ကိုယ်ဝန်ဆောင်မိခင်များ၊ လသားအရွယ်ကလေးမိခင်များနှင့် လူနာများအပါအဝင် တကွဲတပြား ထွက်ပြေးပုန်းရှောင်နေရဆဲ
တိုက်ပွဲကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ့် ကျေးရွာအနီးတွင် ထွက်ပြေးပုန်းရှောင်နေသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ လသားအရွယ်ကလေးမိခင်များ၊ ဖျားနာနေသူများ၊ လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် ယနေ့ ဧပြီလ ၁၇ရက်နေ့တွင် အောင်လောဒ့် ကျေးရွာသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာ၍ တောထဲသို့ ဖရိုဖရဲပြန်လည် ထွက်ပြေးပုန်းရှောင် သွားကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အောင်လောဒ့်၊ ဆွတ်ရိန်၊ ဆွတ်ရာ စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ အယောက် ၂ထောင်ခန့်သည် ဧပြီလ ၁၁နေ့မှစတင်၍ ယနေ့ထိ တောထဲထွက်ပြေးပုန်းရှောင်နေရဆဲဖြစ်ပြီး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီမှ အတွင်းရေးမှူး ဆရာမုန်ဒန်က ဆိုသည်။
“အစကတော့ လမ်းမလျှောက်နိုင်တဲ့အဖွဲ့တွေက အောင်လောဒ့်ကျေးရွာမှ ၃မိုင်လောက်ဝေးတဲ့ လယ်တောမှာနေနေတာ။ အဲအဖွဲ့မှာ အားလုံး ၇၆၀ယောက်ရှိတယ်။ ဒီနေ့မနက်ရွာထဲ တပ်မတော်က ဝင်လာတော့ အရမ်းနီးပြီဆိုပြီး တောထဲ ဖရိုဖရဲထွက်သွားကြပြီ။ အဖွဲ့တွေကွဲသွားကြပြီ။ ဆရာတွေတောင် ထိန်းလို့မရတော့ဘူး။ အဲအဖွဲ့မှာ လသားကလေးအမေတွေ၊ ကိုယ်ဝန်သည်မိခင်တွေ၊ ဖျားနာနေသူတွေ၊ အသက်ကြီးတဲ့သူတွေ ပါတယ်။ မိုင်းထိထားတဲ့ တစ်ယောက်ကိုလည်း ဒီတိုင်းပဲ ထမ်းပြီးခေါ်သွားကြတယ်။”ဟု ဆရာမုန်ဒန်ကဆိုသည်။
ယခုအချိန်တွင် ထွက်ပြေးပုန်းရှောင်နေသည့် ဒုက္ခသည်များသည် အဖွဲ့သုံးဖွဲ့ကွဲပြီး ထွက်ပြေးနေကြကြောင်းလည်း သိရသည်။ ထိုအဖွဲ့ သုံးဖွဲ့မှ တစ်ဖွဲ့သည် ယနေ့ ထပ်မံပြောင်းရွှေ့ပုန်းရှောင်သွားကြသော လမ်းမလျှောက်နိုင်သည့်အဖွဲ့ဖြစ်ကြောင်း ဆရာမုန်ဒန်ကဆိုသည်။ထိုပိတ်မိနေသည့် ဒုက္ခသည်များကို ကယ်ထုတ်နိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ယခုလ ၁၄ရက်နေ့၌ စာရေးတင်ပြထားသော်လည်း ယခုထိ ဘာမှအကြောင်းမကြားလာသေးကြောင်း ဆရာမုန်ဒုန်ကဆိုသည်။ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း ဒေါက်တာဆမ်ဆွန်မှလည်း ဒုက္ခသည်များကို ကယ်ထုတ်နိုင်ရန် ကြိုးစားနေပြီး နိုင်ငံတော် သမ္မတထံလည်း အကြောင်းကြားထားပြီဖြစ်ကြောင်း ဆိုထားသည်။
အဆိုပါ ဒုက္ခသည်များကိုကူညီရန် ကုန်းလမ်းနှင့်ရေလမ်း နှစ်လမ်းသွားလို့ရသော်လည်း ကုန်းလမ်းတွင် တိုက်ပွဲဖြစ်နေသည့်အတွက် သွားလာရန်ခက်ခဲ၍ ရေကြောင်းဖြင့်သွားမည်ဆိုသော်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့နှင့် အစိုးရ၏ခွင့်ပြုချက်များ လိုအပ်မည်ဖြစ်ကြောင်း ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးနော်တောင်ကဆိုသည်။
တနိုင်းမြို့နယ် အောင်လောဒ့်ကျေးရွာဘက်တွင် ဧပြီလ ၁၁ရက်မှစတင်၍ တပ်မတော်နှင့်ကေအိုင်အေတို့ကြား တိုက်ပွဲများပြင်းထန်လာခဲ့သည်မှာ ယနေ့အထိဖြစ်သည်။