အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်အနီးရှိ ကျေးရွာပြည်သူများ တိမ်းရှောင်နေ
–
တိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်သည့်အတွက် တရုတ် – မြန်မာနယ်စပ် ကံပိုင်တည်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများ တိမ်းရှောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ရက်နေ့က KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့အနီးတဝိုက်မှ ပြည်သူများ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း စစ်ရှောင်မိသားစုဝင်တစ်ဦးက ဆိုသည်။
မြစ်ကြီးနားဘက်သို့ ရှောင်မည့်ပြည်သူများကို အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ် တည်ရှိသည့် ဝေါ့ချုံးရွာဂိတ်၌ ပိတ်ဆို့ထားပြီး တဖြည်းဖြည်းချင်းသာ ထွက်ခွါခွင့်ပြုနေကြောင်း ပြောသည်။
“ကားလမ်းကဖွင့်လိုက်၊ ပိတ်လိုက်နေမှာ။ ဝေါ့ချုံးမှာ တစ်သီကြီး ပိတ်မိနေတယ်တဲ့။ အမေတို့ကား (၃) စီးလောက်ပဲ လွတ်လာတယ်တဲ့။”ဟု သတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၁၇ ရက်နေ့က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်း၏ ကာကင်းစခန်းကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားပြီဖြစ်ပြီး BGF တပ်ရင်းတည်ရှိသည့် ဝေါ့ချုံးကျေးရွာမှ ပြည်သူများလည်း ရွာကိုစွန့်ခွါနေကြပြီဖြစ်ကြောင်း ၎င်းကဆက်ဆိုသည်။
“ဝေါ့ချုံးရွာနဲ့ လဖိုင်ရွာကြား တံတားညီနောင်ဆိုတာ ရှိတယ်။ အဲ့နားတွေလည်း KIA ဘက်က သိမ်းလိုက်ပြီ ပြောတယ်။ ဝေါ့ချုံးရွာကလူတွေက အိမ်စောင့်တယောက်လောက်ပဲ နေကြတယ်နေမှာ။ တချို့ဆို မနေကြလောက်ဘူး။”ဟု ဒေသခံနှင့် အဆက်အသွယ်ရသည့် သတင်းရင်းမြစ်က ပြောသည်။
ကံပိုင်တည်မြို့ရှိ ဒေသခံများနှင့် တရုတ်နိုင်ငံသားများလည်း ယမန်နေ့ကတည်းက ထွက်ခွါနေကြပြီ ဖြစ်ကြောင်းလည်း ဒေသတွင်းနေထိုင်သူများထံမှတစ်ဆင့် သိရှိရသည်။
ကချင်ပြည်နယ်အထူးဒေသ (၁) အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ကံပိုင်တည်နှင့် တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့တို့ကို KIA သိမ်းပိုက်ပြီးဖြစ်သည်။