စစ်ရေးတင်းမာနေတဲ့ ဖားကန့်မှာ အရပ်သားထိခိုက်သေဆုံးမှု (၂၀) ကျော်လာ
–
ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးသူအရေအတွက် (၂၀) ကျော်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရှိ ရပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့က ရရှိထားတဲ့ မှတ်တမ်းဗီဒီယိုဓာတ်ပုံတွေအရ Lucky Men ဟိုတယ်အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံရလို့ သေဆုံးနေတဲ့ ရုပ်အလောင်းဟာ (၁၀) လောင်းကျော်ရှိတယ်လို့ ဆိုင်းတောင်ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဟိုတယ် အနောက်လမ်းကြားထဲမှာ သတ်ထားတာ။ (၁၀) ယောက်ကျော်တယ်။ တစ်နေရာတည်းမှာပဲ။ ဟိုတယ်ထဲမှာ များတယ်။”လို့ ဒေသခံက ပြောပါတယ်။
ဟိုတယ်ထဲမှာလည်း သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ ထပ်ရှိနိုင်သေးတယ်လို့ ဆိုင်းတောင်ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာလည်း လေယာဉ်ဗုံးကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးတယ်လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုပါတယ်။
“လေယာဉ်လာပစ်တဲ့အချိန် သူတို့နှစ်ယောက်က မြေစာပုံပေါ်ကနေတက်ပြီး ကြည့်တာ။ သူတို့နားဗုံးလာကျတာ”လို့ သေဆုံးသူရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။
အထက်ပါ ဖြစ်စဉ်တွေအတွင်း သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ မပါဘဲ၊ တိုက်ပွဲစတဲ့ စက်တင်ဘာ ၇ ရက်နေ့ကနေ စစ်ကောင်စီလေကြောင်းနဲ့ စတင်တိုက်ခိုက်ခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့အထိ လက်နက်ကြီးနဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ နောက်ထပ်ရုပ်အလောင်း (၈) လောင်းကို ပရဟိတအဖွဲ့တွေ သယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ ဆိုင်းတောင်ကျေးရွာအတွင်းမှာ ပရဟိတ ကယ်ဆယ်ရေးအသင်းတွေ ကောက်ယူနိုင်တဲ့ ရုပ်အလောင်းတွေရှိသလို မကောက်နိုင်သေးတဲ့ ရုပ်အလောင်းတွေလည်း ထပ်ရှိနေသေးတယ်လို့ သိရှိရပါတယ်။
မနေ့က စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးနဲ့ သက်ကြီးပိုင်းတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ပြီး အခြားပြည်သူ (၅) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။