ကချင်ပြည်နယ် အကျဉ်းထောင်များမှ နိုင်ငံတော် သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား တစ်ထောင်ခန့် လွတ်မြောက် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေသူ အများဆုံးပါဝင်
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကချင်ပြည်နယ်ရှိအကျဉ်းထောင်များ၊ စခန်းများမှ အကျဉ်းသူ/သား (၉၇၄)ယောက် လွတ်မြောက်လာခဲ့ပြီး မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ အများဆုံးပါဝင်ခဲ့သည်။
လွတ်မြောက်လာသူ (၉၇၄) ယောက်မှ (၉၄၇) ယောက်သည် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေသူများဖြစ်သည်။
မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသူ စုစုပေါင်း (၄၉၁) ဦး၊ ဗန်းမော်ထောင်မှ (၁၅၁) ဦး၊ မိုးညှင်းထောင်မှ (၂၀၃) ဦး၊ ပူတာအိုထောင်မှ (၃၃) ဦးနှင့် မလိခ (ပိတောက်စခန်း) မှ (၉၆)ဦး လွတ်မြောက်ခဲ့ကြသည်။
အခြားလွတ်မြောက်လာသူများမှာ အသက် ခုနှစ်ဆယ်ငါးနှစ်မှ ရှစ်ဆယ်နှစ်အထက်အရွယ် (၁၈) ဦး၊ နာမကျန်း ဖြစ်နေသူ (၁) ဦး၊ AAPP (၂) ဦး၊ တပ်မတော်အက်ဖြင့် (၇၉)ဦးနှင့် ရဲစည်းကမ်းအက်ဖြင့် (၇) ဦးတို့ ဖြစ်ကြသည်။
မြန်မာ့နှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသူ/သား (၈၄၉၀)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ (၅၁)ဦးတို့ကို စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။