်းကို ပို့ပေးတယ်၊ သင်တန်းက ရမည်းသင်းရယ် ဝက်ထီးကန်ရယ် နောက်ပြီး ရှမ်းပြည်မှာရှိတယ်၊ သင်တန်းက (၆)လ တက်ရမယ်” ဟု အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ (တပ်ဖွဲ့စုမှူး) ဒုရဲမှူး ကျော်စိုးဦး ကပြောသည်။
ရဲသင်တန်းကျောင်း တက်ရောက်ပြီးပါက အမျိုးသားဆိုလျှင် ရဲတပ်ရင်းတွင် တစ်နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အမျိုးသမီးများမှာ ရဲတပ်ရင်းသို့သွားရန်မလိုပဲ နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ပြန်ရောက်ကြောင်း မြစ်ကြီးနားယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုဆောင်းပို့လိုက်သူဖြစ်ပါက မြစ်ကြီးနားယာဉ်ထိန်းရဲတပ်ဖွဲ့ ဆီပြန်ရောက်ခြင်းဖြစ်ပြီး ဝါသနာပါသည့်သူများကို ဖိတ်ခေါ်လျှက်ရှိကြောင်း ဒုရဲမှူး က ဆိုသည်။